Coming Up Tue 10:00 PM  AEST
Coming Up Live in 
Live
Burmese radio
Breaking

Vic မှာ ကိုဗစ်-၁၉ ကူးသူ ၂၇၈ တိုးလာ၊ ရုရှားက သူ့ရဲ့ကာကွယ်ဆေးကို ဝေဖန်သူတွေဟာ မနာလိုလို့ ပြောတာလို့ဆို

Victoria has recorded eight new coronavirus deaths, one day after Daniel Andrews confirmed the state's highest daily death toll of 21. Source: AAP

ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိသူတွေကို ဆေးရုံတင်ရတဲ့အဆင့် များနေသေးတဲ့အတွက် သေဆုံးမှုတွေ ဒီထက် များလာမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ကြာသပတေးနေ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၈ ဦး တိုးလာပြီး ၈ ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။ 

မနေ့တုန်းက ကိုဗစ်-၁၉  ကြောင့် လူပေါင်း ၆၆၂ ဦး ဆေးရုံတင်ထားရပြီး ၄၃ ယောက်က အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရသလို ၂၅ ယောက်ကတော့ ventilator ကို အသုံးပြုပြီး အသက်ဆက်နေရတာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေအကြောင့် သေဆုံးသူတွေ ပိုများလာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ 

ဗစ်တိုးရီးယားပြည်နယ်မှာ ဖြစ်နေတဲ့ ကိုဗစ်-၁၉  ကူးစက်ပြန့်နှံ့မှုနဲ့ ဆက်စပ်ပြီး လွှတ်တော်က ခေါ်ယူမေးမြန်းစဉ်အတွင်း ကျန်းမာရေးမှူးချုပ် Brett Sutton ကတော့ တစ်ရက်ကို အယောက် ၂၀ ပျှမ်းမျှနှုန်းနဲ့ သေဆုံးရတာဟာ တခြားနိုင်ငံတွေမှာ ဖြစ်နေတာနဲ့ ယှဉ်ရင် တအားမဆိုးသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison ကလည်း ကိုဗစ်-၁၉  ကြောင့် သေဆုံးရမှုတွေ ဒီထက် များလာဖို့ ရှိပြီး အထူးသဖြင့် သက်ကြီးတွေအကြားမှာ သေဆုံးမှု ပိုဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

သက်ကြီးစောင့်ရှောက်ရေးစင်တာနဲ့ ပတ်သက်ပြီး တော်ဝင်စုံစမ်းရေးအဖွဲ့ ကြားနာမှု လုပ်တဲ့အခါမှာ သက်ကြီးတွေဟာ လစ်လျူရှုမှုတွေ စာနာမှု ကင်းမဲ့တာမျိုး ကြုံတွေ့ရတယ်လို့ ကြားနားခဲ့ကြရပါတယ်။

ကိုဗစ်-၁၉  ကြောင့် သေဆုံးရတဲ့ သက်ကြီး အယောက် ၃၅၂ ဦး ရှိသွားပြီး ဗစ်တိုးရီးယားပြည်နယ်မှာ အဆိုးဆုံးဖြစ်ပြီး အယောက် ၁၆၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။ 

ဒီလို ခက်ခဲတဲ့ ကာလအတွင်းမှာ လိုအပ်မှု အားနွဲ့မှုတွေ များတဲ့ ကျနော်တို့ရဲ့ သက်ကြီးတွေကို ဆက်လက် ပြုစုစောင့်ရှောက်ဖို့ အရေးကြီးတယ်လို့ ဝန်ကြီးချုပ်က ဗီဒီယိုတစ်ခုမှာ ပြောဆိုထားပါတယ်။

သူတို့တွေဟာ ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲက သက်ကြီးတွေဖြစ်လို့ ကျန်းမာရေးကို စောင့်ရှောက်ပေးရုံသာမက သူတို့ကို လူ့ဂုဏ်သိက္ခာနဲ့ လေးစားစွာ ဆက်ဆံဖို့ကလည်း အရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉  ကြောင့် သေဆုံးရသူအများစုဟာ သက်ကြီးတွေဖြစ်ပြီး သေဆုံးသူတွေထဲက ၆၈% လောက် ရှိနေတာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ သက်ကြီးတွေအကြား သေဆုံးမှုနှုန်း အမြင့်မားဆုံး စာရင်းတွေထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ကာကွယ်ဆေး မကြာခင် ထုတ်နိုင်လိမ့်မယ်လို့ သြစတြေးလျ ပညာရှင်တွေဆို 

သြစတြေးလျ နိုင်ငံက ထိပ်သီး ဆေးဝါးပညာရှင်တွေကတော့ မကြာခင်မှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

