SKIP TO MAIN CONTENT

ဗစ်တိုးရီးယားပြည်နယ် ကရင်တိုင်းရင်းသားတွေ ၇၄ကြိမ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့

ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ကျရောက်တဲ့ ၇၄ကြိမ်မြောက် ကရင်အမျိုသားနေ့ကို ဂုဏ်ပြုတဲ့နေနဲ့ ဗစ်တိုးရီးယားပြည်နယ်မှာရှိတဲ့ ကရင်တိုင်းသားတွေ မဲလ်ဘုန်းမြို့အနောက်ဘက်ခြမ်းမှာ အခမ်းအနားတရပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

Karen National Day, Melbourne, 12/2/2022.
Karen National Day, Melbourne, 12/2/2022. Source: Shah Paung/SBS Karen

1 min read

Published

Updated

By Shah Paung


Skip to article content

မနေ့ စနေနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ကျင်းပတဲ့ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးအပါအဝင် လူပေါင်း ၄၀၀ ရာကျော်တက်ရောက်ခဲ့ကြပါတယ်။

ကရင်အမျိုးသားနေ့အခမ်းအနားနဲ့အတူတွဲပြီး ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေအတွက်ပါ ရံပုံငွေရှာဖွေပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ကိုဗစ် ကာလအတွင်း ပွဲစီစဉ်ကျင်းပရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအကြောင်းတွေကို အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ သြစတြေးလျကရင်အဖွဲ့အစည်း - ဗစ်တိုးရီးယားပြည် ဥက္ကဌ ဆရာစောမူးအက်က SBS မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ဒီလိုမျိုးကျနော်တို့ ကရင်အမျိုးသားနေ့အခမ်းအနားကို ကျင်းပဖို့အတွက် အခက်အခဲများစွာရှိပါတယ်။ စိန်ခေါ်မှုတွေလည်းအများကြီးရှိပါတယ်။ ပထမဦးဆုံး အချက်အနေနဲ့ ကျနော်တို့မှာ ရင်ဆုံးရင်ဆိုင်ရတဲ့အခက်အခဲကဘာလည်းဆိုတော့ အချိန်ဖြစ်ပါတယ်။ ကျနော်တို့က အစောပိုင်းမှာ ကိုဗစ်ကိစ္စလေးတွေကလည်းရှိနေတယ်။ ဒီ့အပြင် ကျနော်တို့ ဗစ်တိုးရီးယားပြည်နယ်ကလည်း အများသိကြတဲ့အတိုင်းပဲ ပိုးကူးစက်မှုနှုန်းကတနေ့ ထက်တနေ့များများလာတာ သောင်းချီကနေပြီးတော့ အခုလွန်ခဲ့တဲ့ တရက်နှစ်ရက်အတွင်းမှာပဲ ထောင်ဂဏန်းလောက်ကိုပြန်ကျသွားတယ်။ ဆိုတော့ ပြောချင်တာက ကျနော်တို့က ဒီပွဲကို လုပ်လို့ ရမလား မရဘူးလား၊ အွန်လိုင်းကနေလုပ်ရမလား၊ ဇူးမ် ကနေလုပ်ရမလား။ နောက်ဆုံး ကျနော်တို့ လုပ်ဖို့ မလွယ်တော့ဘူး မဖြစ်တော့ဘူး ဆိုတဲ့ အခြေအနေတောင်ရောက်သွားတယ်။ သို့သော် အကျိုးအကြောင်းတိုက်ဆိုင်တယ်လို့ပဲပြောရမလား။ __ အခက်အခဲရှိတာမှ တော်တော်ရှိတယ်။ နေရာထိုင်ခင်းအခက်အခဲ။ ငွေရေးကြေးရေးအခက်အခဲ။ ဦးဆောင်တာဝန်ယူမယ့်လူတွေရဲ့ အခက်အခဲ။ သို့သော်လည်းပဲ ကျနော်တို့က တစိတ်တဝမ်းတည်းရှိကြတဲ့အခါကျတော့_ကျနော်တို့တာဝန်တွေခွဲယူခဲ့ကြပြီး __ အခက်အခဲတွေရှိသော်ငြားလည်းပဲ ကျနော်တို့မှာရှိတဲ့တူညီမှုတခုက ပွဲဖြစ်မြောက်ရေးအတွက် ဆက်လုပ်ကြမယ်ဆိုတာပါပဲ။"

ကရင်အမျိုးသားနေ့ကို ကရင်ခေါင်းဆောင်တွေက ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပသွာကြးဖို့ကိုတော့ ၁၉၅၃ နိုဝင်ဘာလ ၂၃ရက်နေ့မှာကျင်းပခဲ့တဲ့ ပထမဦးဆုံး ကော်သူးလေအမျိုးသားညီလာခံမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ကရင်အမျိုးသားနေ့အတွက်သတ်မှတ်တဲ့ ကြွေးကြော်သံ ၄ချက်ရှိပြီး၊ အဲ့ဒါတွေကတော့ ၁) ကရင်ပြည်ချက်ချင်းပေး။ ၂) ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ၊ ၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ ၄) ပြည်တွင်းစစ် အလိုမရှိ တို့ဖြစ်ကြပါတယ်။

အခုကျင်းပတဲ့ကရင်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးအတွက်ကို Victorian Karen Communities Network Group အပါအဝင် Western Karen Elder Group နဲ့ Australian Karen Organisation - Victoria အပြင် ဗစ်တိုးရီးပြည်နယ်အတွင်းမှာရှိကြတဲ့ ကရင်လူမှုအဖွဲ့အစည်း အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now