SKIP TO MAIN CONTENT

စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်ကို ဩစီနဲ့ ကန်တို့ဒဏ်ခတ်ပိတ်ဆို့

မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆက်နွယ်မှုရှိတဲ့ လုပ်ငန်း ၅ ခုကို ဩစတြေးလျ အစိုးရက ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။

Myanmar coup d'état
Protesters rally outside Myanmar's embassy in Thailand, after the Myanmar military seized power from a democratically elected civilian government. Source: AAP, AAP / Michael Nigro / AAP Image/Boonyakiat / SOPA Images/Sipa USA

2 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

နိုင်ငံခြားရေးဝန်ကြီး ပင်နီ ဝမ်ရဲ့ အဆိုအရ အခုလို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချမှတ်လိုက်တာဟာ မြန်မာစစ်တပ်ကနေ မြန်မာ ပြည်သူတွေအ‌ပေါ် ဆက်လက်ပြီး ဖိနှိပ်ချုပ်ချယ်မှု လုပ်နေသလို ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့အပြင် နိုင်ငံရေး အခြေအနေ၊ လူသားခြင်း စာနာမှု အခြေအနေနဲ့ လုံခြုံရေးအခြေအနေ ဆိုးသထက် ဆိုးလာနေတဲ့အတွက် အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်အတွက် အဓိက လှုပ်ရှားပေးတဲ့ Myanma Foreign Trade Bank မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ Myanma Investment and Commercial Bank မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့က ဒဏ်ခတ်ပိတ်ဆို့မှု ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ တိုက်လေယာဥ် လောင်စာဆီတွေကို အဓိက ပံ့ပိုးနေတဲ့ Asia Sun Group, Asia Sun Trading Co Ltd နဲ့ Cargo Link Petroleum Logistics Co Ltd တွေကိုလည်း အလားတူ ငွေရေးကြေးရေး ဒဏ်ခတ်ပိတ်ဆို့မှု ခံရမှာ ဖြစ်ပါတယ်။

ဩစတြေးလျလိုပဲ အမေရိကန် အစိုးရကလည်း စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ လုပ်ငန်း နှစ်ခုနဲ့ လူပုဂ္ဂိုလ် လေးဦးကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ လူ ၄ ဦးက ရွှေဗျိုင်းဖြူ လုပ်ငန်းအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မေလတ်၊ သမီး သိမ့်ဝင်းထက်နဲ့ သား ဝင်းပိုင်ကျော်တို့ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု အရေးယူခံရတဲ့ လုပ်ငန်းနှစ်ခုကတော့ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းအုပ်စုနဲ့ မြန်မာ့ဦးပိုင်လီမီတက်ရဲ့ မြန်မာ့ကြယ်ငါးပွင့်ရေကြောင်းတို့ ဖြစ်ပါတယ်။

 

အုပ်ချုပ်ရေးကာလ သက်တမ်းတိုးတဲ့အပေါ် ကုလ စိုးရိမ်မကင်း

စစ်ကောင်စီကနေ အ‌ရေးပေါ် အုပ်ချုပ်ရေးကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းတဲ့ သုံးနှစ် နှစ်ပတ်လည်နေ့ မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စစ်ကောင်စီက အရေးပေါ်အုပ်ချုပ်ရေးသက်တမ်းကို နောက်ထပ် ၆ လ တိုးမြင့်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ကုလသမဂ္ဂ အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည်ဖြစ်ပေါ်လာရေး အသွင်ပြောင်းမှုကို လိုလားကြောင်း၊ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ ရန်လိုမှုတွေကို ရပ်တန့်ဖို့ လိုကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေ လွတ်လပ်စွာ ငြိမ်းချမ်းစွာ လူ့အခွင့်အရေး ခံစားရဖို့ အားလုံးပါဝင်တဲ့ ပြဿနာ ဖြေရှင်းမှု ပြုလုပ်သင့်ကြောင့်းနဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ၊ နိုင်ငံရေး ဖိနှိပ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ဒီလို ဖိနှိပ်မှုတွေမှာ တာဝန်ရှိတဲ့လူတွေ တာဝန်ယူမှု ပြုလုပ်ရမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရေးပေါ် အုပ်ချုပ်ရေးသက်တမ်းကို တောက်လျှောက် သက်တမ်းတိုးလာတာ ဖြစ်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now