ကျန်းမာရေးဝန်ကြီး Greg Hunt ရဲ့ အဆိုအရ ဖက်ဒရယ် အစိုးရရဲ့ နိုင်ငံတော် လုံခြုံရေး ကော်မတီက အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိပြီး အိန္ဒိယနိုင်ငံကို ထပ်မံ ကူညီဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
အိန္ဒိယ နိုင်ငံမှာ အောက်ဆီဂျင်မလုံလောက်မှုတွေ ဖြစ်နေပြီး ဆေးရုံတွေမှာလည်း မနိုင်မနင်းမှုတွေ ဖြစ်နေလို့ လူနာတွေကို လက်မခံနိုင်တော့တဲ့အဆင့်အထိ ဖြစ်နေရပါတယ်။
အိန္ဒိယ နိုင်ငံမှာ တနင်္လာနေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅၂ ၉ ၉ ၁ ဦး ရှိခဲ့ပြီး ထပ်မံပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရကနေ အကူအညီတောင်းခံရာမှာလည်း အောက်ဆီဂျင်တွေ ပေးပို့ဖို့ တောင်းခံတဲ့ စာရင်းထဲ အတိအကျ ပြောလာတဲ့အတွက် အကူအညီပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

Mr Hunt ရဲ့ အဆိုအရ သြစတြေးလျအနေနဲ့ ventilators နဲ့ အောက်ဆီဂျင်တွေကို ပို့ဆောင်ဖို့ စဉ်းစားနေပြီး ပြည်နယ်အစိုးရတွေကိုလည်း သူတို့ ပြည်နယ်မှာ အပိုတွေ ရှိရင် ပေးကြဖို့ တောင်းခံထားတယ်လို့ ပြောပါတယ်။
အခုလောလောဆယ် သြစတြေးလျ အနေနဲ့ ventilators တွေကို ပေးပို့နိုင်တဲ့အနေအထား ရှိတဲ့အကြောင်း လတ်တလောမှာ အဲဒီစက်တွေကို သြစတြေးလျက မလိုအပ်ဘူးလို့လည်း ပြောပါတယ်။
ပြည်နယ်အသီးသီးကလည်း အောက်ဆီဂျင်တွေ ပေးပို့နိုင်ခြင်း ရှိမရှိ တောင်းခံထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံကို ကူညီဖို့ ဗြိတိန်၊ ဂျာမနီနဲ့ အမေရိကန်တို့ကလည်း ပြောဆိုထားတာရှိပြီး အိန္ဒိယ အစိုးရကလည်း တနင်္လာနေ့မှာပဲ ပြည်သူတွေကို ကူညီဖို့ စစ်တပ်ကို စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ကမ္ဘာမှာ ဒုတိယ လူဦးရေ အများဆုံး အိန္ဒိယ နိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားက ကြေကွဲစရာထက် မကတော့ဘူးလို့ ပြောဆိုလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အောက်ဆီဂျင်တွေကို ပေးပို့ဖို့ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

အောက်ဆီဂျင်တွေကို စစ်တပ်စခန်းတွေကနေတဆင့် ဆေးရုံတွေဆီ ပေးပို့မှာဖြစ်ပြီး အလုပ်ကနေ အနားယူပြီ ဖြစ်တဲ့ စစ်ကျန်းမာရေးအမှုထမ်းတွေကပါ ကူညီပါဝင်ကြမှာ ဖြစ်တယ်လို့ အိန္ဒိယ စစ်အရာရှိချုပ် Bipin Rawat က အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ပြောသွားခဲ့ပါတယ်။
ဖြစ်နိုင်ရင် စစ်ကျန်းမာရေး အဆောက်အဦးတွေကိုလည်း ပြည်သူတွေ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ဖို့ လေ၊ ရထား၊ လမ်း နဲ့ ရေစတဲ့ ကောင်းကင်နဲ့ မြေကြီးကိုလှန်ပြီး အပူတပြင်း လုပ်ဆောင်နေတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီး Harsh Vardhan က တွစ်တာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇ သန်းရှိပြီး လူပေါင်း ၁၉၅ ၁၂၃ ဦး သေဆုံးရပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၂၈၁၂ ဦး သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကြောင်း သြစတြေးလျ အစိုးရက အိန္ဒိယနိုင်ငံက လေယာဉ်တွေကို ဝင်ခွင့် ၃၀% လျှော့ချမယ်လို့ အရင်တစ်ပတ်က ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ သွားသွားလာလာ လုပ်မှုတွေကို ဒီထက်မက တင်းကြပ်မှုတွေ လုပ်သင့်မသင့် နိုင်ငံတော် လုံခြုံရေးကော်မတီက စဉ်းစားနေတယ်လို့လည်း သြစတြေးလျ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ အိန္ဒိယ လူမှုအသိုင်းအဝိုင်းတွေ အများကြီးရှိတဲ့အတွက် သြစတြေးလျနိုင်ငံအတွင်းမှာ နေထိုင်တဲ့ အိန္ဒိယသားတွေလည်း ခံစားနေရတယ်ဆိုတာကို နားလည်ကြောင်းလည်း ပြောပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် Bengaluru မြို့မှာ အင်္ဂါနေ့ကစပြီး ၁၄ ရက်ကြာ လော့ခ်ဒေါင်း ချမှတ်လိုက်ပြီ ဖြစ်သလို အဲဒီမတိုင်ခင် အနောက်ပိုင်းက Maharashtra မှာ လော့ခ်ဒေါင်း ချမှတ်လိုက်ပြီး မေလ ၁ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
တချို့ ပြည်နယ်မှာတော့ တင်းကြပ်မှု တချို့ကို ဖြေလျှော့ပေးဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟိုနား ဒီနားမှာ ကျင်းပတဲ့ ဒေသန္တာရ ရွေးကောက်ပွဲတွေနဲ့ တခြား ပွဲတော်တွေကြောင့် ကူးစက်မှုတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အိန္ဒိယ အစိုးရက လူတွေကို အိမ်ထဲမှာပဲ နေထိုင်ကြဖို့နဲ့ လက်တွေကို ပုံမှန်ဆေးကြောဖို့ ညွန်ကြားထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးတွေကို အများအပြား ထုတ်လုပ်ဖို့ လုပ်ဆောင်နေတုန်းမှာပဲ ကုန်ကြမ်း မလုံလောက်မှုတွေ ကြုံရသလို AstraZeneca ကာကွယ်ဆေးထုတ်တဲ့ စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်လို့ ပိုပြီး နှောင့်နှေးမှု ဖြစ်နေရပါတယ်။
အိန္ဒိယ အစိုးရက ပြည်ပက ကာကါယ်ဆေးတွေကို တင်သွင်းမှာ မဟုတ်ပေမယ့် ပြည်နယ်တွေ ဒါမှမဟုတ် ကုမ္ပဏီတွေအနေနဲ့ တင်သွင်းချင်ရင် တင်သွင်းနိုင်တယ်လို့ ပြောဆိုထားပြီး ပြည်တွင်းမှာပဲ အများအပြား ထုတ်လုပ်နိုင်ဖို့ကိုသာ အစိုးရက အားသာနေတယ်လို့ အစိုးရ အရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနကကို ပြောပြထားပါတယ်။

