ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကို ဗြိတိန်က ပါလီမာန်မှာ ဝင်ခွင့်မပေး

ဗြိတိန်ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ဟာ ဗြိတိန်လွှတ်တော်ထဲမှာ စကားပြောဖို့ စီစဉ်ထားပေမယ့် သူ့ကို ဗြိတိန်က လွှတ်တော်ထဲ ပေးမဝင်ကြဘူးလို့ သိရပါတယ်။

Xi Jinping Thought On Diplomacy Research Center Inaugurated In Beijing

Zheng Zeguang speaks during a seminar and appointment ceremony of the Xi Jinping Thought on Diplomacy research center in 2020. Source: China News Service via Getty Images

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောဆိုတဲ့အတွက် ဗြိတိန်နိုင်ငံက လွှတ်တော်အမတ်တချို့အပေါ် တရုတ်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်လိုက်ပြီးတဲ့နောက် ဗြိတိန်ကလည်း တရုတ်သံအမတ်ကို သူတို့ရဲ့ လွှတ်တော်ထဲ ဝင်ခွင့်မပြုတာ ဖြစ်ပါတယ်။

Xinjiang ပြည်နယ်က ဝိဂါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက အခွင့်အရေးချိုးဖောက်မှုတွေ လုပ်တယ်လို့ ပြောဆိုတဲ့ ဗြိတိန်နိုင်ငံက နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေနဲ့ ပညာရှင် ၉ ဦးတို့ကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလူ ၉ ဦးဟာ မဟုတ်မမှန်တဲ့ အချက်အလက်တွေ၊ လိမ်ညာမှုတွေ လုပ်တယ်ဆိုပြီး တရုတ်ဖက်က ပြောပါတယ်။

တရုတ်သံအတ်က ဗြိတိန်လွှတ်တော်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောဖို့ရှိပေမယ့် ဗြိတိန် အောက်လွှတ်တော်ဥက္ကဌ Lindsay Hoyle နဲ့ အထက်လွှတ်တော် ဥက္ကဌ John McFall တို့ကနေ တရုတ်သံအမတ် Zheng Zeguang ကို သူတို့ရဲ့ လွှတ်တော်ထဲ ဝင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Mr Hoyle က သူ့အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ လွှတ်တော်အမတ် ဆက်ဆံရေးတွေ ခိုင်မာဖို့အတွက် နိုင်ငံတကာ သံအတ်တွေနဲ့ ပုံမှန် တွေ့ဆုံမှု လုပ်လေ့ရှိပေမယ့် ဗြိတိန်ရဲ့ လွှတ်တော်အမတ် တချို့ကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့မှု ချထားတဲ့အတွက် တရုတ်သံအမတ်ကို ဗြိတိန်ရဲ့ လွှတ်တော်ထဲ ပေးဝင်ဖို့ မသင့်တော်ဘူးလို့ မြင်တဲ့အကြောင်း ပြောသွားခဲ့ပါတယ်။
ဒီလို လုပ်ဆောင်ချက်အပေါ် တရုတ်သံရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဝေဖန်လိုက်ပါတယ်။
ဗြိတိန်လွှတ်တော်က တချို့လူတွေရဲ့ စက်ဆုပ်ဖွယ်ရာကောင်းပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်က တရုတ်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံရဲ့ ပုံမှန် ဖလှယ်မှုတွေနဲ့ ပူးပေါင်းမှုတွေအတွက် အဟန့်အတားတွေ ဖြစ်စေတဲ့အကြောင်း၊ နှစ်နိုင်ငံ ပြည်သူတွေရဲ့အရေးကို ထိခိုက်နစ်နာစေမယ့် အဲဒီလို တသီးပုဂ္ဂလ နိုင်ငံရေး အမြတ်ထုတ်မှုဟာ စက်ဆုပ်ဖွယ်ရာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

လွှတ်တော်ဥက္ကဌ Mr Hoyle က သူ့အနေနဲ့ တရုတ်သံအမတ်ကို တသက်လုံး ဗြိတိန်လွှတ်တော်ထဲ ဝင်ခွင့်မပေးတာမျိုး မဟုတ်ပဲ ဗြိတိန်လွှတ်တော်အမတ်တွေကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ ကာလအတွင်းသာ ပိတ်ပင်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်သံအမတ်ကို All Party Parliamentary China Group ဥက္ကဌRichard Graham ကို လွှတ်တော်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ Daily Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရာမှာ Mr Graham က ဖြေကြားခြင်း မရှိပါဘူး။

All Party Parliamentary China Group ကလည်း မှတ်ချက် တစုံတရာပြုဖို့ ငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံက လွှတ်တော်အမတ် ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တာဖြစ်ပြီး အဲဒီအထဲမှာ Conservative Party ခေါင်းဆောင် Iain Duncan Smith နဲ့ လွှတ်တော်ရဲ့ နိုင်ငံတကာရေးရာကော်မတီ ဥက္ကဌ Tom Tugendhat တို့ ပါဝင်ပါတယ်။
အဲဒီလူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ တရုတ်နိုင်ငံပိုင်မြေထဲ ဝင်ခွင့်မရှိသလို အဲဒီလူတွေနဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ ဆက်ဆံခွင့်မလုပ်ရလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဝိဂါမွတ်ဆလင်တွေအပေါ် အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ တရုတ်နိုင်ငံက အရာရှိတချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပြီးတဲ့နောက် တရုတ်ဖက်ကလည်း အဲလို တုန့်ပြန်ထားတာ ဖြစ်ပါတယ်။

လှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂရဲ့အဆိုအရ Xinjiang ပြည်နယ်မှာ ဝိဂါမွတ်ဆလင် အနည်းဆုံး အယောက် တစ်သန်းလောက် စခန်းသွင်းခံနေရတယ်လို့ ပြောပါတယ်။

အတင်းအဓမ္မ ခိုင်းစေမှုတွေ၊ ညင်းပန်းနှိပ်စက်မှုတွေနဲ့ သားကြောဖြတ်တာမျိုးတွေလည်း လုပ်တယ်လို့ လှုပ်ရှားသူတွေနဲ့ ဗြိတိန်နိုင်ငံရေးသမားတချို့က တရုတ်ကို စွပ်စွဲထားပါတယ်။

တရုတ်အစိုးရကတော့ အဲဒီလို စွပ်စွဲချက်ကို ငြင်းဆိုထားပြီး အဲဒီ စခန်းမှာ အသက်မွေးဝမ်းကြောင်း သင်တန်းတွေသင်ပေးတာဖြစ်ပြီး အစွန်းရောက်မှုကို ဆန့်ကျင်ဖို့အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


Share

Published

Updated

Source: AAP, SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service