နိုင်ငံခြားရေး ဝန်ကြီး ပင်နီဝမ် က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မိုခါ မုန်တိုင်းကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဒေါ်လာ ၁ သန်း ကူညီမယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေကနေတဆင့် အကူအညီတွေ ပေးမှာဖြစ်ပြီး လက်ရှိ ရှိနေတဲ့ ရံပုံငွေတွေကိုလည်း ဦးစားပေးရမယ့် နေရာတွေအတွက် အသုံးပြုနိုင်အောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
အခုအချိန်မှာ မိုခါမုန်တိုင်းကြောင့် ဘယ်လောက်အထိ ထိခိုက်နစ်နာမှု ဖြစ်ရတယ်ဆိုတာ သေချာမသိရေသေးပေမယ့် ထိခိုက်နစ်နာမှု များတယ်ဆိုတာ သေချာသလောက်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။.
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူအများအပြား ထိခိုက်နစ်နာနေရပြီး အများအပြားဟာလည်း အရင်ကတည်းက လိုအပ်ချက်များနေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို ထောက်ပံ့မှုလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပြီး မြန်မာစစ်တပ်အနေနဲ့ လူသားခြင်း စာနာရေးအကူအညီတွေ လုံခြုံဘေးကင်းစွာနဲ့ လျင်မြန်ချောမောစွာ လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ ကူညီပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။