Coming Up Sat 10:00 PM  AEDT
Coming Up Live in 
Live
Burmese radio
Breaking

မဲလ်ဘုန်းမှာ တင်းကြပ်မှု အဆင့် ၄ ကြေညာပြီ

Victorian Premier Daniel Andrews has announced big spike in coronavirus infections. Source: AAP

ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ ဒီတနင်္ဂနွေနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၇၁ ဦး ပိုများလာသလို နောက်ထပ် လူ ၇ ဦး သေဆုံးရပြီးနောက် State of Disaster ဒါမှမဟုတ် သွားလာမှု တင်းကြပ်ခြင်း အဆင့် ၄ ကို ချမှတ်ဖို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ဒီကနေ့မှာပဲ ကြေညာတာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်မှာ အခုဆိုရင် ကိုဗစ်-၁၉  ကြောင့် သေဆုံးရသူက ၁၂၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

သြစတြေးလျတနိုင်ငံလုံးရဲ့ သေဆုံးမှု လူဦးရေက ၂၀၈ ယောက် ရှိသွားပြီး အခုလောလောဆယ် ကူးစက်ခံရသူတွေထဲမှာ ၄၀၈ ယောက်ကို ဆေးရုံတင်ထားရပြီး ၄၆ ယောက်ကတော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရပါတယ်။ 

ဗစ်တိုးရီးယားပြည်နယ်မှာ ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာ ခြေရာခံလို့မရတဲ့ ကူးစက်မှုပေါင်း ၇၆၀ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ ည ၈ နာရီကနေစပြီး ကာဖြူးအမိန့်ထုတ်ပြန်ထားပါတယ်။ ကာဖြူးအချိန်က ည ၈ နာရီကနေ မနက် ၅ နာရီအထိ ဖြစ်ပြီး ၆ ပတ်ကြာ ကာဖြူးအမိန့် ချမှတ်ထားပါတယ်။ 

ကာဖြူးအချိန်အတွင်းမှာ အလုပ်သွားရမယ့်သူနဲ့ ကျန်းမာရေးအတွက် လိုအပ်မှသာ သွားလာခွင့်ရမှာ ဖြစ်ပါတယ်။ 

လိုက်နာမှု မရှိရင် ဒေါ်လာ တစ်သောင်း (၁၀၀၀၀) ဒဏ်ကြေးတပ်ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တခြားအချိန်မှာတော့ လိုအပ်တာတွေ ဈေးဝယ်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဒါမှမဟုတ် ခံယူဖို့၊ အလုပ်သွား သို့ ကျောင်းသွားဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့အတွက်သာ အိမ်ပြင်ထွက်ရမှာ ဖြစ်ပါတယ်။ 

အိမ်အပြင်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်လည်း တစ်ရက်မှာ ၁ နာရီသာ လုပ်ခွင့်ရှိပြီး နေအိမ်ရဲ့ ၅ ကီလိုမီတာ အတွင်းမှာပဲ သွားလာရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ 

လူနှစ်ယောက်ထက် ပိုပြီး လေ့ကျင့်ခန်း မလုပ်ဖို့ ညွန်ကြားထားပေမယ့် အိမှာ ချန်ထားလို့မရတဲ့ လူတွေ (ဥပမာ ကလေးငယ်နဲ့ တချို့သက်ကြီး) ကိုလည်း အတူတူ ခေါ်ဆောင်ခွင့် ရှိပါတယ်။ 

ငါးမြှားတာတွေ၊ တင်းနစ်ကစားတာတွေ၊ ဘောလုံးကန်တာတွေ၊ ဂေါက်ရိုက်တာမျိုးတွေလည် မလုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။ 

အိမ်ပြင်ထွက်ပြီး လိုအပ်တာတွေအတွက် ဈေးဝယ်မယ်ဆိုရင် တစ်ရက်မှာ အိမ်သား တစ်ယောက်ကသာ ထွက်ဝယ်ရမှာ ဖြစ်ပါတယ်။ 

အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ အိမ်အပြင်ထွက်လို့ လူမိသွားရင် ဒဏ်ကြေးတပ်ခံရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

