Wollongong, Central Coast နဲ့ Blue Mountains ဒေသအပါအဝင် Greater Sydney မဟာဆစ်ဒနီလို့ သတ်မှတ်တဲ့ နေရာမှာ နေထိုင်သူတွေအနေနဲ့ အဆောက်အဦးအတွင်းမှာ မဖြစ်မနေ နှာခေါင်းစည်းတွေ တပ်ဆင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဆူပါမတ်ကက်တွေ၊ ရှော့ပင်းစင်တာတွေ၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အများသုံး ယာဉ်ပေါ်နဲ့ အလှပြုပြင်ရေးဆိုင်၊ ဆံပင်ညပ်ဆိုင်၊ ဘုရားဝတ်ပြုရာနေရာနဲ့ လောင်းကစားနေရာတွေ အားလုံးမှာ နှာခေါင်းစည်းတွေကို တပ်ဆင်ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၄ ရက် တနင်္လာနေ့ကစပြီး နှာခေါင်းစည်း တပ်ဆင်ရမှာဖြစ်ပြီး လိုက်နာမှု မရှိရင် ဒေါ်လာ ၂၀၀ ဒဏ်ကြေးတပ်ခံရမယ်လို့ သတိပေးထားပါတယ်။
အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအနေနဲ့ တပ်ဆင်စရာမလိုပေမယ့် နယူးဆောက်သ်ဝေးလ် အာဏာပိုင်တွေကတော့ လူတိုင်း နှာခေါင်းစည်း တပ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
စားသောက်ဆိုင်လုပ်ငန်းနဲ့ ကာဆီနို အမှုထမ်းတွေ အားလုံးလည်း တပ်ဆင်ရမယ်လို့ ညွန်ကြားထားပါတယ်။
ဘုရားဝတ်ပြုရာနေရာ၊ မင်္ဂလာဆောင်တဲ့ ခန်းမနဲ့ အသုဘ အခမ်းအနား ပြုလုပ်ရင် တစ်ယောက်နဲ့တစ်ယောက် ၄ စတုရန်းမီတာ အကွာအဝေးမှာ နေထိုင်ရမှာဖြစ်ပြီး အများဆုံး လူ ၁၀၀ သာ စုဝေးရမယ်လို့ သတ်မှတ်ထားပါတယ်။
နိုက်ကလပ်တွေ အားလုံးကို ပိတ်ချထားပါတယ်။ Gym သင်တန်းတွေမှာတော့ အယောက် ၅၀ ကနေ ၃၀ အထိ လျှော့ချလိုက်ပါတယ်။
အဆောက်အဦးပြင်ပမှာ ပြုလုပ်တဲ့ ဆန္ဒပြမှုတွေ၊ ဖျော်ဖြေရေးတွေမှာလည်း လူ ၅၀၀ အထိသာ စုဝေးခွင့်ရှိတယ်လို့ သတ်မှတ်လိုက်ပြီး ထိုင်ခုံတွေနဲ့တကွ လက်မှတ်ရောင်းချတဲ့ အဆောက်အဦးပြင်ပ ပွဲမျိုးဆိုရင် လူ ၂၀၀၀ အထိ စုဝေးနိုင်တယ်လို့ သတ်မှတ်ပေးထားပါတယ်။
ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ ညွန်ကြားချက်ကို အောက်ပါ လင့်ခ်မှာ လေ့လာပါ။
- NSW https://www.nsw.gov.au/covid-19
- Victoria https://www.coronavirus.vic.gov.au/coronavirus-covidsafe-summer
- Queensland https://www.covid19.qld.gov.au/
- Western Australia https://healthywa.wa.gov.au/Articles/A_E/Coronavirus
- South Australia https://www.covid-19.sa.gov.au/
- Northern Territory https://coronavirus.nt.gov.au/
- ACT https://www.covid19.act.gov.au/
- Tasmania https://www.coronavirus.tas.gov.au/
သြစတြေလျမှာ နေထိုင်သူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ လူစုဝေးခြင်းဆိုင်ရာ သတ်မှတ်ချက်နဲ့ ဆက်စပ်ပြီး သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ ညွန်ကြားချက်ကို လေ့လာပါ။ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါလက္ခဏာကို ခံစားနေရရင် အိမ်မှာပဲနေပြီး ရောဂါ ရှိမရှိ စမ်းသပ်ခံယူဖို့ မိမိရဲ့ ဆရာဝန်ဆီ ဖုန်းဆက်ပါ ဒါမှမဟုတ် Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းဆက်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ သတင်းတွေနဲ့ အချက်အလက်တွေကို ဘာသာစကား ၆၃ မျိုးနဲ့ sbs.com.au/coronavirus မှာ ဖော်ပြထားပါတယ်။