သြစတြေးလျနိုင်ငံတလွှားက ပြည်နယ်နဲ့ ဒေသတွေမှာ ကာကွယ်ဆေးထိုးတဲ့နှုန်းမြင့်မားလို့ အခုဆိုရင် လော့ခ်ဒေါင်းချထားမှုတွေကို ဖယ်ရှားပြီး နိုင်ငံတကာ ခရီးသွားလာမှုတွေလည်း ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။
အဲဒီလို ဖြေလျှော့မှုတွေကြောင့် အိုမီခရွန်နဲ့ ဒယ်လ်တာမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့သူဦးရေ များပြားလာမှာဖြစ်လို့ ကျန်းမာရေးပညာရှင်တွေက ထိုးထားတဲ့ ကာကွယ်ဆေး ဆေးရှိန်မပျယ်အောင်၊ ပိုပြီး အကာအကွယ်ပေးနိုင်အောင် booster shot ထိုးကြဖို့ တိုက်တွန်းထားပါတယ်။
Booster shot ကို ထိုးတာဟာ ပထမနဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရသလို အတူတူပဲ ဖြစ်ပါတယ်။
အိုမီခရွန်မျိုးကွဲက ကမာ္ဘပေါ်မှာ ပိုမိုပျံ့နှံ့လာနေတုန်း ကိုယ်ခံအားပိုကောင်းဖို့အတွက် ဆေးရှိန်မပျယ်အောင် booster ထိုးဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူး Brendan Murphy က ဒီဇင်ဘာလတုန်းက ပြောပါတယ်။
Booster ကမ်ပိန်းများ
ဖက်ဒရယ် ကျန်းမာရေးဝန်ကြီး Greg Hunt က ဒီဇင်ဘာလ အစောပိုင်းတုန်းက booster shot တွေ ထိုးကြဖို့ ကမ်ပိန်းကို ခရစ္စမတ် နှစ်သစ်ကူးကာလမတိုင်ခင် တိုက်တွန်းလုပ်ဆောင်ထားတာရှိပြီး ကာကွယ်ဆေး နှစ်ချောင်းပဲ ထိုးထားတဲ့လူတွေ အိုမီခရွန် မျိုးကွဲရန်ကနေ အကာအကွယ်မပေးနိုင်မှာစိုးလို့ ဒုတိယမြောက် ကာကွယ်ဆေးကို ထိုးပြီး အချိန်တန်တာနဲ့
booster shot ထိုးကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီလိုနဲ့ပဲ Australian Technical Advisory Group on Immunisation (ATAGI) အဖွဲ့ ဒုတိယမြောက် အချောင်းကို ထိုးပြီး ၆ လ အကြာမှာ booster shot ထိုးဖို့ တိုက်တွန်းရာက ၅ လအကြာမှာ ထိုးနိုင်ကြောင်း အကြံပြုထားပါတယ်။
အခုဆိုရင် သြစတြေးလျနိုင်ငံမှာ နေထိုင်သူ လူပေါင်း ၁.၅ သန်းလောက် booster shot ကို ထိုးနိုင်ပြီ ဖြစ်ပါတယ်။
ATAGI အဖွဲ့ကပဲ booster shot အဖြစ် Pfizer ကာကွယ်ဆေးအပြင် Moderna ကာကွယ်ဆေးလည်း သုံးနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။ လူတွေ booster shot ထိုးကြအောင် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေက ကမ်ပိန်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။
သက်ကြီးတွေအတွက် booster shot
အစိုးရရဲ့ ကာကွယ်ဆေးဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ အဆိုအရ အသက် ၇၀ နှစ်နဲ့ အထက်ရှိသူတွေ၊ ပြီးတော့ နာတာရှည်ရောဂါ ခံစားရတဲ့ အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေ၊ ပြီးရင် အသက် ၅၀ ကျော် Aboriginal နဲ့ Torres Strait Islander တွေနဲ့ ကိုယ်ခံအားနည်းတဲ့လူတွေအပြင် အခြား ဆိုးဝါးတဲ့ ရောဂါ ခံစားနေရတဲ့လူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ခံစားရရင် အခြေအနေဆိုးနိုင်တယ်လို့ ပြောပါတယ်။