သက်ညာရမယ့် အချိန်ကုန်လွန်သွားပြီဖြစ်သလို သတိပေးရမယ့်အချိန်လည်း ကုန်လွန်သွားပြီးမို့ ထိရောက်စွာ အရေးယူတော့မယ်လို့လည်း ကြေညာသွားပါတယ်။ 

 

ဗစ်တိုးရီးယား ပြည်နယ်ရဲ့ နယ်ဒေသမှာလည်း သွားလာမှုတင်းကြပ်ခြင်းအဆင့် ၃ ကို ချမှတ်ထား

 ဗစ်တိုးရီးယား ပြည်နယ် နယ်ဒေသမှာလည်း ဗုဒ္ဒဟူးညသန်းခေါင်ချိန်ကစပြီး သွားလာမှု တင်းကြပ်ခြင်း အဆင့် ၃ ကို စတင်ချမှတ်မှာ ဖြစ်ပါတယ်။

အဲဒီအဆင့်ကြရင် ဆိုင်ထိုင်ခွင့်တွေ မရှိတော့ပဲ အိမ်ထုတ်ပြန်ဖို့ ဒါမှမဟုတ် အိမ်အထိ ရောက်အောင် ပို့ပေးတဲ့ စနစ်နဲ့သာ မှာစားရမှာ ဖြစ်ပါတယ်။

ဗုဒ္ဒဟူးနေ့ကစပြီး ဗစ်တိုးရီးယား ပြည်နယ်က ကျောင်းသူ၊ ကျောင်းသားတွေအားလုံး အွန်လိုင်းကနေပဲ စာပြန်သင်ကြားရမှာ ဖြစ်ပြီး ၁၁ တန်းနဲ့ ၁၂ တန်း ကျောင်းသားတွေအတွက်လည်း အလားတူ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ 

ကလေးထိန်း ဝန်ဆောင်မှုတွေလည်း ပိတ်ချထားပေမယ့် အခက်အခဲရှိသူတွေနဲ့ မိဘနှစ်ပါးစလုံး အလုပ်လုပ်ရတဲ့ ကလေးတွေအတွက်သာ ချွင်းချက်ထားရှိပေးထားပါတယ်။ 

ကြာသပတေးနေ့ကစပြီး နယ်ဒေသမှာ မင်္ဂလာဆောင်ပွဲတွေ ကျင်းပခွင့်မရှိတော့ပဲ သေရေးရှင်ရေးမှသာ ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ ဆက်စပ်ပြီး လူ ၅ ဦးအထိသာ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။  

ဘယ်လို စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ကန့်သတ်မှု လုပ်သွားမယ်ဆိုတာနဲ့ ဆက်စပ်ပြီး မနက်ဖြန်ကြရင် ထပ်မံ ကြေညာဖို့ ရှိနေပါတယ်။ 

မရှိမဖြစ် လိုအပ်တဲ့ ဆူပါမတ်ကက်တွေကိုတော့ ဆက်လက် ဖွင့်ပေးမယ်လို့လည်း ကတိပေးထားပါတယ်။

ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး Greg Hunt ကလည်း ဒီကနေ့ဟာ ဗစ်တိုးရီးယား ပြည်နယ်သမိုင်းတလျှောက်မှာ အခက်ခဲဆုံးကာလဖြစ်ပြီး မဖြစ်မနေ လိုအပ်တဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့လည်း ပြောပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေက ဗစ်တိုးရီးယား ပြည်နယ်သားတွေရဲ့ စိတ်ကျန်းမာရေးအပေါ် စိန်ခေါ်မှုတွေ များမယ်ဆိုတာကိုလည်း နားလည် သဘောပေါက်တယ်လို့ ပြောပါတယ်။ 

ဒီလိုကာလအတွင်း စိတ်ကျတာတွေ၊ စိုးရိမ်ပူပန်စိတ်ဝင်တာတွေ၊ အထီးကျန်မှုတွေ ခံစားရနိုင်တဲ့အတွက် အကူအညီတွေ လိုအပ်ရင် ရရှိအောင် လုပ်ဆောင်ပေးထားတယ်လို့လည်း ပြောပါတယ်။ 

