SKIP TO MAIN CONTENT

ရာနဲ့ချီ ပျောက်ဆုံးနေတဲ့ နီပေါနိုင်ငံ ရေကြီးမှုအတွင်း ဩစတြေးလျနိုင်ငံသား ၃၄ ဦး ပါဝင်

နီပေါနဲ့ တိဘက် နယ်စပ်မှာ ပြင်းထန်တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၆၀ သေဆုံးကာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဩစတြေးလျနိုင်ငံသား ၃၄ ဦး အပါအဝင် ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ရုပ်အလောင်း ၁၅၀ ကျော်ကို ရှာဖွေတွေ့ရှိထားပြီလို့ ပြောပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေစဉ်မှာပဲ ဒီရေကြီးမှုကို ဘာက စတင်ဖြစ်ပွားစေခဲ့တာလဲဆိုတဲ့ မေးခွန်းတွေနဲ့ နောက်ထပ် ရေကြီးမှုအန္တရာယ်တွေ ရှိလာနိုင်သလားဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ထုတ်နေကြပါတယ်။

APTOPIX Nepal Flash Floods
Rescuers carry a victim of flash flooding to safety along the Trishuli River in Nepal's Nuwakot district, Wednesday, Aug. 26, 2026. (AP Photo/Niranjan Shrestha) Source: AP / Niranjan Shrestha/AP Photo/Niranjan Shrestha

3 min read

Published

By Haylena Krishnamoorthy

Source: SBS


Skip to article content

နီပေါနဲ့ တိဘက် နယ်စပ်တစ်လျှောက် ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် နီပေါနဲ့ တရုတ်နိုင်ငံတို့မှာ အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပါတယ်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ရုပ်အလောင်း ၁၅၇ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ရေကြီးနိုင်ခြေရှိတဲ့ ဧရိယာတွေမှာရှိတဲ့ မိသားစုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ ရဲအရာရှိတွေက ဆောင်ရွက်နေကြပါတယ်။

နေအိမ်တွေ၊ လမ်းတွေနဲ့ တံတားတွေဟာ ရွှံ့နွံတွေ၊ ရေဓါတ်တွေနဲ့အတူ မျောပါသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘာနီးစ် (Anthony Albanese) အတည်ပြုထားချက်အရ ဩစတြေးလျနိုင်ငံသား ၃၄ ဦး အပါအဝင် လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

 "ဒါဟာ တကယ်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ လက်ရှိအချိန်မှာ ပျောက်ဆုံးနေတဲ့ ဩစတြေးလျနိုင်ငံသား ၃၄ ဦး ရှိပါတယ်။ သတင်းအချက်အလက်ရရှိသူတွေအနေနဲ့ ကျနော်တို့ရဲ့ သံတမန်ရေးရာ အရာရှိတွေကို ဆက်သွယ်ပေးဖို့ တောင်းဆိုပါတယ်။ လက်ရှိအချိန်မှာ နီပေါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်တာမို့ ဩစတြေးလျမှာလို ဒီလိုဖြစ်ရပ်မျိုးကို ရင်ဆိုင်ဖို့ အရင်းအမြစ်တွေ မရှိပါဘူး။ ဒါကြောင့် သတင်းအချက်အလက် ရရှိဖို့ ခက်ခဲနေပါတယ်။"]]

ပျောက်ဆုံးနေတဲ့ ဩစတြေးလျနိုင်ငံသားတွေထဲမှာ အသက် ၁၁ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။

ပျောက်ဆုံးနေသူတွေဟာ သီးခြား ဘုရားဖူးအဖွဲ့တွေနဲ့ ခရီးသွားအဖွဲ့တွေထဲက ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong ပန်နီဝေါင်း က ပြောပါတယ်။

"ဒီမနက်မှာ နီပေါနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး ဆိုင်မွန် အားနက်စ်တ် (Simon Ernst) နဲ့ စကားပြောခဲ့သလို၊ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး စကော့တ် ဒူးဝါး (Scott Dewar) နဲ့လည်း စကားပြောခဲ့ပါတယ်။ ကျမ တို့ သူတို့နဲ့အတူရှိကြောင်း  အကြောင်းကြားခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပြီး အကူအညီ ပိုမိုလိုအပ်ပါက ကျမကို ဆက်သွယ်ဖို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ အရေးပေါ် တုံ့ပြန်ရေး ဝန်ထမ်းတွေ အပါအဝင် DFAT ဝန်ထမ်းတွေကို အဲဒီဒေသကို ထပ်မံ စေလွှတ်နေပါတယ်။"

