SKIP TO MAIN CONTENT

ကိုလံဘီယာမှာ ငလျင်ကြောင့် အနည်းဆုံး ၁၁၁ ဦးသေ၊ အပျက်အစီးတွေအကြား ရှာဖွေမှု လုပ်နေဆဲ

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းနေကြပါတယ်။

Rescue workers operate at the site of a collapsed building following an earthquake in Cali, Colombia (AAP)
Rescue workers operate at the site of a collapsed building following an earthquake in Cali, Colombia (AAP)

2 min read

Published

By Angelica Waite

Source: SBS


Skip to article content

တရားဝင် စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံး လူ ၁၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး ငလျင်ကြောင့် အဆောက်အအုံ ၁,၆၀၀ ကျော် ပျက်စီးခဲ့တဲ့အတွက် အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကိုလံဘီယာနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာလီမြို့မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အဆောက်အဦးတွေအောက် လူတွေ ပိတ်မိတာမျိုး ရှိမရှိ မပူတပြင်း ရှာဖွေမှု လုပ်နေပါတယ်။

ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၁၁၁ ဦး သေဆုံးခဲ့ပြီး၊ ပီရဲရား၊ ကွီးဒိုး၊ ကာလီနဲ့ မာနီဇားလေ့စ် မြို့တွေအပါအဝင် ကိုလံဘီယာ အနောက်ပိုင်းမြို့တော်တော်များများမှာ အဆောက်အအုံပေါင်း ၁,၆၀၀ လောက် ပျက်စီးတာ ဒါမှမဟုတ် ပြိုကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ဗဟိုချက်ဟာ မြို့တော် Bogota (ဘိုဂိုတာ) ရဲ့ အနောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာ၊ ကိုလံဘီယာ ပစိဖိတ်ကမ်းရိုးတန်းက လူဦးရေ ကျဲပါးတဲ့ Chocó ပြည်နယ် San Jose del Palmar မြို့အနီးမှာ တည်ရှိပါတယ်။

ငလျင်လှုပ်ခတ်မှုကို မြို့တော်မှာတင်မကဘဲ အိမ်နီးချင်း အီကွေဒေါနိုင်ငံနဲ့ ပနားမား နိုင်ငံတွေအထိ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပေမဲ့ အဲဒီနိုင်ငံတွေမှာတော့ ပျက်စီးဆုံးရှုံးမှု နည်းပါးကြောင်း သတင်းရရှိပါတယ်။

သေဆုံးသူ အများဆုံးနေရာကတော့ နိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးရေးဒေသဖြစ်တဲ့ ရီစာရယ်ဒါ Risaralda ပြည်နယ်ဖြစ်ပြီး၊ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။

ကိုလံဘီယာ သမ္မတ Alberardo De La Espriella (အယ်လ်ဘာရာဒို ဒီ လာ အက်စ်ပရီယဲလာ) က ပြန်လည်ထူထောင်ရေး ရန်ပုံငွေတွေကို အမြန်ဆုံး ထုတ်ပေးနိုင်ဖို့ အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

သူ့အစိုးရအနေနဲ့ ထိခိုက်ခံစားရတဲ့ အသိုင်းအဝိုင်းတွေကို ကူညီဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

"ကျွန်တော်တို့သူတို့ကို ပစ်ထားမှာ မဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ရှိနေပြီး တစိုက်မတ်မတ်နဲ့ ကူညီဆောင်ရွက်သွားမှာပါ။ အမျိုးသားအစိုးရအနေနဲ့ အသက်အန္တရာယ် ကာကွယ်ဖို့၊ ထိခိုက်နစ်နာရတဲ့ ဒေသခံတွေကို ကူညီဖို့နဲ့ လိုအပ်နေတဲ့ နေရာတိုင်းဆီ အကူအညီတွေ ပေးအပ်နိုင်ဖို့ အရင်းအမြစ်တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်"

အမေရိကန်ပြည်ထောင်စုက ကိုလံဘီယာရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၅.၅ သန်း (သြစတြေးလျဒေါ်လာ ၂၂ သန်း) ကူညီပေးသွားမယ်လို့ ကြေညာထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ချက်အရ ဒီရန်ပုံငွေတွေကို ခိုလှုံရာနေရာ၊ အစားအသောက်၊ ဘေးကင်းလုံခြုံရေးနဲ့ ငလျင်ပျက်စီးမှု စစ်ဆေးဆန်းစစ်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq ဖာဟန် ဟတ်ခ် ကလည်း ကုလသမဂ္ဂအနေနဲ့ ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ကူညီဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

အိမ်နီးချင်း ဗင်နီဇွဲလားနိုင်ငံကလည်း လူသားချင်းစာနာမှုဆိုင်ရာနဲ့ ကယ်ဆယ်ရေး အကူအညီတွေကို ပေးအပ်ဖို့ ကမ်းလှမ်းထားပါတယ်။

ဗင်နီဇွဲလား ခေတ္တသမ္မတ Delcy Rodríguez ဒယ်လ်စီ ရော့ဒရီးဂတ်ဇ် က ရှာဖွေရေးလုပ်ငန်းတွေမှာ ကူညီနိုင်ဖို့ ဗင်နီဇွဲလားရဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြင်ဆင်ပေးထားတယ်လို့ ပြောပါတယ်။

ကိုလံဘီယာဘက်က လာခဲ့ပါလို့ ပြောလိုက်တာနဲ့ ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာလည်း လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ ကြီးမားတဲ့ ငလျင်လှုတ်ခတ်မှုကို ခံစားခဲ့ရပြီး လူပေါင်း ၆၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ခေတ္တသမ္မတ မစ္စ ရော့ဒရီးဂတ်ဇ် က ဗင်နီဇွဲလားအနေနဲ့ မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သလို ကိုလံဘီယာပြည်သူတွေကိုလည်း စာနာတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။

"ဒါဟာ ဘယ်လောက်အထိ နာကျင်စရာကောင်းလဲဆိုတာ ကျွန်မတို့ သိပါတယ်။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို ဗင်နီဇွဲလားကလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်။ သင်တို့ တစ်နိုင်ငံတည်း ခံစားနေရတယ်လို့ မခံစားစေချင်ပါဘူး။ ကျွန်မတို့ရဲ့ ညီအစ်မနိုင်ငံဖြစ်တဲ့ ကိုလံဘီယာအတွက် လက်တင်အမေရိကတလွှားက နိုင်ငံတွေ၊ Caribbean ကာရီဘီယံ ဒေသနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ စာနာကူညီမှု ပေးနေကြတာကိုလည်း ကျွန်မတို့ တွေ့မြင်ရပါတယ်" ဆိုပြီး နှစ်သိမ့်ပြောဆိုခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now