Coming Up Sat 10:00 PM  AEDT
Coming Up Live in 
Live
Burmese radio
Breaking

ဗစ်တိုးရီးယားမှာ ရောဂါကူးစက်သူ ၁၁ ဦးရှိ၊ ၂ ဦးသေ

Healthcare workers are seen at a drive through pop up coronavirus testing facility in Clyde, Melbourne. Source: AAP

ဗစ်တိုးရီးယားပြည်နယ်မှာ တနင်္လာနေ့ မနက်ပိုင်း သတင်းအရ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်သူ ၁၁ ဦး ရှိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၄ နာရီအတွင်း ၁၁ ဦးသာ ကူးစက်တယ် ဆိုတဲ့နှုန်းဟာ ဇွန်လ ၁၆ ရက်နောက်ပိုင်း ကူးစက်မှုအနည်းဆုံးနှုန်း ဖြစ်ပါတယ်။ 

အခုလောလောဆယ် မဲလ်ဘုန်းမြို့မှာ ၁၄ ရက်အတွက် နေ့စဉ်ပျှမ်းမျှကူးစက်မှုနှုန်းက ၃၄.၄ ဦးနှုန်းဖြစ်ပြီး အစိုးရကနေ ရည်ရွယ်ထားတဲ့ ၅၀ ယောက်နှုန်းထက် ကောင်းမွန်နေတာ ဖြစ်ပါတယ်။ 

ပြည်နယ်အစိုးရရဲ့ ဖြေလျှော့ခြင်းဆိုင်ရာ လမ်းပြမြေပုံအရ အဆင့် ၅ ဆင့်ပါရှိပြီး စက်တင်ဘာလ ၂၈ ရက် မှာ အနည်းငယ်စတင်ဖြေလျှော့ပေးမှာဖြစ်ပေမယ့် ကာဖြူးနဲ့ သွားလာခြင်းဆိုင်ရာ ဖြေလျှော့မှုတွေကို အောက်တိုဘာလ ၂၆ ရက်နောက်ပိုင်းမှ လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ 

ကိုဗစ်-၁၉  နဲ့ ဆက်စပ်ပြီး ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေလည်း ထိခိုက်နစ်နာရပေမယ့် မဲလ်ဘုန်းမြို့က အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တမ်းကောက်ယူတဲ့အခါ ၃၅% က ပြည်နယ်ရဲ့ စီးပွားရေးက ၁ နှစ်အတွင်းမှာ ကောင်းမွန်လာလိမ့်မယ်လို့ ဖြေဆိုထားကြပါတယ်။ 

သြဂုတ်လတုန်းက လူပေါင်း ၁၇% ကသာ တစ်နှစ်အတွင်း စီးပွားရေး ပြန်ကောင်းလာမယ်လို့ ဖြေဆိုကြတာ ဖြစ်တယ်လို့ Sensis Business Index မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ၂၆% က သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးက တစ်နှစ်အတွင်း ကောင်းမွန်လာလိမ့်မယ်လို့ ယူဆကြပြီး အရင်လတုန်းက အဲလို မြင်သူက ၁၄% ပဲ ရှိတာ ဖြစ်ပါတယ်။

 

မဲလ်ဘုန်းမြို့ပေါ်မှာ သွားလာမှု တင်းကြပ်ခြင်း အဆင့် ၄ ကို ကျင့်သုံးပြီး ည ၉  နာရီကနေ မနက် ၅ နာရီကို ကာဖြူးအချိန်အဖြစ် သတ်မှတ်ထားပါတယ်။ ကာဖြူးအချိန်မှာ အလုပ်သွားမယ့်လူနဲ့ အရေးပေါ်ကျန်းမာရေး သို့မဟုတ် လုံခြုံရေးကိစ္စအတွက်သာ အိမ်ပြင်ထွက်ခွင့်ရှိတာ ဖြစ်ပါတယ်။ 

ကာဖြူးချိန် ပြင်ပမှာတော့ အလုပ် သို့ ကျောင်းသွားဖို့၊ ဈေးဝယ်ဖို့၊ ကျန်းမာရေးပြုစုမှုပေးဖို့ သို့ ခံယူဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက်သာ အပြင်ထွက်ခွင့်ရှိတာ ဖြစ်ပါတယ်။ 

ဗစ်တိုးရီးယား ပြည်နယ်သားတွေအနေနဲ့ အိမ်အပြင်ထွက်တဲ့အခါ masks တွေ မဖြစ်မနေ တပ်ဆင်ဖို့ ညွန်ကြားထားပြီး လိုက်နာမှု မရှိရင် ဒဏ်ကြေး ဒေါ်လာ ၂၀၀ ပေးဆောင်ရနိုင်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်ရမှာဖြစ်ပါတယ်။ လူစုဝေးခွင့်နဲ့ ပတ်သက်ပြီး မိမိနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ သတ်မှတ်ချက်တွေကို လေ့လာပါ။

အအေးမိခြင်း သို့မဟုတ် တုတ်ကွေးရောဂါ လက္ခဏာတွေ ခံစားရရင် အိမ်မှာပဲ နေပြီး ရောဂါ စစ်ဆေးမှုခံယူဖို့အတွက် ဆရာဝန်ဆီ အရင် ဖုန်းဆက်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Coronavirus Health Information Hotline ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သတင်းတွေကို ဘာသာစကား ၆၃ မျိုးနဲ့ sbs.com.au/coronavirus မှာ လေ့လာနိုင်ပါတယ်။ 

 
Source AAP - SBS
This story is also available in other languages.