သူမက နီပေါအစိုးရအပြင် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အစောပိုင်းမှာ နီပေါ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ကမ္ဘာလှည့်ခရီးသွား ၄၀၃ ဦးအနက် အများစုဟာ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားတွေထဲမှာ အိန္ဒိယ၊ ဩစတြေးလျ၊ ဗြိတိန်၊ မလေးရှား၊ နယ်သာလန်၊ ပေါ်တူဂီ၊ တောင်အာဖရိက၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံသားတွေ ပါဝင်ပါတယ်။

နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန (DFAT) က အဲဒီဧရိယာမှာရှိတဲ့ ဩစတြေးလျနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အတည်ပြုနိုင်ဖို့ အရေးတကြီး ဆောင်ရွက်နေပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ကံကောင်းစွာ လွတ်မြောက်လာသူ ကေရှပ် ပရာဆာဒ် ဘာရယ် (Keshav Prasad Baral) ကတော့ သူဟာ အိမ်ခေါင်မိုးပေါ်ကို ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမယ့် ဇနီးဖြစ်သူ ရေထဲမျောပါသွားခဲ့တဲ့အတွက် စိတ်ထိခိုက်ခံစားနေရပါတယ်။

 "ကျနော် ခေါင်မိုးပေါ်မှာ ရှိနေတုန်း ရေကြီးမှုက ထိပ်ဆုံးအလွှာအထိ ရောက်လာခဲ့တာပါ။ နာရီဝက်၊ တစ်နာရီလောက်ကြာမှ ရေပြန်ကျသွားတာ။ ကျနော်တို့ ဘေးကင်းဖို့ ခေါင်မိုးပေါ်မှာ နေနေတုန်း အမျိုးသမီးက မြေပြိုမှုထဲ မြုပ်သွားခဲ့တာပါ။ လေးငါးနာရီလောက်ကြာမှ ရဟတ်ယာဥ်က ကျနော့်ကို လာကယ်တာပါ။"

နီပေါဝန်ကြီးချုပ် ဗာလန်ဒရာ ရှာဟ် (Balendra Shah) က လူမှုကွန်ရက်ပေါ်က ထုတ်ပြန်ချက်တစ်ခုမှာ အခက်အခဲကြုံတွေ့နေရသူတွေအနေနဲ့ ဒီခက်ခဲတဲ့အချိန်မှာ တစ်ယောက်တည်း မဟုတ်ဘူးလို့ ကတိပြုခဲ့ပြီး အစွမ်းကုန် တုံ့ပြန်ကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်အာရှတစ်ခွင်မှာ ဇွန်လကနေ စက်တင်ဘာလအထိ မိုးရာသီ မုတ်သုံမိုးကြောင့် သေကြေပျက်စီးမှုများတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ဒီဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ နီပေါဆိုင်ရာ အကြီးအကဲ ဒေးဗစ် ဖိရှာ (David Fisher) က ရွာတစ်ရွာလုံးနဲ့ ဈေးဧရိယာတစ်ခုလုံး ပျောက်ကွယ်သွားခဲ့တယ်လို့ ပြောပါတယ်။

ဩစတြေးလျနိုင်ငံဆိုင်ရာ နီပေါသံရုံးက တာရာ ဂေါတမ် (Tara Gautam) က အခုလို ပြောပါတယ်။