ဖက်ဒရယ် ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစပြီး သြစတြေးလျနိုင်ငံက အသက်ကြီးသူ လူပေါင်း ၁၉ ၁၀ ဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရပြီလို့ ဖော်ပြထားပါတယ်။

ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးကွဲတွေက ကူးစက်မှုနှုန်း ပိုများပေမယ့် ကာကွယ်ဆေးတွေကြောင့် အပျင်းဖြားတာတွေ ဒါမှမဟုတ် သေဆုံးရမှုတွေကို လျော့ကျစေတာကို တွေ့နေရပါတယ်။
သြစတြေးလျနိုင်ငံက သက်ကြီးတွေဟာ အရင်ဆုံး ကာကွယ်ဆေး ထိုးကြတဲ့ လူတွေဖြစ်လို့ booster shot ကိုလည်း အရင်ဆုံး ထိုးကြရမယ့် အုပ်စုထဲ ပါဝင်ပါတယ်။
သြစတြေးလျနိုင်ငံက အသက် ၁၈ နှစ်ကျော်သူ လူတိုင်း booster shot အတွက် Pfizer ဖြစ်ဖြစ် Moderna ဖြစ်ဖြစ် ထိုးခွင့်ရှိပါတယ်။
သက်ကြီးစောင့်ရှောက်ရေးစင်တာက လူတွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ဆေးနဲ့ booster shot တွေကို commonwealth ဆေးခန်းတွေမှာ ထိုးနိုင်ပါတယ်။
သက်ကြီးစင်တာလ လူတွေအတွက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အချက်အလက်အတွက် ဒီနေရာမှာ ရှာကြည့်နိုင်သလို
booster shot အတွက် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ကလေးငယ်တွေအတွက် ကာကွယ်ဆေး
The Therapeutic Goods Administration နဲ့ ATAGI တို့က အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေအတွက် Pfizer ကာကွယ်ဆေး သုံးနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
ဒီလို ခွင့်ပြုရတဲ့အကြောင်းရင်းကတော့ မကြာခင်တုန်းက ပြုလုပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ ဒီကာကွယ်ဆေးဟာ အင်မတန် ထိရောက်မှုရှိပြီး ဘေးထွက်ဆိုးကျိုးက နည်းပါးပြီး ယာယီသာ ဖြစ်ပေါ်တဲ့အတွက် ဖြစ်တယ်လို့ ATAGI ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အသက် ၅ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးငယ်တွေကို ဇန်နဝါရီလ ၁၀ ရက်ကနေစပြီး ကာကွယ်ဆေးထိုးပေးနိုင်မှာဖြစ်ပြီး ရက်ချိန်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။
မိသားစုဆရာဝန် GP ဆေးခန်း၊ Aboriginal Health Services၊ ဆေးအရောင်းဆိုင်အပြင် ပြည်နယ်နဲ့ ဒေသအစိုးရဆိုင်ရာ ဆေးခန်းတွေမှာလည်း ရယူနိုင်ပါတယ်။

ATAGI က ကလေးငယ်တွေအတွက် ကာကွယ်ဆေး တစ်ချောင်းနဲ့တစ်ချောင်း ၈ ပတ်ခြားဖို့ အကြံပြုထားပြီး အင်မတန်ကူးစက်မှုနှုန်းများလာခြင်း အပါအဝင် အထူးအခြေအနေမှာတော့ ၃ ပတ်ခြားလည်း ရတယ်လို့ ပြောပါတယ်။
ဒီကိုဗစ်-၁၉ ကူးစက်ရင် ကျန်းမာရေးချို့တဲ့ တဲ့ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးတွေ၊ Aboriginal နဲ့ Torres Strait Islander လူမျိုး ကလေးငယ်တွေနဲ့ လူဦးရေထူထပ်မှုများတဲ့ နေရာမှာ နေထိုင်တဲ့ ကလေးငယ်တွေအတွက် ပိုဆိုးနိုင်လို့ ဒီကာကွယ်ဆေးက သူတို့အတွက် အထူးအကျိုးပြုနိုင်တယ်လို့
