Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရုရှားသံတမန်တွေကို သြစီကနေ နှင်ထုတ်ဖို့ အတိုက်အခံခေါင်းဆောင်ပြောဆို

ဩစတြေးလျနိုင်ငံက အတိုက်အခံ လေဘာပါတီခေါင်းဆောင်က ဩစတြေးလျနိုင်ငံမှာ ရုရှားနိုင်ငံကို ကိုယ်စားပြုတဲ့ လူတွေ ထားရှိဖို့ အကြောင်းမသင့်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

Opposition Leader Anthony Albanese is seen during a press conference on the Gold Coast.

Federal Opposition Leader Anthony Albanese Source: AAP / DARREN ENGLAND/AAPIMAGE

လေဘာပါတီခေါင်းဆောင် Anthony Albanese က ၀န်ကြီးချုပ် Scott Morrison အနေနဲ့ ရုရှားသံတမန်တွေကို ဩစတြေးလျနိုင်ငံကနေ နှင်ထုတ်သင့်တယ်လို့ ပြောဆိုပေမယ့် ရုရှား သံအမတ်ကို ထွက်ခွာဖို့တော့ တိုက်ရိုက် ပြောဆိုခြင်းမရှိပါဘူး။

အဲဒီလို တောင်းဆိုချက်မျိုးကို ဩစတြေးလျမှာရှိတဲ့ ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေကလည်း တောင်းဆိုကြပေမယ့် ဩစတြေးလျအစိုးရက လစ်လျူရှုထားဆဲ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားစစ်သားတွေကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေအရ ၀န်ကြီးချုပ်အနေနဲ့ ရုရှားသံတမန်တွေကို နှင်ထုတ်သင့်ပြီး ဥရောပဖက်က မိတ်ဖက်နိုင်ငံတွေလို တုန့်ပြန်သင့်တယ်လို့ လေဘာပါတီခေါင်းဆောင် Anthony Albanese ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပြင်သစ်၊ ဂျာမဏီ စတဲ့ ဥရောပတိုက်က နိုင်ငံတချို့ဟာ ရုရှားသံတမန်နဲ့ အမှုထမ်း ရာနဲ့ချီကို ပြည်နှင်ဒဏ်ပေးတာမျိုး ပြုလုပ်ခဲ့ကြပြီး သံအမတ်ကိုတော့ ဆက်လက် နေထိုင်ခွင့်ပြုထားပါတယ်။

ဩစတြေးလျကလည်း အလားတူ လုပ်သင့်တယ်လို့ ပြောဆိုလိုက်ပြီး ရုရှားတပ်ဖွဲ့တွေရဲ့ အော့နှလုံးနာစရာကောင်းလောက်တဲ့ ချိုးဖောက်မှုတွေပြုလုပ်တဲ့ ဒီအခြေအနေမှာ ရုရှားကိုယ်စားလှယ်တွေကို ဩစတြေးလျမှာ ဆက်လက်နေထိုင်ခွင့်ပေးထားက နားမလည်နိုင်စရာဖြစ်တယ်လို့ ပါရှိပါတယ်။

ရုရှားတပ်ဖွဲ့အနေနဲ့ စစ်ရာဇာ၀တ်မှု ကျုးလွန်ခြင်းရှိမရှိ စုံစမ်းရာမှာ ဩစတြေးလျနိုင်ငံက ကျွမ်းကျင်သူတွေကို ပို့ဆောင်တဲ့အပေါ် အတိုက်အခံပါတီအနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။

အပြစ်မဲ့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ပစ်မှုနဲ့ မုဒိမ်းကို စစ်လက်နက်တစ်ခုလို အသုံးပြုတာကို ကြည့်ရင် စစ်ရာဇာ၀တ်မှုကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရကတော့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားခြင်းမရှိပဲ ထွက်ပေါ်လာတဲ့ သက်သေတွေဟာ အတုတွေသာ ဖြစ်ပြီး အနောက်တိုင်းနိုင်ငံတွေက ရုရှားကို နစ်နာစေချင်လို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ချေပထားပါတယ်။

ဩစတြေးလျ အစိုးရက ဒီကြာသပတေးနေ့မှာပဲ ရုရှားနိုင်ငံသား ၆၇ ဦးကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တစ်ခုကို ထပ်မံချမှတ်လိုက်တဲ့အတွက် အခုဆိုရင် လူပေါင်း ၆၀၀ ကျော် ဒဏ်ခတ်ပိတ်ဆို့မှု ခံရတာ ဖြစ်ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှု ခံရသူတွေထဲမှာ ရုရှားနိုင်ငံက သူဌေးတွေ၊ အစိုးရ အရာရှိတွေနဲ့ စစ်သားတွေပါ၀င်ပါတယ်။

နိုင်ငံခြားရေး၀န်ကြီး Marise Payne ဟာ နေတိုးအစည်းအ၀ေးတက်ရောက်ဖို့ Brussels မြို့မှာ ရောက်ရှိတုန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ ရုရှားနိုင်ငံက စစ်အရာရှိ Mikhail Mizintsev လည်း ပါ၀င်ပြီး သူဟာ Mariupol မြို့က ပြည်သူတွေခိုနားရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် Mariupol ရဲ့ သားသတ်သမား 'Butcher of Mariupol' လို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskiy က အင်္ဂါနေ့တုန်းက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့ပြီး ရုရှားကို အမြဲတမ်းအဖွဲ့၀င်နိုင်ငံကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ချာတာမှာ အမြဲတမ်း လုံခြုံရေး အဖွဲ့၀င်နိုင်ငံကို တိုက်ရိုက် ဖက်ရှားနိုင်တဲ့ နည်းလမ်းမရှိပါဘူး။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ ၃ ပုံ ၂ ပုံကသာ ရုရှားကို မလိုမရှိကြောင်း မဲထည့်ကြရင် ရုရှားကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီကနေ ရပ်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။

 


2 min read

Published



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now