SKIP TO MAIN CONTENT

သြစီမှာ ၂၄ နာရီအတွင်း စံချိန်သစ်တင်လောက်အောင် ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့ကြ

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းမှုတွေ ရှိပေမယ့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စံချိန်သစ်တင်အောင် ကာကွယ်ဆေး ထိုးခဲ့ကြတယ်လို့ သိရပါတယ်။

A record number of Australians have received their COVID jabs over the past 24 hours.
A record number of Australians have received their COVID jabs over the past 24 hours. Source: AAP

2 min read

Published

Source: AAP, SBS



Skip to article content

ကျန်းမာရေးဝန်ကြီး Greg Hunt ရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၉ ၅၀၀၀ ကာကွယ်ဆေး ထိုးခဲ့ကြတာဖြစ်လို့ အခုဆိုရင် သြစတြေးလျမှာ ကာကွယ်ဆေးထိုးတဲ့ဦးရေက ၃.၂၈ သန်း ရှိသွားပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရခါစမှာ ကာကွယ်ဆေး ထိုးဖို့ စိတ်အား ထက်သန်ကြပေမယ့် ဒီနောက်ပိုင်း ကာကွယ်ဆေး တချို့က သွေးကြောထုံးစေတယ် ဆိုတဲ့ ပြောဆိုမှုတွေကြောင်း စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

တချို့ကလည်း ပြည်ပနိုင်ငံတွေ ထွက်စရာ မလိုလို့ မထိုးဘူးဆိုတာမျိုးလည်း ရှိတဲ့အတွက် ဆေးတွေက အဆင်သင့်ရှိပေမယ့် ကာကွယ်ဆေးထိုးတဲ့လူ နည်းနေခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးပြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ သူတို့ရဲ့ မိခင်၊ ဖခင်တွေ၊ အဖိုး၊ အဖွားတွေ ကာကွယ်ဆေးထိုးတာကို ကြည့်ပြီး ဆေးအပေါ် ယုံကြည်စိတ်ချမှုမျိုး ပိုဖြစ်လာနေကြတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

AstraZeneca ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက သွေးကြောထုံးမှု ဖြစ်စေတယ်ဆိုတဲ့ ပြောဆိုချက်ကြောင်း စိုးရိမ်မှုတွေ ရှိတဲ့အတွက် သြစတြေးလျနိုင်ငံမှာ အသက် ၅၀ အထက် လူတွေသာ AstraZeneca ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

အကယ်လို့ AstraZeneca ဆေးအစား Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေး ထိုးပေးရင် ဆေးထိုးခံမယ့် လူတွေ ပိုများမလားလို့ မေးတဲ့အခါ ကျန်းမာရေးဝန်ကြီးက အသက် ၅၀ ကျော်သူတိုင်း အခုချက်ခြင်း ကာကွယ်ဆေး ထိုးတာကို မြင်လိုတယ်လို့ ပြောပါတယ်။

နောက်နောင်ကြရင် Pfizer နဲ့ Moderna လို ဆေးတွေလည်း အားလုံးအတွက် ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်ဆိုင်ရာ AstraZeneca ရဲ့ အကြီးအကဲ Liz Chatwin ရဲ့ အဆိုအရ AstraZeneca ကာကွယ်ဆေးဟာ အင်မတန် ထိရောက်မှု ရှိတဲ့ဆေးဖြစ်သလို ကမာ္ဘမှာ လူသန်းပေါင်း ဆယ်နဲ့ချီ အဲဒီဆေးကို အသုံးပြုနေကြတဲ့အကြောင်း၊ လူအများစုက အဲဒီဆေးနဲ့ တည့်ကြတယ်လို့လည်း ABC ကို ပြောပါတယ်။

Ms Chatwin ရဲ့ အဆိုအရ အဲဒီ ကာကွယ်ဆေးထိုးလို့ သွေးကြောထုံးမှု ဖြစ်ရတယ်ဆိုတာ အင်မတန် ရှားပါးပြီး လူပေါင်း ၁.၈ သန်းမှာ ၁၈ ယောက်သာ အဲဒီ ဘေးထွက်ဆိုးကျိုးကို ခံစားရတာလို့ ပြောပါတယ်။

