Coming Up Sat 10:00 PM  AEDT
Coming Up Live in 
Live
Burmese radio

ကိုဗစ်-၁၉- ရောဂါရှိပေမယ့် လက္ခဏာမပြတာမျိုး ဘယ်လောက်အဖြစ်များလဲ၊ စိုးရိမ်ဖို့လိုပါသလား

Source: Getty Images

လေ့လာမှု နှစ်ခုအရ ဘာရောဂါလက္ခဏာမှ မပြပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း စမ်းသပ်တွေ့ရှိရမှုတွေ သိသိသာသာများလာနေတယ်လို့ တွေ့ရှိထားပါတယ်။ ရောဂါလက္ခဏာ ပြသည်ဖြစ်စေ မပြသည်ဖြစ်စေ လူတိုင်း ရောဂါရှိမရှိ စမ်းသပ်ခံယူတာမျိုး လုပ်သင့်မသင့် ပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။

အခုဆိုရင် ကိုဗစ်-၁၉  ရဲ့ ရောဂါလက္ခဏာ တွေကို စောင့်ကြည့်ဖို့အကြောင်း အဖျားကြီးရင်၊ ချောင်းခြောက်ဆိုးရင်၊ အသက်ရှုရခက်တာတွေ၊ မူးဝေခြင်း စတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့ ပြောဆိုထားပါတယ်။

ကိုဗစ်-၁၉  ရောဂါ လက္ခဏာ မပြပေမယ့် ရောဂါပိုး ရှိနေတဲ့ ကိစ္စတွေကို နိုင်ငံတချို့က လေ့လာနေပြီး အဲဒီအထဲမှာ အိုင်စလန်နိုင်ငံကအစ ဂျပန်၊ တရုတ်နဲ့ သြစတြေးလျအထိ ပါဝင်ပါတယ်။

JAMA Network Open စာတမ်းမှာ တရုတ်နိုင်ငံက သုတေသီတွေတွေ့ရှိချက်အရ လူနာ ၇၈ ယောက်ထဲမှာ ၄၂.၃% မှာ ဘာရောဂါ လက္ခဏာမှ မပြသကြဘူးဆိုတာကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Thorax မှာ ထုတ်ဝေဖော်ပြထားတဲ့ တခြား သြစတြေးလျံ သုတေသီတွေရဲ့ လေ့လာမှုတစ်ခုမှာလည်း  Greg Mortimer ဇိမ်ခံသင်္ဘောပေါ်မှာ လိုက်ပါတဲ့ လူ ၂၁၇ ရှိပြီး ရောဂါပိုး ရှိကြောင်း တွေ့ရှိခဲ့သူ ၁၀ ယောက်ထဲက ၈ ယောက်ကျော်ဟာ ဘာရောဂါ လက္ခဏမှ မရှိကြတဲ့ လူတွေ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။

Pre-symptomatic နဲ့ asymptomatic ကူးစက်မှု ဆိုတာ ဘာလဲ။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒီစကားလုံး နှစ်ခုရဲ့ ကွဲပြားမှုကို ဖော်ပြထားတာ ရှိပါတယ်။ 

Pre-symptomatic ဆိုတာ ရောဂါနဲ့ ထိတွေ့မှုရှိပြီ ဒါပေမဲ့ ရောဂါလက္ခဏာ မပြသေးခင် ကာလကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ လက္ခဏာပပြသေးရင်တောင် တခြားလူကို ကူးစက်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ လေ့လာမှုတွေအရ တချို့လူတွေဟာ ဘာရောဂါ လက္ခဏာမှ မပြသခင် ၁ ရက်ကနေ ၃ ရက်ကတည်းက ရောဂါပိုးရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Asymptomatic ကူးစက်မှုကတော့ ကိုဗစ်-၁၉  ရောဂါလက္ခဏာဘာမှ မရှိတဲ့ လူဆီကနေ ကူးစက်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ 

အဲလို လေ့လာတွေ့ရှိချက်တွေအပေါ် ပညာရှင်တွေ ဘယ်လို သုံးသပ်ထားသလဲ။ 

Kirby Institute ရဲ့ ဇီဝလုံခြုံရေး အစီအစဉ်ခေါင်းဆောင် ပါမောက္ခ Raina MacIntryre က " ရောဂါလက္ခဏာ မပြခင်လူနာဆီကနေရော၊ ရောဂါလက္ခဏာ ကင်းမဲ့သူဆီကနေပါ ကိုဗစ်-၁၉  ရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့ လုံလောက်ခိုင်မာတဲ့ သက်သေတွေ ရှိတယ်" လို့ ပြောပါတယ်။ 

