ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၁၄ ဦးသာ တိုးလာနေချိန်မှာ NSW ပြည်နယ် ဆစ်ဒနီမြို့မှာတော့ တက္ကဆီ ဒရိုင်ဘာတစ်ဦး ရောဂါ ကူးစက်ခံရလို့ အဲဒီကားစီးတဲ့လူတွေအနေနဲ့ ရောဂါလက္ခဏာကို စောင့်ကြည့်ပြီး စစ်ဆေးမှု ခံယူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
တနင်္ဂနွေနေ့ မနက် စာရင်းအရ ဗစ်တိုးရီးယားပြည်နယ်မှာ ၂၄ နာရီအတွင်း ကူးစက်သူ ၁၄ ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီလို အခြေအနေကြောင့် မဲလ်ဘုန်းမြို့ရဲ့ ၁၄ ရက်အတွက် နေ့စဉ်ပျှမ်းမျှ ကူးစက်မှုနှုန်းဟာ ၃၆.၂ ဦးသာ ရှိပြီး အစိုးရက ၅၀ အောက်ရောက်မှ ရမယ်လို့ ပြောဆိုထားတဲ့ ပစ်မှတ်ထက် ကောင်းမွန်နေပါတယ်။
စနေနေ့တုန်းက ကူးစက်သူ ၂၁ ဦးရှိပြီး ၇ ဦး သေဆုံးခဲ့ရပါတယ်။
အခြေအနေက ထင်ထားတာထက် တိုးတက်နေပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကတော့ စက်တင်ဘာလ ၂၈ ရက် မတိုင်ခင်မှာ ဖြေလျှော့မှုတွေ လုပ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိ အစီအစဉ်အရ စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်း နေအိမ်ရဲ့ ၅ ကီလိုမီတာ ပတ်ဝန်းကျင်ကိုသာ သွားလာရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ဆက်လက် ချမှတ်ထားမှာ ဖြစ်သလို အိမ်အပြင်ထွက်ခွာဖို့ အကြောင်းပြချက်တွေလည်း လိုအပ်နေဦးမှာ ဖြစ်ပေမယ့် တချို့လုပ်ငန်းခွင်မှာ အလုပ်ပြန်ဝင်ခွင့်ရတာတွေ၊ ကလေးထိန်းကျောင်း ပြန်ဖွင့်တာတွေနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။
နယူးဆောက်သ်ဝေးလ်ပြည်နယ်
နယူးဆောက်သ်ဝေးလ်ပြည်နယ် ဆစ်ဒနီမြို့မှာတော့ တက္ကဆီဒါရိုင်ဘာ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ ထိတွေ့ဖူးသူတွေ မိမိရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အဲဒီလူဟာ ရောဂါရှိနေတဲ့ ၁၀ ရက်အတွင်း အလုပ်လုပ်ခဲ့တယ်လို့ ယူဆပြီး ရောဂါရှိကြောင်း စနေနေ့မှ သိရတဲ့အတွက် စက်တင်ဘာလ ၈ ရက်ကနေ ၁၈ ရက်အတွင်း အဲဒီလူရဲ့ တက္ကဆီကို အသုံးပြုခဲ့သူတွေ ရောဂါလက္ခဏာ ပြမပြ စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။
အဲဒီတက္ကဆီဟာ Moorebank, Bankstown, Chipping Norton, Liverpool, Lidcombe, Warwick Farm နဲ့ Milperra အထိ ပြေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ခုလောလောဆယ် အဲဒီဒါရိုင်ဘာဟာ လီဗာပူးလ် ဆေးရုံကနေ ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး သူဟာ COVIDSafe app ကို ဒေါင်းလုဒ် လုပ်ထားသူဖြစ်လို့ သူနဲ့ ထိတွေ့သူလို့ ယူဆရသူတွေကို လိုက်လံပြီး အဆက်အသွယ်လုပ်ဖို့ အာဏာပိုင်တွေက စီစဉ်နေပါတယ်။
ဒါရိုင်ဘာအပြင် 13CABS တက္ကဆီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ခရီးသည်တွေကို ခြေရာခံမှု လုပ်ဆောင်နေပါတယ်။
အလုပ်လုပ်တဲ့ကာလအတွင်း အဲဒီဒါရိုင်ဘာဟာ အစားအသောက် ဝယ်စားတာမျိုးလည်း လုပ်တဲ့အတွက် အဲဒီဆိုင်တွေအားလုံးကိုလည်း ဆက်သွယ်မှု လုပ်မှာ ဖြစ်ပါတယ်။