တခြားနိုင်ငံမှာလည်း အလားတူဖြစ်ပေမယ့် သြစတြေးလျနိုင်ငံမှာ ဘေးထွက်ဆိုးကျိုးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားရတာမျိုး ပိုနည်းတယ်လို့ ပြောပါတယ်။

အကြောင်းရင်းကတော့ သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကို ကုသဖို့ အခက်အခဲ အတားအဆီးတွေ၊ ဝန်တွေ ပိုနည်းပါးတဲ့အတွက် စောစောစီးစီး ရောဂါကို သိရပြီး ကောင်းမွန်စွာ ကုသနိုင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

သွေးကြောထုံး ရောဂါဟာ ကိုဗစ် ကာကွယ်ဆေး တစ်ခုကြောင့် မဟုတ်ပဲ သြစတြေးလျနိုင်ငံမှာ နေ့စဉ်နေ့တိုင်း လူပေါင်း ၅၀ လောက် သွေးကြောထုံးဝေဒနာ ခံစားရပြီး တခြား ရောဂါတွေကြောင့်လည်း ဖြစ်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တမ်းတစ်ခုမှာ ဖော်ပြချက်အရ သြစတြေးလျနိုင်ငံက အသက်ရပြီးသူ လူ ၃ ပုံ ၁ ပုံဟာ ကိုဗစ် ကာကွယ်ဆေး မထိုးချင်ကြဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် စကော့တ် မော်ရီဆန်ကတော့ အဲဒီစစ်တမ်းရလာဒ်အပေါ် စိုးရိမ်မှု မရှိတဲ့အကြောင်း၊ အစိုးရဖက်က ကြိုးစားစရာ ရှိတာ ဆက်လုပ်သွားမှာဖြစ်ပြီး စစ်တမ်းမှာ ဖြေဆိုသူ ၇၀% က ကာကွယ်ဆေး ထိုးချင်တဲ့အနေအထား ရှိတဲ့အတွက် အဲဒီအချက်ကို ပိုပြီး စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

ကာကွယ်ဆေး ထိုးမယ့် လူတွေကိစ္စကို ပိုစိတ်ဝင်စားပြီး မထိုးချင်သေးတဲ့ လူတွေကိုလည်း နောက်ပိုင်းမှာ ပြောဆိုဆွေးနွေးမှုတွေလုပ်ဖို့ အချိန်ရမယ့်အကြောင်း၊ ဒီနိုင်ငံဟာ လွတ်လပ်မှု ရှိတဲ့နိုင်ငံဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသလို အဲဒီလူတွေအနေနဲ့ သူတို့ ဆရာဝန်နဲ့ ပြောဆို ဆွေးနွေးတာမျိုး လုပ်နိုင်တယ်လို့လည်း ပြောပါတယ်။

ကာကွယ်ဆေးကို လုံးဝ ခါးခါးသီးသီး ဖြစ်နေတဲ့လူက အလွန်သေးငယ်တဲ့ လူနည်းစုသာ ဖြစ်ပြီး တခြားလူတွေကတော့ ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

Nine Entertainment ရဲ့ စစ်တမ်းအရ သြစတြေးလျံ ၃ ပုံ ၁ ပုံ နီးပါးလောက် ကာကွယ်ဆေး မထိုးချင်ကြဘူးလို့ ပြသထားတာ ဖြစ်ပါတယ်။

တချို့လူတွေက ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရမှာ စိုးလို့ မထိုးချင်တာဖြစ်သလို တချို့ကလည်း အခုထိုးဖို့ မလိုအပ်သေးတဲ့အတွက် မထိုးတာဖြစ်ပြီး နိုင်ငံတကာ နယ်စပ်တွေ ပိတ်ချထားတဲ့အတွက် ပြည်ပနိုင်ငံကိုလည်း သွားစရာ မလိုအပ်လို့ မထိုးသေးတာလို့ ဖြေဆိုကြပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၁၅% က ကာကွယ်ဆေး ထိုးဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ ဖြေဆိုပြီး နောက်ထပ် ၁၄%က သိပ်ပြီး ထိုးလိုတဲ့ ဆန္ဒမရှိဘူးလို့ ဖြေဆိုကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now