"နီပေါရဲ့ အလွန်ခက်ခဲတဲ့ ပထဝီဝင်အနေအထားကြောင့် ဘေးဒဏ်သင့်ခဲ့တဲ့ ခရိုင်တွေကို သွားရောက်ဖို့ မလွယ်ကူပါဘူး၊ သွားလို့မရပါဘူး။ အဲဒီဧရိယာမှာ မိုးရွာနေပြီး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် အကူအညီတောင်းနေတဲ့ လူတွေဆီကို ရောက်ဖို့ ခက်ခဲနေပါတယ်။ အဲဒီဒေသမှာ ခရီးသွား ၄၀၀ ကျော်နဲ့ ဘုရားဖူးတွေ ပိတ်မိနေတယ်လို့ ကြားရပါတယ်။ သူတို့ဟာ ရာဆူဝါ (Rasuwa) ခရိုင်က အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ ဂိုဆာအင်ကွန်ဒါ (Gosaikunda) ကို သွားဖို့ ကြိုးစားနေကြတာပါ။"

ဒါပေမယ့် လူအများအပြားကတော့ ဒီရေကြီးမှု ဘယ်လိုကနေ ဘယ်လို ဖြစ်ပွားခဲ့သလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

နီပေါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ အဆိုအရ ဂြိုဟ်တုအချက်အလက်တွေက နီပေါ-တရုတ် နယ်စပ်ရှိ နှင်းနဲ့ ကျောက်ခဲ မြေပြိုမှုကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။

နီပေါ နိုင်ငံခြားရေးဝန်ကြီး ရှီးရှီးရ် ခါနဲလ် (Shishir Khanal) က ငလျင်ကြောင့် မြေပြိုမှုဖြစ်ပွားပြီး မြစ်ကို ပိတ်ဆို့သွားကာ အောက်ဘက်ကို ရေတွေ ဒလဟော စီးဆင်းသွားခြင်းဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

ရေကြီးရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပေမယ့် မြစ်အတွင်း ပိတ်ဆို့မှု ကျန်ရှိနေပါက နောက်ထပ် ရေကြီးမှု ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Kathmandu အခြေစိုက် အပြည်ပြည်ဆိုင်ရာ စုပေါင်းတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD) မှ အဝေးထိန်းစနစ်နှင့် ဂျီအို-အချက်အလက် လေ့လာဆန်းစစ်သူ ဆားသတ်ခ် ရှရက်စ်ထာ (Sarthak Shrestha) က ပဏာမ အကဲဖြတ်ချက်အရ တရုတ်နယ်စပ်ဘက်ခြမ်းမှာ "ပုံမှန်မဟုတ်သော ဖြစ်စဉ်များ" မတွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ဒီဒေသမှာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေရဲ့ အကြိမ်ရေပိုများလာသလို ဖြစ်လာပြီဆိုရင်လည်း ပြင်းအား ပိုမိုမြင့်မားလာနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ စုပေါင်းတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန က ဒုတိယအကြိမ် ရေကြီးမှု ဖြစ်ပွားနိုင်ခြေရှိကြောင်း သတိပေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ နီပေါ ခရစ်ကက်အသင်းဟာ Top End Series T20 ခရစ်ကက်ပြိုင်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် ဒါဝင် (Darwin) မြို့မှာ ရောက်ရှိနေပါတယ်။

ဒီနေ့မှာတော့ မြောက်ပိုင်းနယ်မြေ (Northern Territory) ခရစ်ကက်အဖွဲ့ဟာ ပွဲစဉ်တစ်ခုစီမစမီ တစ်မိနစ်ငြိမ်သက်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ရွှံ့နွံတွေကို ဖြတ်သန်းရှာဖွေနေကြဆဲဖြစ်ပြီး အရေးပေါ်အဖွဲ့တွေက အကူအညီတွေ ပေးပို့နေစဉ်မှာပဲ အဲဒီမရေရာမှုတွေဟာ ဩစတြေးလျက မိသားစုတွေအတွက် ပူဆွေးသောကရောက်စရာ ဖြစ်နေပါတယ်။

အရေးပေါ် သံတမန်ရေးရာ အကူအညီ လိုအပ်သော ဩစတြေးလျနိုင်ငံသားများအနေဖြင့် DFAT ၏ ၂၄ နာရီ သံတမန်ရေးရာ အရေးပေါ်ဌာန ဖုန်းနံပါတ် 1300 555 135 သို့မဟုတ် ပင်လယ်ရပ်ခြားမှဖြစ်ပါက +61 2 6261 3305 သို့ ဆက်သွယ်နိုင်ပါသည်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now