Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

သြစီလည်း စက်တင်ဘာလ မတိုင်ခင် အာဖဂန်နစ္စတန်နိုင်ငံကနေ တပ်ဆုတ်မယ်

သြစတြေးလျနိုင်ငံကလည်း အမေရိကန်နိုင်ငံလိုပဲ အာဖဂန်နစ္စတန် နိုင်ငံမှာ ရောက်နေတဲ့ စစ်သားတွေကို ပြန်ခေါ်မှာ ဖြစ်ပါတယ်။

Scott Morrison
Scott Morrison Source: AAP

သြစတြေးလျအစိုးရအနေနဲ့ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ သူ့ရဲ့ စစ်သားတွေကို စက်တင်ဘာလ မကုန်ခင်မှာ အားလုံး ပြန်ခေါ်သွားမယ်လို့ ဝန်ကြီးချုပ် စကော့တ် မောရီဆန်က ကြေညာလိုက်ပါတယ်။ 

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အမေရိကန် နယူးယောက်မြို့မှာ အမွှာတိုက်မြင့် နှစ်လုံး အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် တိုက်ခိုက်ခံရတာကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က အာဖဂန်နိုင်ငံကို စစ်သားတွေ စေလွှတ်သလို အကြမ်းဖက် အဖွဲ့အစည်းတွေကိုလည်း နှိမ်နင်းခဲ့ပါတယ်။ 

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ သြစတြေးလျကလည်း သြစတြေးလျံ စစ်သားတွေကို စေလွှတ်ပြီး အာဖဂန်နစ္စတန် နိုင်ငံမှာ အမှုထမ်းစေခဲ့ပါတယ်။

အခုလောလောဆယ် အာဖဂန်မှာ သြစတြေးလျ စစ်သား အယောက် ၈၀ လောက်သာ ကျန်ရှိနေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုရင် အယောက်ပေါင်း ၁၅၀၀ ကျော်အထိ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သြစတြေးလျ အရှေ့ပိုင်း စံတော်ချိန် ကြာသပတေးနေ့မှာပဲ အမေရိကန်ရဲ့ အကြာမြင့်ဆုံး စစ်ကို အဆုံးသတ်ပြီး အာဖဂန် နိုင်ငံမှာ ရှိနေတဲ့ စစ်သားတွေကို ပြန်ခေါ်ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ 

အဲဒီလို ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ သြစတြေးလျ ဝန်ကြီးချုပ်ကလည်း အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ သြစတြေးလျ စစ်သားတွေကို စက်တင်ဘာလ မတိုင်ခင်မှာ ပြန်ခေါ်ယူမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ 

အာဖဂန် စစ်အတွင်း သြစတြေးလျံ စစ်သား ၄၁ ယောက် ကျဆုံးခဲ့ရပြီး ဝန်ကြီးချုပ်က ကျဆုံးသွားတဲ့ စစ်သားတွေကို ဂုဏ်ပြုရင်း သူတို့ရဲ့ နာမည်ကို ဖတ်ကြားတဲ့အခါမှာ ငိုမဲ့မဲ့ ဖြစ်နေခဲ့ပါတယ်။ 

အဲဒီ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ စစ်သားတွေဟာ လွတ်လပ်ရေးအတွက် အသက်စတေးခဲ့ကြသူတွေဖြစ်ပြီး အဲဒီလို ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်မှာပဲ အမေရိကန်နဲ့ တာလီဘန်တို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီမှုအရ အမေရိကန် စစ်သားတွေကို ပြန်ခေါ်မယ်လို့ ပါရှိတာ ဖြစ်ပါတယ်။

တချို့လူတွေကတော့ ဒီအချိန်မှာ အမေရိကန် စစ်သားတွေကို ပြန်ခေါ်တာဟာ စောလွန်းပြီး ဂျီဟတ်ဒစ် စစ်သွေးကြွတွေ ပြန်အားကောင်းအောင် လုပ်ဆောင်ရာ ရောက်မယ်လို့ ဝေဖန်ကြပါတယ်။

အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani ကတော့ အာဖဂန်စစ်တပ်ဟာ နိုင်ငံကို ကိုယ်တိုင် ထိန်းချုပ်ဖို့ အသင့်ပဲလို့ ပြောဆိုထားပါတယ်။ 

နေတိုး မဟာမိတ် စစ်အုပ်စုကလည်း မေလ ၁ ရက် နေ့ကစပြီး စစ်သားတွေကို ပြန်တပ်ဆုတ်ခိုင်းဖို့ သဘောတူထားကြပါတယ်။ 

နှစ် ၂၀ ကြာတဲ့ အာဖဂန်စစ်အတွင်း အမေရိကန် စစ်သားပေါင်း ၂၄၀၀ နီးပါး ကျဆုံးပြီး အာဖဂန် ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ 


1 min read

Published

By Tom Sayner

Presented by Mu Laing Thein


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now