နေ့စဉ် ရက်ဆက်ဆိုသလို အကောင်းဖက်ကို ဦးတည်လာနေလို့ ကာကွယ်ဆေး ထုတ်နိုင်လိမ့်မယ်ဆိုတဲ့ အကောင်းမြင်မှုမျိုး ဖြစ်လာစေတဲ့အကြောင့် ဆေးဝါးဆိုင်ရာ ဒုအရာရှိချုပ် Nick Coatsworth က ပြောပါတယ်။

ဒီတစ်ပတ်တည်းမှာပဲ ရုရှားက ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရှိပြီလို့ ကြေညာလိုက်ပေမယ့် နိုင်ငံတကာက ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေအကြား အဆိုးမြင်မှုတွေ ရှိနေပါတယ်။ 

အဲဒီ ကာကွယ်ဆေးကို လူပေါင်း ဒါဇင်လောက်အပေါ်သာ စမ်းသပ်ခဲ့တာဖြစ်ပြီး တကယ်ဆို အဲဒီဆေး ထိရောက်မှု ရှိမရှိ လူပေါင်း ထောင်ချီအပေါ် အရင်စမ်းသပ်ပြီးမှ အဲဒီဆေးက လုံခြုံဘေးကင်းမှု ရှိမရှိ သိနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။ 

ရုရှားက Sputnik V ဆိုတဲ့ ကာကွယ်ဆေးကို နှစ်ပတ်အတွင်းမှာ ထုတ်လုပ်ရောင်းချသွားမယ်လို့ ပြောဆိုတာကို ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ရုရှားကတော့ အနောက်တိုင်းနိုင်ငံတွေက သူတို့ကို မနာလိုလို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်တယ်ဆိုပြီး တုန့်ပြန်ထားပါတယ်။ 

ကိုဗစ်-၁၉  ရောဂါအတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေက အပြိုင်အဆိုင် ကြိုးစားနေကြပြီး အခုလောလောဆယ် ကာကွယ်ဆေး အမျိုးပေါင်း ၁၅၀ ကို စမ်းသပ်နေကြပြီး လူအပေါ် စမ်းသပ်မှုတွေ ၂၅ ခုလောက် ရှိနေပြီ ဖြစ်ပါတယ်။ 

Dr Coatsworth  ကတော့ ကာကွယ်ဆေး တွေ့ပြီဆိုတဲ့ နိုင်ငံတိုင်းက အဲဒီဆေးနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်မှုတွေ လုပ်နိုင်ဖို့ ချပြနိုင်ရမယ်လို့ ပြောပါတယ်။

ဒီပြိုင်ပွဲမှာ ဘယ်သူ နိုင်နိုင် အရေးကြီးတာကတော့ ကာကွယ်ဆေးကို တကမ္ဘာလုံးကို ချက်ခြင်းဖြန့်ဝေဖို့က အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။  

NSW မှာ ကိုဗစ်-၁၉  ကူးစက်သူ နောက်ထပ် ၁၈ ယောက် တိုးလာခဲ့ပေမယ့် အများအားဖြင့်က ဘယ်လို ကူးစက်တယ်ဆိုတာကို ခြေရာခံလို့ ရတဲ့ ကူးစက်မှုတွေ ဖြစ်ပါတယ်။  

ဗစ်တိုးရီးယား ပြည်နယ်သားတွေအနေနဲ့ အိမ်အပြင်ထွက်တဲ့အခါ masks တွေ မဖြစ်မနေ တပ်ဆင်ဖို့ ညွန်ကြားထားပြီး လိုက်နာမှု မရှိရင် ဒဏ်ကြေး ဒေါ်လာ ၂၀၀ ပေးဆောင်ရနိုင်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေထိုင်ရမှာဖြစ်ပါတယ်။ လူစုဝေးခွင့်နဲ့ ပတ်သက်ပြီး မိမိနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ သတ်မှတ်ချက်တွေကို လေ့လာပါ။

အအေးမိခြင်း သို့မဟုတ် တုတ်ကွေးရောဂါ လက္ခဏာတွေ ခံစားရရင် အိမ်မှာပဲ နေပြီး ရောဂါ စစ်ဆေးမှုခံယူဖို့အတွက် ဆရာဝန်ဆီ အရင် ဖုန်းဆက်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Coronavirus Health Information Hotline ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သတင်းတွေကို ဘာသာစကား ၆၃ မျိုးနဲ့ sbs.com.au/coronavirus မှာ လေ့လာနိုင်ပါတယ်။ 

Source SBS News
This story is also available in other languages.