Federal Health Minister Greg Hunt.
Federal Health Minister Greg Hunt.
AAP

စိတ်ကျန်းမာရေးအတွက် ဝန်ဆောင်မှုတွေလည်း တိုးမြင့်ချမှတ်ပေးထားသလို အခုလောလောဆယ် သြစတြေးလျနိုင်ငံသားတွေအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို တစ်နှစ်မှာ ၁၀ ခါအထိ အခမဲ့ ဝန်ဆောင်မှု ရယူနိုင်အောင် လုပ်ဆောင်ပေးထားပေမယ့် အခုဆိုရင် နောက်ထပ် ၁၀ ကြိမ် အခမဲ့ တွေ့ဆုံဆွေးနွေးလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။

ဒီလို ခက်ခဲတဲ့ ကာလအတွင်း ကြံ့ကြံ့ခိုင် နေထိုင်ကြဖို့လည်း ကျန်းမာရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ 

ပြည်နယ်သားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမ ဝိုင်းဝန်းကူညီကြဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဥပမာ အိမ်နီးနားက တစ်ယောက်တည်းနေထိုင်တဲ့ သက်ကြီးအတွက် ဈေးသွားဝယ်ပေးတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ရဲ့ ခင်ရာမင်ရာတွေကို ဖုန်းဆက်ပြီး မေးမြန်းဆက်သွယ်တာမျိုး လုပ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

ဒီည ၆ နာရီကစပြီး State of Disaster စတင်ကြေညာတာဖြစ်ပြီး ဒါဟာ အခုလောလောဆယ် ကျင့်သုံးနေတဲ့  State of Emergency အရေးပေါ် ကာလရဲ့ နောက်တဆင့် ဖြစ်ပါတယ်။

ဒီလို ကာလအတွင်း ရဲတွေကို ပိုမို လုပ်ကိုင်ခွင့်ပေးထားသလို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ဆက်စပ်ပြီး ပြည်နယ်အတွင်းမှာ ကူညီဖို့ စစ်သား ၁၅၀၀ လည်း ကူညီဆောင်ရွက်နေပါတယ်။

စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံနေရရင် Lifeline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၃ ၁၁ ၁၄ ကို ဖုန်းဆက်နိုင်သလို

Suicide Call Back Service ရဲ့ ဖုန်းဖြစ်တဲ့ ၁၃၀၀ ၆၅၉  ၄၆၇ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ၅ နှစ်အရွယ် ကလေးကနေ အသက်လူ ၂၅ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုဖြစ်တဲ့  Kids Helpline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၅၅ ၁၈၀၀ ကို ဖုန်းဆက်နိုင်ပါတယ်။

 Beyond Blue.org.au နဲ့ lifeline.org.au တို့မှာလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

Melbourne မြို့လည်နဲ့ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်တွေအနေနဲ့ အိမ်မှာပဲ နေထိုင်ကြဖို့ ညွန်ကြားထားပြီး မဖြစ်မနေ အလုပ်သွားရမယ့်သူ၊ ကျောင်းသွားရမယ့်သူ၊ အိမ်အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့၊ ကျန်းမာရေးအတွက် ကူညီစောင့်ရှောက်မှုပေးဖို့၊ စောင့်ရှောက်မှုခံယူဖို့နဲ့ လိုအပ်တဲ့အရာတွေအတွက် ဈေးဝယ်ထွက်ဖို့ကလွဲရင် အိမ်ပြင်မထွက်ဖို့ ညွန်ကြားထားပြီး အပြင်ထွက်တဲ့အခါ masks တွေ တပ်ဆင်ဖို့ ညွန်ကြားထားပါတယ်။ 

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်ရမှာဖြစ်ပါတယ်။ လူစုဝေးခွင့်နဲ့ ပတ်သက်ပြီး မိမိနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ သတ်မှတ်ချက်တွေကို လေ့လာပါ။

အအေးမိခြင်း သို့မဟုတ် တုတ်ကွေးရောဂါ လက္ခဏာတွေ ခံစားရရင် အိမ်မှာပဲ နေပြီး ရောဂါ စစ်ဆေးမှုခံယူဖို့အတွက် ဆရာဝန်ဆီ အရင် ဖုန်းဆက်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Coronavirus Health Information Hotline ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သတင်းတွေကို ဘာသာစကား ၆၃ မျိုးနဲ့ sbs.com.au/coronavirus မှာ လေ့လာနိုင်ပါတယ်။ 

 

 

This story is also available in other languages.