ဩစတြေးလျနိုင်ငံရဲ့ မဲပေးစနစ်ဟာ နှစ်သက်ရာအလိုက် မဲပေးခြင်းစနစ် preferential voting system ကို ကျင့်သုံးပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တင်မြောက်ကြတာ ဖြစ်ပါတယ်။
ဒီစနစ်ဟာ အမေရိကန်နိုင်ငံ၊ ယူကေ၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံတွေမှာ ကျင့်သုံးတဲ့ past-the post system နဲ့ ကွာခြားပါတယ်။
နှစ်သက်ရာအလိုက် မဲပေးခြင်း preferential voting မှာ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲစာရွက်ပေါ်မှာ ဖော်ပြထားပြီး မဲစာရွက်ပေါ်က ကိုယ်စားလှယ်ကိုကြည့်ပြီး မဲပေးသူတွေက အကြိုက်ဆုံး ပုဂ္ဂိုလ်ကို နံပတ် ၁ နံပတ် ၂ စသည်ဖြင့် ကြိုက်နှစ်သက်ရာ အစဥ်အလိုက် ရွေးချယ်တဲ့နည်း ဖြစ်ပါတယ်။
မဲရုံကို လာတဲ့အခါကြရင် မဲစာရွက် ၂ ခု လက်ခံရရှိမှာ ဖြစ်ပါတယ်။ တခုကတော့ အစိမ်းရောင် စာရွက် သေးသေးလေးဖြစ်ပြီး အစိမ်းရောင် မဲစာရွက်ကတော့ အောက်လွှတ်တော်အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အဖြူရောင် မဲစာရွက်ဖြစ်ပြီး သင်နေထိုင်ရာဒေသအပေါ်မူတည်ပြီး ရရှိတဲ့ မဲစာရွက်ဖြစ်ပါတယ်။ အဖြူရောင် မဲစာရွက်ကတော့ အထက်လွှတ်တော် ဆီးနိတ်အတွက် ဖြစ်ပါတယ်။