SKIP TO MAIN CONTENT

ဩစီအစိုးရက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ် နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ ဩစတြေးလျအစိုးရက မြန်မာစစ်ခေါင်းဆောင်တချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။

Myanmar Coup
သမိုင်းဝင် စစ်အာဏာရှင်တော်လှန်ရေး တစ်နှစ်ပြည့်ပြီ Source: ABC Australia

1 min read

Published

By Danielle Robertson, Mu Laing Thein

Source: SBS


Skip to article content

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ်းကုန်အောင် ကျူးလွန်တဲ့နေရာမှာ အဓိက တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်တာလို့ ဩစတြေးလျ အစိုးရက ပြောပါတယ်။

ကင်ဘာရာမြို့တော်က မြန်မာသံရုံးပြင်ပမှာ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပြီး ဆန္ဒပြသူတွေက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ 'Free Burma' လို့ အော်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဩစတြေးလျ နိုင်ငံက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက အဲဒီလို ဆန္ဒပြမှုကို နိုင်ငံအနှံ့မှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြပေမယ့် ဩစတြေးလျ အစိုးရက မသိသလို နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ နိုင်ငံခြားရေးဝန်ကြီး Penny Wong ပင်နီ ဝမ်က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။

လူပုဂ္ဂိုလ် ၁၆ ဦးကို ခရီးသွားလာခွင့် ပိတ်ပင်မှုအပါအဝင် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဖြစ်ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းနှစ်ခုကိုလည်း ငွေရေးကြေးရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းမှုရဲ့ ၂ နှစ် ပြည့်တဲ့ ဒီနှစ်ပတ်လည်နေ့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ဆင်နွဲပြီး အိမ်ထဲမှာပဲ နေကြဖို့ အွန်လိုင်းပေါ်မှာ တိုက်တွန်းထားတဲ့အတွက် ရန်ကုန်မြို့အပါအဝင် မြို့အများအပြားရဲ့ လမ်းမတွေမှာ လူတွေ ရှင်းလင်းနေတဲ့ပုံတွေ ဖေ့စ်ဘွတ်ပေါ်မှာ တွေ့ခဲ့ရပါတယ်။.

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အာဏာသိမ်းပြီးတဲ့နောက် လူ ၃၀၀၀ နီးပါး သေဆုံးရပြီး အယောက်ပေါင်း ၁၄၀၀၀ ဦး ထိန်းသိမ်းခံရပြီး ၁.၅ သန်းလောက် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်မှု လုပ်နေရတယ်လို့ ပြောပါတယ်။

ဩစတြးလျ အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို မြန်မာ့အရေး လှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် စစ်ကောင်စီအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုတွေ ဒီထက်မက လုပ်သင့်တယ်လို့ ပြောဆိုကြပါတယ်?

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဩစတြေးလျဆိုင်ရာ သံအမတ် ဒေါက်တာ ထွန်းအောင်ရွှေကလည်း ဩစတြေးလျရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက စစ်တပ်နဲ့ နီးစပ်သူတွေနဲ့ လက်အောက်ငယ်သား စစ်သားတွေကို သူတို့ရဲ့ စစ်ခေါင်းဆောင်ကို တရားဝင်ခေါင်းဆောင်တွေ မဟုတ်ပါလား၊ နိုင်ငံတကာ အသိုင်းအဝန်းက ဆန့်ကျင်နေတဲ့ လူတွေ ဖြစ်ကြပါလား ဆိုတာကို သဘောပေါက်သွားစေနိုင်တဲ့အတွက် ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေက အပြုသဘောဆောင်တဲ့ သက်ရောက်မှု ဖြစ်စေတယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now