ATAGI က ပြောပါတယ်။
အဲဒီအသက် အရွယ်အကြား ကလေးငယ်တွေ အရင်တုန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးရင်တောင် ရောဂါ သက်သာလာတဲ့အခါ ကာကွယ်ဆေးထိုးနိုင်ပါတယ်။
ဒါပေမဲ့ ကလေးငယ်တွေကို ထိုးပေးတဲ့ ကာကွယ်ဆေး ပမာဏက လူကြီးတွေနဲ့ မတူပဲ အသက် ၁၂ နဲ့ အထက်ရှိသူတွေကို 30 microgram ထိုးပေးချိန်မှာ ကလေးတွေအတွက် 10 microgram သာ ထိုးပေးတာ ဖြစ်ပါတယ်။
ပထမ ကာကွယ်ဆေးကို ထိုးပြီး မကြာခင်မှာပဲ အသက် ၁၂ ပြည့်သွားရင် အသက် ၁၂ နှစ်အထက် ပြည့်သူတွေအတွက် ထိုးပေးတဲ့ ပမာဏကို ထိုးနိုင်ပါတယ်။
ဘယ်နေရာမှာ ပိုပြီး အကူအညီရယူနိုင်မလဲ။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကနေ အိုမီခရွန်မျိုးကွဲကို စိုးရိမ်မကင်းဖွယ်ရာ မျိုးကွဲအဖြစ် သတ်မှတ်လိုက်ပြီးတဲ့နောက် အစိုးရက
booster shot တွေ ထိုးကြဖို့ တိုက်တွန်းမှုတွေ ပညာပေးမှုတွေ ပိုလုပ်လာပါတယ်။

Primary Care Response First Assistant Secretary ဖြစ်သူ Lucas De Toca ကတော့ ကိုဗစ်-၁၉ ရောဂါကို ကုသနိုင်တဲ့ဆေးတွေ ပေါ်လာသည့်တိုင်အောင် booster shot ရယူဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ နဲ့ ပတ်သက်လာရင် လုံးဝဥဿုံ ပျောက်ကင်းနိုင်တဲ့ ကုသဆေး မရှိသေးဘူးလို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးတဲ့အခါ ကာကွယ်ဆေးထိုးပြီးတဲ့ ရက်စွဲနဲ့အတူ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပေါ်မှာ ပြသထားတဲ့အတွက် အဲဒီ ရက်စွဲရဲ့ ၅ လအကြာမှာ booster ထိုးနိုင်မှာ ဖြစ်ပါတယ်။
ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရက်ချိန်းအပြင် တခြားလူတွေအတွက် ရက်ချိန်းနဲ့ ထိုးပေးတဲ့နေရာကို ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။
သင်နေထိုင်ရာ ပြည်နယ်ရဲ့ သတ်မှတ်ချက်တွေ စည်းမျဉ်းတွေနဲ့ ဆက်စပ်ပြီး restriction checker မှာ လေ့လာနိုင်ပါတယ်။
သင့်ဘာသာစကားနဲ့ ကိုဗစ်-၁၉ အကြောင်းအတွက် စကားပြန် လိုအပ်ရင် Australian Translating and Interpreting Services (ATIS) စကားပြန်နဲ့ ဘာသာပြန် ဝန်ဆောင်မှုဌာနရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၁၃၁ ၄၅၀ ကို ဖုန်းဆက်နိုင်ပါတယ်။
ကာကွယ်ဆေးနဲ့ ရက်ချိန်းရယူခြင်းဆိုင်ရာ အချက်အလက်ပိုသိချင်ရင် National Coronavirus Helpline ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းဆက်နိုင်ပါတယ်။
ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး အချက်အလက် ထပ်မံသိလိုပါက သင့်ရဲ့ မိသားစုဆရာဝန်ကို ဆက်သွယ်ဖို့လည်း အကြံပြုလိုပါတယ်။
နောက်ဆုံးက ကာကွယ်ဆေးဆိုင်ရာအကြောင်းနဲ့ တခြားကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်တွေအတွက် သင့်ဘာသာစကားနဲ့ SBS Coronavirus Portal မှာ သွားရောက် ဖတ်ရှုနားဆင်လေ့လာနိုင်ပါတယ်။

