Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

ကိုဗစ်ကာလနောက်ပိုင်း စီးပွားရေးပြန်လည် ဦးမော့လာလို့ဆို

သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးဟာ ကိုဗစ်-၁၉ ကာလနောက်ပိုင်း ပြန်လည်ဦးမော့လာနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံရဲ့ စီးပွားရေးဟာ ထင်ထားတာထက် လျင်မြန်စွာ တိုးတက်လာပေမယ့် စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့လည်း ဘဏ္ဍာရေးဝန်ကြီး Josh Frydenberg က ပြောပါတယ်။

ဒီကြာသပတေးနေ့မှာပဲ ဝန်ကြီး Mr Frydenberg က နှစ်ဝက်ဘတ်ဂျက်ကို ကြေညာလိုက်တာဖြစ်ပြီး ဘတ်ဂျက်က အနှုတ် ဘီလီယံ ၂၀၀ မှာ ပြသနေတာဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက ခန့်မှန်းချက်အရ ဒေါ်လာ ၂၁၄ ဘီလီယံ လိုငွေပြမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အခုအခါမှာ ဘတ်ဂျက်က အနှုတ် ဘီလီယံ ၂၀၀ ရှိနေတာလို့ ပြောပါတယ်။ 

0:00

အလုပ်လက်မဲ့မှုနှုန်းဟာလည်း ၈% အောက်မှာ ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး အရင်တုန်းကတော့ ၁၀% ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြတာ ဖြစ်ပါတယ်။

ခန့်မှန်းထားတာထက် အခြေအနေကောင်းတာကတော့ JobKeeper အတွက် ရာထားတဲ့ငွေတွေ လျှော့သုံးရတာတွေနဲ့ iron ore ဈေးတွေ ကျဆင်းမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် သြစတြေးလျနိုင်ငံက လူတွေ သုံးဖြုန်းမှု လုပ်လာကြသလို လုပ်ငန်းခွင်လည်း ပြန်ဝင်နေကြပြီး နိုင်ငံတလွှားကို သွားလာမှု လုပ်လာကြပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

JobKeeper ထောက်ပံ့ကြေးအပေါ် မှီခိုရသူဦးရေဟာ အောက်တိုဘာလတုန်းက ၂.၂ သန်းရှိပြီး အခုအခါမှာတော့ ၁.၆ သန်းသာ ထောက်ပံ့ကြေးယူကြတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁.၃ သန်း အလုပ်ပြုတ်၊ အလုပ်နားခံရပေမယ့် အခုဆိုရင် အဲဒီလူဦးရေရဲ့ ၈၅% က အလုပ်ပြန်ဝင်နေကြပြီလို့ ဘတ်ဂျက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်းမှာ အလုပ်လက်မဲ့ ဦးရေက ၇.၅% လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အောက်တိုဘာလမှာ ခန့်မှန်းတုန်းကတော့ ၈% လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

စီးပွားရေးပြန်လည်ဦးမော့လာမှုဟာ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် ကိုဗစ်-၁၉  ကို အောင်နိုင်ခြင်း မရှိသေးတဲ့အတွက် စိန်ခေါ်မှုတွေ ဆက်လက်ရှိနေသေးပြီး စီးပွားရေးတိုးတက်မှုက ကိုဗစ်-၁၉  ကို ဘယ်လောက်အထိ ကိုင်တွယ်နိုင်သလဲ ဆိုတဲ့အပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။ 

အတိုက်အခံ လေဘာပါတီရဲ့ ဘဏ္ဍာရေးခေါင်းဆောင် Jim Chalmers  က အောက်တိုဘာ ဘတ်ဂျက်မှာ အစိုးရက အများကြီး သုံးစွဲခဲ့ပေမယ့် သြစတြေးလျံတွေ လုပ်ငန်းထဲကို လုံလောက်စွာ ပြန်ဝင်နိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဝေဖန်နေပါတယ်။

အကြွေးပေါင်း ထရီလျံနဲ့ချီ တင်လိုက်ပေမယ့် အဲဒီအတွက် လုံလောက်တဲ့ အလုပ်အကိုင်ကို ထုတ်ဖော်ပြသမှု မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ 

စီးပွားရေးက ပြန်လည်ဦးမော့လာပေမယ့် ခိုင်မာသင့်သလောက်၊ မြန်သင့်သလောက် အနေအထားမှာတော့ မရှိသေးဘူးလို့ ပြောပါတယ်။

စီးပွားရေက ပြန်လည်ဦးမော့စပြုလာပေမယ့် တဖက်မှာလည်း တရုတ်နဲ့ သြစတြေးလျအကြား ကုန်သွယ်ရေးမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။

သြစတြေးလျနိုင်ငံက ကုန်ပစ္စည်းတချို့ တင်သွင်းမှုကို တရုတ်က အခွန်တိုးမြင့်ကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရက ဖြေရှင်းပေးဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တိုင်တန်းထားပါတယ်။ 

ဒီကနေ့ ထုတ်ပြန်တဲ့ ဘတ်ဂျက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး ထောက်ပံ့ကူညီမှုတွေ ဆက်လုပ်နိုင်ဖို့ ၃.၂ ဘီလီယံ ချမှတ်ပေးမှာဖြစ်ပြီး မတ်လအထိ နှစ်ပတ်မှာ ဒေါ်လာ ၁၅၀ ပိုပြီး ကူညီထောက်ပံ့ဖို့ ရှိပါတယ်။

အရင်တုန်းက အလုပ်လက်မဲ့သူတွေကို နှစ်ပတ်မှာ ဒေါ်လာ ၅၅၀ ပိုပေးထားပေမယ့် နောက်ပိုင်းမှာ ၁၅၀ အထိ လျှော့ချမှာ ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ နှစ်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးပေါင်း ၆၁ သန်း ရရှိဖို့အတွက် ဒေါ်လာ ၁.၅ ဘီလီယံ သုံးစွဲထားပါတယ်။ 

သက်ကြီးစောင့်ရှောက်ရေးစင်တာနဲ့ နေအိမ်မှာပဲ ဆက်နေပြီး ပြုစုမှုခံယူမှု လုပ်ဖို့အတွက် နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ ချမှတ်ပေးမှာ ဖြစ်ပါတယ်။ 

ခရီးသွားအေဂျင်စီတွေ ပြန်လည်ဦးမော့လာစေဖို့ ဒေါ်လာ ၁၂၈ သန်း ချပေးဖို့ ရှိပါတယ်။

အခုလောလောဆယ် ဘတ်ဂျက်မှာ လိုငွေ ဘီလီယံ ၂၀၀ ပြသနေပေမယ့် ၂၀၂၃ - ၂၄ ကြရင် လိုငွေက ၆၆ ဘီလီယံလောက်ပဲ ပြသမယ်လို့ ခန့်မှန်းထားပါတယ်။

This story is also available in other languages.