SKIP TO MAIN CONTENT

COVID-19 မျိုးကွဲသစ် အတွက် ပြင်ဆင်ထားတယ်လို့ သြစတြေးလျဆို

တောင်အာဖရိကနိုင်ငံမှာ မျိုးကွဲသစ် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတဲ့နောက်ပိုင်း နိုင်ငံတချို့က သွားလာခွင့်တင်းကြပ်လိုက်တာမျိုး လုပ်နေကြပြီး သြစတြေးလျ အစိုးရက အဲဒီအတွက် ပြင်ဆင်ထားပြီလို့ ပြောပါတယ်။

Australian Prime Minister Scott Morrison says Australian authorities are closely monitoring the discovery of a new COVID-19 variant in South Africa.
Australian Prime Minister Scott Morrison says Australian authorities are closely monitoring the discovery of a new COVID-19 variant in South Africa. Source: AAP

2 min read

Published

Source: AAP, SBS



Skip to article content

တောင်အာဖရိက သိပ္ပံပညရှင်တွေက B.1.1.529 မျိုးကွဲ အသစ်ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားတာဖြစ်ပြီး အဲဒီမျိုးကွဲသစ်ဟာ အခု ဆိုးဝါးတယ်ဆိုတဲ့ Delta အမျိုးအစား မျိုးကွဲထက် နှစ်ဆပိုပြီး ဗီဇပြောင်းလဲမှုနှုန်းများတယ်လို့ ပြောပါတယ်။

မျိုးကွဲအသစ်ဟာ ကာကွယ်ဆေးကနေ ထုတ်ပေးတဲ့ ကိုယ်ခံအားကို ကျော်လွှားနိုင်မယ့် အနေအထား ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမာ္ဘွကျန်းမာရေးအဖွဲ့ကလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ကျန်းမာရေးဝန်ကြီး Greg Hunt က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျန်းမာရေးအကြီးအကဲ Paul Kelly အပြင် ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူး Brendan Murphy နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

အခုလောလောဆယ် သြစတြေးလျနဲ့ တောင်အာဖရိကအကြား ပြေးဆွဲတဲ့ လေယာဉ်တွေကို အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။

ယူကေနိုင်ငံ၊ အိန္ဒိယ၊ အီးယူနဲ့ အစ္စရေးနိုင်ငံတို့ကတော့ ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်အောင် တောင်အာဖရိကနိုင်ငံက လေယာဉ်တွေကို ဝင်ခွင့် တင်းကြပ်လိုက်ပြီ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံလည်း အပြောင်းအလဲ လုပ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးတာနဲ့ နှောင့်နှေးမှာမဟုတ်ပဲ ပြည်ပနိုင်ငံကလူတွေကို လက်ခံရေးမှာ ချက်ခြင်း အပြောင်းအလဲ လုပ်နိုင်တယ်လို့ Mr Hunt က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေး ထိုးတဲ့နှုန်း မြင့်မားတဲ့အတွက် ဒီနှစ်အစောပိုင်းတုန်းက ပေါ်လာတဲ့ Delta မျိုးကွဲ ကူးစက်ပြန့်နှံ့မှုထက်စာရင် ဒီတချီ ပိုပြီး အသင့်အနေအထားမှာ ရှိတယ်လို့လည်း ပြောပါတယ်။

အခုလောလောဆယ် သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်ကျော်သူလူဦးရေ ၈၆% ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးကြပြီး ၉ ၂.၁% က တစ်ချောင်း ထိုးပြီးကြပြီ ဖြစ်ပါတယ်။

ဆေးရှိန်မပျယ်အောင် booster shot ထိုးဖို့လည်း တိုက်တွန်းထား

ဝန်ကြီးချုပ် Scott Morrison ကလည်း ကိုဗစ်-၁၉ မျိုးကွဲသစ်တွေပေါ်လာတဲ့အပေါ် အနီးကပ် စောင့်ကြည့်မှု လုပ်နေတယ်လို့ ပြောပါတယ်။

ခရစ္စမတ်မတိုင်ခင်မှာ သြစတြေးလျအာဏာပိုင်တွေကနေ အိမ်တိုင်းကို စာပေးပို့မှာဖြစ်ပြီး စာထဲမှာ ဒုတိယမြောက် ကာကွယ်ဆေးကို ထိုးပြီး ၆ လ အကြာမှာ ဆေးရှိန်မပျယ်အောင် တတိယမြောက် ကိုဗစ်ကာကွယ်ဆေး booster shot ထိုးကြဖို့တိုက်တွန်းမှာ ဖြစ်ပါတယ်။

အခုလောလောဆယ် booster shot ကို ထိုးချင်ရင် ထိုးနိုင်တဲ့သူ လူပေါင်း ၅၀၀၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၃၇၀၀၀၀ ကျော်က တတိယမြောက် တစ်ချောင်းကိုပါ ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ မျှော်လင့်ထားတာထက် လူတွေက booster program အပေါ် အယုံအကြည်ရှိနေတာကို တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

သောကြာနေ့တုန်းက ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်သူ ၁၃၆၂ ဦးရှိပြီး ၇ ဦး သေဆုံးခဲ့ရပါတယ်။

NSW ပြည်နယ်မှာ ကူးစက်သူ ၂၆၁ ဦးရှိပြီး သေဆုံးသူ မရှိပါဘူး။

Northern Territory မှာ ကြာသပတေးနေ့တုန်းက တစ်ဦး ကူးစက်ပြီး ACT မှာ ကူးစက်သူ ၈ ဦး ရှိပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now