သူမက သက်ကြီးစောင့်ရှောက်ရေးနဲ့ တခြားနေရာက ကူးစက်ပြန့်နှံ့မှုတွေအပေါ် ပြုလုပ်တဲ့ အချက်အလက်ကို အခြေခံ ပြောဆိုထားတာဖြစ်ပြီး အဲဒီလေ့လာမှုတွေမှာလည်း "ရောဂါပိုး တွေ့ရှိသူ လူပေါင်း ၅၀% ဒါမှမဟုတ် ၅၀% ကျော်ဟာ ဘာရောဂါ လက္ခဏာမှ မရှိတဲ့လူတွေဖြစ်ကြတယ်" လို့ တွေ့ရှိထားတာ ဖြစ်ပါတယ်။ 

မေလ အစောပိုင်းတုန်းက Grant Lodge လို့ ခေါ်တဲ့ မဲလ်ဘုန်းမြို့ Bacchus Marsh မြို့နယ်က သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ဘာရောဂါ လက္ခဏာမှာ မပြသတဲ့ အမှုထမ်းတစ်ယောက်မှာ ရောဂါပိုး ရှိနေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

"စမ်းသပ်စစ်ဆေးသင့်သလား မသင့်ဘူးလားဆိုတာကို စကားနိုင်လုပြီး ပြောဆိုဖို့တောင် မသင့်တော့ပါဘူး။ ရောဂါ ရှိသူနဲ့ ထိတွေ့မှု ရှိတဲ့ အခြေအနေမှာဆိုရင် မိသားစုဝင်ဖြစ်လို့ ထိတွေ့မှု ရှိတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်သဘောသဘာဝအရ ထိတွေ့မှု ရှိတာပဲ ဖြစ်ဖြစ် ရောဂါလက္ခဏာပြပြ မပြပြ စမ်းသပ်စစ်ဆေးမှုလုပ်သင့်ပါတယ်၊ အဲလို မလုပ်မိရင် ရောဂါရှိနေတာကို မသိလိုက်တာမျိုး ဖြစ်နိုင်တယ်" လို့ ပါမောက္ခ MacInyrte က ပြောပါတယ်။ 

"လူတွေဟာ ၁၀ ရက်-၁၄ ရက်အကြာလောက်မှာ ရောဂါပိုး တိုက်ခိုက်တဲ့ ပဋိပစ္စည်းတွေကို ထုတ်လုပ်တာဖြစ်တဲ့အတွက် ဆိုးဝါးတဲ့ ကပ်ရောဂါပြန့်ပွားမှုအတွင်း ပဋိဇီဝကို အခြေခံပြီး ပြုလုပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို အကန့်အသတ်နဲ့သာ အသုံးပြုနိုင်တာ ဖြစ်တယ်။" လို့လည်း ပြောပါတယ်။ 

တချို့ပညာရှင်တွေကတော့ ဘာကြောင့်တချို့လူတွေ ကိုဗစ်-၁၉  ရောဂါလက္ခဏ လုံးဝ ပေါ်မလာပဲ ရောဂါရှိနေတာမျိုး ဖြစ်နေရသလဲ ဆိုတာကို မရှင်းမလင်း ဖြစ်နေကြပါတယ်။

Sanjaya Senanayake ဟာ Australian National University က ကူးစက်ရောဂါဆိုင်ရာမှာ အထူးပြုသူ ဖြစ်ပါတယ်။

သူက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကို ကြည့်ပြီး ပြောဆိုတာဖြစ်ပြီး စာတမ်းရေးသားသူတွေက တချို့လူတွေမှာ ရောဂါရှိနေပေမယ့် ရောဂါလက္ခဏာမပြတဲ့အတွက် သီးသန့်ခွဲခြားနေထိုင်တာမျိုး မလုပ်တာ ဖြစ်မယ်ဆိုပြီး ယူဆထားပါတယ်။

"[သုတေသီတွေက] အဲလို ခွဲခြားနေထိုင်ခြင်း မလုပ်လို့ အဲဒီလူတွေကနေ တခြားလူတွေ ကူးစက်ခံရတာမျိုး ရှိမရှိ လေ့လာမှု မလုပ်ခဲ့ကြဘူး" လို့ သူက ပြောပါတယ်။ 