အဲဒီနေရာတွေကတော့ Glen Alpine က Campbelltown Golf Club ကို စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီကနေ ၄ နာရီခွဲ ဖြစ်ပြီး အဲဒီနေရာက TAB ဧရိယာကို သွားခဲ့တဲ့အပြင် Milton Ulladulla Ex Servos Club ကို စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီကနေ ညနေ ၆.၁၅ မိနစ်အကြား သွားရောက်ခဲ့ပါတယ်။
ဒါအပြင် Carlo's Italian Ristorante Bar နဲ့ Seafood in Ulladulla ကိုလည်း စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီကနေ ၉ နာရီ ခွဲလောက်မှာ သွားခဲ့သလို Bannisters Pavilion Rooftop Bar နဲ့ Mollymook က Grill အသားကင်ဆိုင်ကိုလည်း စက်တင်ဘာလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲနဲ့ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ သွားရောက်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၈ ရက် ညနေ ၃ နာရီကနေ ၆ နာရီလောက်တုန်းက Picnic Point Bowling Club ကို သွားရောက်ခဲ့တဲ့လူတွေနဲ့ စက်တင်ဘာလ ၁၆ ရက် မနက် ၉ နာရီခွဲကနေ ၂ နာရီဝန်းကျင်အတွင်း Glen Alpine ရှိ Campbelltown Gold Club သွားရောက်ခဲ့သူတွေကိုလည်း မိမိရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။
NSW ကျန်းမာရေးဌာနကတော့ တက္ကဆီစီးတဲ့အခါ ခရီးသည်တွေအနေနဲ့ အနောက်မှာ ထိုင်ပြီး နှာခေါင်းစည်းတွေကို ဝတ်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။
နယူးဆောက်သ်ဝေးလ်မှာ စနေနေ့တုန်းက ပြည်နယ်တွင်း ရောဂါ ကူးစက်သူ ၁ ဦးသာ တိုးလာပြီး ၂ ဦးကတော့ အဝေးကအပြန် ဟိုတယ်မှာ ကွာရန်တင်းဝင်တုန်း ရောဂါ တွေ့ရှိတာ ဖြစ်ပါတယ်။
ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်းက နည်းပေမယ့် ခြေရာခံလို့ မရသေးတဲ့ ရောဂါကူးစက်မှုတွေက လူမှုအသိုင်းအဝိုင်းထဲမှာ ရှိနေနိုင်သေးပြီး ရောဂါလက္ခဏာ အနည်းငယ်သာ ပြသတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ကျန်းမာရေးအကြီးအကဲ Dr Jeremy McAnulty က ပြောပါတယ်။
Bondi က နေအိမ်တစ်အိမ်မှာ သတ်မှတ်ချက်ကို မလိုက်နာပဲ လူ ၂၈ ဦးက ပါတီတက်ရောက်ကြတဲ့အတွက် ရဲတွေက တစ်ယောက်ကို ဒေါ်လာ ၁၀၀၀ စီ ဒဏ်ကြေးဆောင်ခိုင်းထားပါတယ်။
အခုလောလောဆယ် NSW မှာ လူ ၂၀ ထက် ပိုမစုရလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး ၁.၅ မီတာအကွာမှာ နေထိုင်ရမှာဖြစ်ပြီး မိမိဒေသ၊ မိမိပြည်နယ်နဲ့ ဆိုင်တဲ့ လူစုဝေးခြင်း ဆိုင်ရာ သတ်မှတ်ချက်ကို လိုက်နာပါ။
အကယ်လို့ သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားရရင် အိမ်မှာပဲနေပြီး ရောဂါ ရှိမရှိ စမ်းသပ်နိုင်ဖို့ မိမိရဲ့ ဆရာဝန်ဆီ ဖုန်းဆက်တာလုပ်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းဆက်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား ၆၃ မျိုးနဲ့ https://sbs.com.au/coronavirus မှာ ဖတ်ရှုနားဆင်လေ့လာနိုင်ပါတယ်။