Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio

SA ပြည်နယ်မှာ ကန့်သတ်မှု ဖြေလျှော့ပြီ

South Australia Premier Steven Marshall arriving to address the media during a press conference in Adelaide. Source: AAP

South Australia ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိသူ တစ်ဦးက မှားယွင်းစွာ ပြောဆိုခဲ့လို့ တင်းကြပ်မှုတွေ ချမှတ်လိုက်ပေမယ့် အဲဒီလူ လိမ်ညာမှန်း သိသွားပြီးတဲ့နောက် တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

Woodville Pizza Bar က လူတစ်ယောက်ကနေ ရောဂါခြေရာခံတဲ့ အဖွဲ့ရဲ့ မေးမြန်းမှုမှာ လိမ်ညာမှု လုပ်ခဲ့လို့ အခြေအနေဆိုးဝါးမှာကို စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေက တင်းကြပ်မှုတွေကို အရေးပေါ် ချမှတ်လိုက်ရတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရောဂါကို ခြေရာခံလိုက်တဲ့အခါမှာ အဲဒီလူရဲ့ ထွက်ဆိုချက်က မကိုက်ညီတဲ့အတွက် ထပ်မံစုံစမ်းရာက လိမ်ညာမှန်း သိလိုက်ရလို့ SA ပြည်နယ်ဝန်ကြီးချုပ် Steven Marshall က အမျက်ဒေါသ ထွက်နေပါတယ်။

အဲဒီလူရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ပြည်နယ်တစ်ခုလုံး ခက်ခဲတဲ့ အနေအထား ရောက်သွားရတဲ့အကြောင်း အဲဒီလူရဲ့ လိမ်လည်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုတွေ၊ တစ်ဦးတစ်ယောက်ခြင်းစီအလိုက် ထိခိုက်နစ်နာမှုတွေ ဖြစ်စေတဲ့အတွက် လက်မခံနိုင်စရာ အပြုအမူ ဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ 

ရောဂါရှိနေတဲ့ အဲဒီလူဟာ ရောဂါခြေရာခံတဲ့လူတွေကနေ သူ့ကို မေးမြန်းတဲ့အခါမှာ သူ့အနေနဲ့ Woodville Pizza Bar မှာ အလုပ်လုပ်တယ်လို့ မထွက်ဆိုပဲ အဲဒီနေရာမှာ ဗီဇာ သွားဝယ်ခဲ့တယ်လို့ လိမ်ညာခဲ့တာ ဖြစ်ပါတယ်။ 

ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အဆိုအရ အရေးပေါ်စီမံရေး အက်ဥပဒေမှာ မေးမြန်းတဲ့အခါ ဖြေပေးရမယ်လို့သာ ပါရှိပြီး အမှန်အတိုင်း မဖြေရင် အပြစ်ပေးမယ်ဆိုတာမျိုး မပါရှိဘူးလို့ ပြောပါတယ်။ 

အခုဆိုရင် ထိတွေ့ဆက်ဆံသူတွေက တခြားလူဖြစ်နေလို့ အဲဒီလူတွေကို တခြားလူတွေနဲ့ သီးခြားနေထိုင်မှုလုပ်ဖို့ ညွန်ကြားထားပေမယ့် ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးနေပါတယ်။

အခုဆိုရင် မိသားစုအလိုက် အတူတူ အိမ်ပြင်ထွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ပြီ ဖြစ်ပါတယ်။ 

စနေနေ့ကစပြီး ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကို ထပ်မံဖြေလျှော့ပေးပြီး ဒီတစ်ပတ်အစောပိုင်းတုန်းက စတင်ချမှတ်တဲ့ အဆင့်အထိ လျှော့ချပေးမယ်လို့ ပြောပါတယ်။ 

ဒီကနေ့မှာတော့ SA မှာ ရောဂါ ကူးစက်ခံရသူ ၃ ဦးရှိပေမယ့် အားလုံးက ဟိုတယ်ကွာရန်တင်းမှာ ရှိနေတဲ့လူတွေ ဖြစ်ပါတယ်။ 

ဒီတစ်ချီဖြစ်ပေါ်တဲ့ ကူးစက်မှုအတွင်း လူ ၂၅ ဦး ကူးစက်ခံရပြီး သူတို့နဲ့ ထိတွေ့ဆက်ဆံသူ ၄၅၀၀ ကိုလည်း ကွာရန်တင်းဝင်ခိုင်းထားပါတယ်။ 

အခုလောလောဆယ် အိမ်နီးချင်း ဗစ်တိုးရီးယားပြည်နယ်ကတော့ South Australia နဲ့ နယ်စပ်ကို ပိတ်ချထားပါတယ်။ နယ်စပ်မြို့ ၂ ခုမှာ ရောဂါပိုး တွေ့ရှိလို့ အဲလို ချမှတ်တာဖြစ်သလို အခုဆိုရင် လူအများအပြားကလည်း ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှု ခံယူနေကြပါတယ်။ 

တချိန်တုန်းက ကိုဗစ်-၁၉  ကူးစက်မှု ဆိုးဝါးခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ အခုဆိုရင် ကိုဗစ်ရောဂါ ကူးစက်သူ တိုးမလာတာ၊ သေဆုံးမှုမရှိတာ ၂၁ ရက် ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။ အခုလောလောဆယ် လူတစ်ယောက်ဆီမှာ ရောဂါ ရှိမရှိ စမ်းသပ်နေဆဲ ဖြစ်တယ်လို့တော့ ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၇၁၆၁ ဦး ရောဂါ စစ်ဆေးမှု ခံယူခဲ့ကြပါတယ်။ အခုဆိုရင် တစ်ပြည်နယ်လုံးမှာ ရောဂါကူးစက်ခံနေရသေးသူ ၃ ဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉  ကြောင့် သေဆုံးခဲ့ရသူက ၈၁၉  ဦးရှိပြီး တစ်နိုင်ငံလုံး သေဆုံးမှုနှုန်းကတော့ ၉ ၀၇ ဦး ဖြစ်ပါတယ်။ 

- Additional reporting by AAP.

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာမှာနေထိုင်ရမှာဖြစ်ပါတယ်။ သင်နေထိုင်ရာ ဒေသနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ လူစုဝေးခြင်းဆိုင်ရာ သတ်မှတ်ချက်ကို လေ့လာပါ။ 

အအေးမိရောဂါလက္ခာဏာနဲ့ တုတ်ကွေးရောဂါလက္ခာဏာ ခံစားနေရရင် အိမ်မှာပဲနေပြီး စမ်းသပ်စစ်ဆေးမှု ခံယူဖို့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းဆက်နိုင်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား ၆၃ မျိုးနဲ့ ဖော်ပြထားတာရှိပြီး

https://sbs.com.au/coronavirus မှာ ဖတ်ရှုနားဆင်နိုင်ပါတယ်။ 

သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ လမ်းညွန်ချက်တွေကို NSW,VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania မှာ လေ့လာနိုင်ပါတယ်။ 

 

 

This story is also available in other languages.