ဖေဖော်ဝါရီလတုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်တို့ ပူးပေါင်းပြီး WHO China Joint Mission အစီရင်ခစာထုတ်ပြန်ထားပြီး အဲဒီမှာ ဖော်ပြချက်အရ ရောဂါ လက္ခဏာမဲ့တဲ့ လူနာတွေဟာ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတာကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီလို လက္ခဏာပြသပြီးနောက် ဖျားနာနေမကောင်းတာမျိုး ဖြစ်မဖြစ်ဆိုတာကိုတော့ မသိရဘူးလို့ ပါမောက္ခ Senanayake က ပြောပါတယ်။ 

"အဲဒီလေ့လာမှုရဲ့ မပြည့်စုံမှုတစ်ခုက ရောဂါလက္ခဏာမရှိဘူး ဆိုတဲ့ လေ့လာချက်က ဘယ်လောက်အထိ မှန်ကန်သလဲ ဆိုတာကို လေ့လာမှုလုပ်ရာမှာ ကန့်သတ်မှု ရှိတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ တကယ်တော့ အဲဒီလူတွေဟာ ရောဂါရှိနေတဲ့ကြားက တအားကြီး နေထိုင်မကောင်းမဖြစ်တာတောင် ၁၀၀% နေထိုင်မကောင်းတာမျိုးကော ရှိနိုင်တဲ့အကြောင်း ဥပမာ ဒီအတိုင်းနားနေရင် လူကောင်းလိုပဲ ဖြစ်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ချင်စိတ် ရှိမနေတာမျိုးကော ခံစားခဲ့ရသလား ဆိုတာမျိုးတွေကို လေ့လာမှု မလုပ်ခဲ့တာမျိုး ဖြစ်ပါတယ်။

 "လေ့လာမှုတွေမှာ ရောဂါလက္ခဏာ မပြပဲ ရောဂါရှိနေတယ်ဆိုတဲ့ လူတွေရဲ့ပမာဏ တွေရှိချက် ကွာခြား လွန်းလို့" ကိုဗစ်-၁၉  ရောဂါနဲ့ ဆက်စပ်ပြီး ရောဂါလက္ခဏာ ဘာကြောင့်မပြရသလဲ ဆိုတာကို လေ့လာရာမှာ အဟန့်အတားတွေ ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

အိုင်စလန်ရဲ့ လေ့လာမှုအရ ဗိုင်းရပ်စ်ပိုး ရှိသူ ၅၀% ဟာ ရောဂါလက္ခဏာ မပြတဲ့လူတွေ ဖြစ်တယ်လို့ တွေ့ရှိထားပြီး ဂျပန်ရဲ့ လေ့လာမှုမှာတော့ ရောဂါလက္ခဏာ မပြတဲ့ ရောဂါပိုးရှိသူက ၃၀.၈% ရှိတယ်လို့ ပြောဆိုနေပြီး တရုတ်နိုင်ငံရဲ့ လေ့လာမှုမှာတော့ လူပေါင်း ၈၀%က ရောဂါလက္ခဏာ မရှိကြဘူးလို့ တွေ့ရှိထားတာ ဖြစ်ပါတယ်။ 

"ဘယ်ဟာက မှန်လဲ ဆိုတာကို သိဖို့ ခက်ပါတယ်။ ကိုဗစ်-၁၉  နဲ့ ဆက်စပ်ပြီး ရောဂါလက္ခဏာ မပြတာမျိုး ရှိတယ်ဆိုတာကို ပိုမိုနားလည်လာပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နေသလဲ၊ အဲလို ရောဂါလက္ခဏာ မပြတဲ့ လူတွေကနေ လူတွေ ဘယ်လောက်အထိ ကူးစက်ခံနေရသလဲ ဥပမာ တခြားလူတွေကို အများကြီး ဆင့်ပွားကူးစက်မှု ဖြစ်စေသလား၊ အနည်းအကျဉ်းပဲလား ဆိုတာတွေကို မသိရသေးဘူး" လို့ ဆိုပါတယ်။ 

"နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ဖျားနာတဲ့ ခရီးသည်တိုင်းအတွက် ရောဂါလက္ခဏာ မပြပေမယ့် ရောဂါရှိနေသူ လူ ၄ ဦး ရှိနေတဲ့သဘောမျိုး ဖြစ်နေတယ်။"လို့ ပြောပါတယ်။ 

