သြစတြေးလျနိုင်ငံ အစိုးရကနေ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တဲ့ အလုပ်ရှင်တွေကို ထိရောက်စွာ အရေးယူဖို့ ပိုမိုပြင်းထန်တဲ့ ဒဏ်ကြေးအပြင် ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်ဖို့ ပြဌာန်းထားပါတယ်။
ဥပဒေသစ်အရ အလုပ်သမားတွေကို ပေးသင့်တဲ့ လစာမပေးတဲ့ လစာသူခိုး အလုပ်ရှင်တွေအနေနဲ့ ဒဏ်ကြေးအားဖြင့် ဒေါ်လာ ၁.၁ သန်းနဲ့ ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်ဖို့ ထည့်သွင်းထားပြီး ဗုဒ္စဟူးနေ့ကြရင် ပါလီမာန်မှာ စတင်မိတ်ဆက်ပေးဖို့ ရှိနေပါတယ်။
ကုမ္ပဏီတွေအနေနဲ့ အမှုထမ်းတွေကို လစာလျှော့ပေးတာမျိုးလုပ်ရင် ဒေါ်လာ ၅.၅ သန်းအထိ ဒဏ်ကြေးတပ်ခံရနိုင်ပြီး အတွက်မှားလို့ သို့မဟုတ် မရည်ရွယ်ပဲ ဖြစ်သွားတာမျိုးဆိုရင်တော့ တစ်ကြိမ်ခွင့်လွှတ်ဖို့ ရှိပါတယ်။
ရှေ့နေချုပ် Christian Porter ကတော့ ဒီလို ဥပဒေက အမှုထမ်းတွေအပေါ် အမြတ်ထုတ်နေတဲ့ လူနည်းစု အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအပေါ် အမြတ်ထုတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးရာ ရောက်နိုင်တယ်လို့ ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာနေရတဲ့ စီးပွားရေးလောက ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်ရာမှာ ဒီလို လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေကလည်း အရေးပါတဲ့နေရာမှာ ရှိနေတယ်လို့ Mr Porter က ပြောပါတယ်။
အလုပ်သမားတစ်ဦး ဒါမှမဟုတ် တစ်ဦးထက်မနည်းကို လုပ်အားခလစာ နှိမ်တာမျိုး လုပ်တဲ့ အလုပ်ရှင်တွေအနေနဲ့ ၅ နှစ်အတွင်း ကုမ္ပဏီ စီမံခန့်ခွဲခွင့်လုပ်ဖို့လည်း ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေ ပိုမိုတင်းကြပ်အောင်လုပ်ဆောင်တဲ့အနေနဲ့ ဒဏ်ကြေးကိုလည်း တဝက်တိုးမြင့်တာဖြစ်ပြီး တစ်ဦးတစ်ယောက်ခြင်းစီအတွက် ဒဏ်ကြေးက ဒေါ်လာ ၁၉ ၉ ၈၀ ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ဒဏ်ကြေးက ဒေါ်လာ ၉ ၉ ၀၀၀ ဖြစ်တယ်လို့ ပြောပါတယ်။
အချိန်ပိုင်းအလုပ်ကို အမြဲတမ်း အလုပ်လုပ်ရတဲ့အလုပ်သမားတွေလည်း ပေးထားတဲ့ အချိန်ထက် ပိုလုပ်နိုင်အောင် အလုပ်ရှင်နဲ့ ညှိနှိုင်းနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။
အချိန်ပိုင်းအလုပ်သမားတွေဟာ နာရီပို လုပ်ချင်ပေမယ့် အလုပ်ရှင်တွေက အလုပ်ပိုပေးရင် ခါတိုင်းပေးရတဲ့နှုန်းထက် ပေးရမှာစိုးရိမ်လို့ အချိန်ပိုင်း အလုပ်သမားတွေကို နာရီ တိုးမပေးတာမျိုး ရှိပါတယ်။ အဲဒီလို လူတွေအနေနဲ့ ခါတိုင်းရနေကြ နှုန်းအတိုင်း နာရီပိုလုပ်နိုင်ဖို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလို လုပ်ရပ်တွေက အလုပ်ရှင်အနေနဲ့ လူတွေကို လိုရင် လိုသလို ခေါ်သုံးတာထက် အမြဲတမ်း အလုပ်ခန့်နိုင်အောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။
အတိုက်အခံပါတီဖက်ကတော့ အချိန်ပိုင်း အလုပ်သမားတွေအတွက် ပြုလုပ်ပေးတဲ့ ပြောင်းလဲမှုတွေကို သတိနဲ့ ကြိုဆိုမှု လုပ်နေပါတယ်။
ဒီအိုင်ဒီယာက မဆိုးလှပေမယ့် ပြဿနာတွေ ရှိလာနိုင်တဲ့အတွက် ဥပဒေကို ကြည့်ရှုဖို့ လိုအပ်နေသေးတယ်လို့ အတိုက်အခံဖက်က ပြောခွင့်ရပုဂ္ဂိုလ် Tony Burke က ပြောပါတယ်။
ACTU သမဂ္ဂက Sally McManus ကတော့ အစိုးရအနေနဲ့ အလုပ်သမားတွေ အလုပ်ပိုင်းမှာ ပိုလို လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးနိုင်တာကို မလုပ်ပဲ အခွင့်အရေးဆုံးရှုံးခံလိုက်တဲ့ ပြုပြင်ပြောင်းလဲမှုသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Additional reporting AAP