Walter and Eliza Hall Institute of Medical Research ဌာနက ပါမောက္ခ Ivo Mueller ဟာ ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ရေးဆိုင်ရာ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူရှင်းပြထားတာကတော့ ရောဂါရှိနေပေမယ့်  ရောဂါလက္ခဏာ မပြပဲ ကိုဗစ်-၁၉  ကူးစက်ပြန့်ပွားမှုဖြစ်ခြင်းကို နားလည်အောင် လုပ်ခြင်းဟာ ရောဂါဘယ်လို ကူးစက်ပြန့်နှံ့သလဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်ကို သိဖို့အတွက် အရေးကြီးရုံသာမက အဲဒီအကြောင်းကို ကောင်းမွန်စွာ နားလည်ရင် "လာမယ့် လတွေအတွင်း ကိုဗစ်-၁၉  ဘယ်လို ကူးစက်ပြန့်နှံ့နိုင်သလဲ ဆိုတာကို ခန့်မှန်းတဲ့အခါမှာလည်း အထောက်အကူပြုစေနိုင်တယ်။" လို့ သူက ပြောပါတယ်။ 

"အဲဒါ့အပြင် ဒုတိယအကြော့ ရောဂါပြန့်ပွားမှုမဖြစ်အောင်၊ သေဆုံးမှု ပြန်များလာတာမျိုး မဖြစ်အောင် ကြိုတင်ကြားဝင် ဖြန်ဖြေမှုတွေ လုပ်စေနိုင်မှာ ဖြစ်တယ်။" လို့လည်း ဆိုပါတယ်။ 

Greg Mortimer ဇိမ်ခံသင်္ဘောပေါ်မှာ သြစတြေးလျံ ၉ ၆ ဦး လိုက်ပါပြီး စုစုပေါင်း လူ ၂၁၇ ဦးထဲမှာ လူပေါင်း ၁၂၈ ယောက်မှာ ကိုဗစ်-၁၉  ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိထားတာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ၁၂၈ ယောက်ထဲမှာ ၁၀၄ ယောက်က ဘာရောဂါလက္ခဏာမှ မပြသတဲ့လူတွေဖြစ်တဲ့အတွက် ရောဂါရှိသူ ၈၁% မှာ ဘာရောဂါလက္ခဏမှာ မပြတဲ့သဘော ဖြစ်ပါတယ်။ 

"နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ဖျားနာတဲ့ ခရီးသည်တိုင်းအတွက် ရောဂါလက္ခဏာ မပြပေမယ့် ရောဂါရှိနေသူ လူ ၄ ဦး ရှိနေတဲ့သဘောမျိုး ဖြစ်နေပါတယ်။ အဲလိုအခြေအနေမျိုး တခြားနေရာမှာ အလားတူ ဖြစ်နေရင်တော့ ရောဂါလက္ခဏပြမှ စမ်းသပ်မှုလုပ်တဲ့နိုင်ငံတွေမှာ ရောဂါကူးစက်ခံရသူဦးရေက လက်ရှိဖော်ပြတာထက် ၅ ဆ ပိုများနိုင်တဲ့ အနေအထား ဖြစ်နေတယ်။" လို့ ပါမောက္ခ Mueller က ပြောပါတယ်။ 

ပါမောက္ခ Mueller က "အသက်အရွယ်စုံ ရောဂါလက္ခဏာ မပြတဲ့ ရောဂါပိုး ရှိသူတွေကို တွေ့အောင် ဖော်ထုတ်ရေးဟာ အရေးပေါ် ဦးစားပေး လုပ်ရမယ့် အရာဖြစ်တယ်။” လို့ ပြောဆိုလိုက်ပါတယ်။ 


သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့  တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန်ကြားထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။

သြစတြေးလျနိုင်ငံ တခွင်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုလုပ်နေပြီ ဖြစ်ပါတယ်။ သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် ရောဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

သြစတြေးလျ ပြည်ထောင်စု အစိုးရကနေ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ခြေရာခံနိုင်ဖို့အတွက် COVIDSafe app ကို မိမိရဲ့ ဖုန်းထဲမှာ ဒေါင်းလုဒ် လုပ်လို့ ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

SBS အနေနဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို  ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို နားဆင်လေ့လာနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ အဲဒီအကြောင်းအရာတွေကို ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပြီး www.sbs.com.au/coronavirus မှာ သွားရောက် လေ့လာနိုင်ပါတယ်။