SKIP TO MAIN CONTENT

စားဆီရှားပါးလာမှုကြောင့် အစားအသောက်စျေးမြင့်တက်လာ

ယူကရိန်းမှာ ဖြစ်တဲ့စစ်ကြောင့် စားသုံးဆီထုတ်လုပ်မှု ကျဆင်းနေရတဲ့အတွက် ကမ္ဘာတလွှားက စားသောက်ဆိုင်နဲ့ လက်လီအရောင်းဆိုင်တွေမှာ စျေးမြင့်တက်မှုတွေ ဖြစ်နေရပါတယ်။

Sunflower oil
Source: Flickr

3 min read

Published

By Arianna Lucente


Skip to article content

ကမ္ဘာပေါ်မှာ သုံးစွဲနေကြတဲ့ နေကြာဆီ ၅၀% နီးပါးဟာ ယူကရိန်းနိုင်ငံက ထွက်ရှိတာဖြစ်ပြီး ရုရှားက ကမ္ဘာ့ နေကြာဆီလောကမှာ ၂၅% နေရာ ယူထားတာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်တုန်းကနဲ့ ယှဥ်ရင် စားသုံးဆီစျေးတွေ မြင့်တက်လာနေတဲ့အတွက် တချို့ဆိုင်ပိုင်ရှင်တွေစာ မတတ်သာတဲ့အဆုံး သူတို့ဆိုင်မှာ ရောင်းချတဲ့ အစားအသောက်ကို စျေးတင်နေရတယ်လို့ အီစတန်ဘူလ် စားသောက်ဆိုင်က Tarihi Balikca က ပြောပါတယ်။ 

သူတို့ဆိုင်မှာ အစားအသောက်ကြော်ဖို့ နေကြာဆီကို အသုံးပြုတာဖြစ်ပြီး နေကြာဆီရဲ့စျေးက ၂၀၁၉ ခုနှစ်တုန်းကနဲ့ ယှဥ်ရင် ၄ ဆ နီးပါး စျေးတက်လာလို့ အစားအသောက်တွေကို စျေးတင်ရောင်းနေရတယ်လို့ ဆိုပါတယ်။  

တူရကီနိုင်ငံက စားပွဲထိုးလည်းဖြစ် ချက်ပြုတ်ရေးသမား တစ်ဦးလည်း ဖြစ်သူ Mahsun Aktas ရဲ့ အဆိုအရ သူတို့အနေနဲ့ စျေးမတင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး မကြာခင် စျေးတွေ ပြန်ကျလာမှာပါလို့သာ တွေးတောခဲ့ပေမယ့် ဖြစ်မလာတဲ့အဆုံး မတတ်သာတော့လို့ အစားအသောက်စျေးတွေကို လိုက်တင်နေရတယ်လို့ ပြောပါတယ်။  

ဆိုင်က အစားအသောက် စျေးနှုန်းကို ကြည့်ပြီး တချို့လူတွေ ထွက်သွားတဲ့အထိ ဖြစ်တယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း စျေးတင်ရောင်းခဲ့ရပေမယ့် လူတွေက တတ်နိုင်ဆဲဖြစ်ပြီး ဆက်လက်ဝယ်ယူကြပေမယ့် ခုဆိုရင် တချို့လူတွေ မတတ်နိုင်တော့လို့ ထွက်သွားတာမျိုးတွေ ရှိတယ်လို့ ပြောပြပါတယ်။

ကိုဗစ်ကပ်ရောဂါစတင်ချိန်ကစပြီး တောင်အမေရိကမှာ နေကြာအထွက်နည်းတာတွေ ဖြစ်ခဲ့သလို ဗိုင်းရပ်စ်ရောဂါ အခြေအနေကြောင့် အလုပ်သမားရှားပါးလို့ အချိန်မီ မရိတ်သိမ်းနိုင်တာတွေနဲ့ လိုအပ်ချက်နဲ့အညီ မထုတ်လုပ်နိုင်မှုတွေ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက ကုန်စျေးနှုန်းမှာ သိသိသာသာ ပြောင်းလဲမှု မကြီးမားခဲ့ပေမယ့် ကမ္ဘာမှာ နေကြာဆီ ၅၀% နီးပါး ထုတ်လုပ်တဲ့ ယူကရိန်းမှာ စစ်ဖြစ်ပွားတဲ့အချိန်ကစပြီး နေကြာဆီစျေးအပြင် တခြား စားသုံးဆီသာမက လောင်စာဆီစျေးတွေလည်း ထိုးတက်ကုန်ပါတယ်။  

ယူကရိန်းနဲ့ ရုရှားနိုင်ငံက စပါးသီးနှံ တင်ပို့မှု နည်းပါးသွားလို့ အဲဒီက ထွက်ကုန်တွေအပေါ် မှီခိုနေရတဲ့ နိုင်ငံက လူတွေ ဒုက္ခရောက်ရသလို ဓာတ်မြေဩဇာထုတ်လုပ်မှုတွေလည်း နည်းပါးသွားလို့ စျေးမတန်တဆ မြင့်တက်ပြီး အစားအစာထုတ်လုပ်ရေးမှာ အရင်လို အထွက်နှုန်း မကောင်းတာမျိုး ဖြစ်နေရပါတယ်။ 

အစားအစာ စျေးနှုန်းက တရိတ်ရိတ်နဲ့ တက်လာတာ ဖြစ်ပေမယ့် ယူကရိန်းစစ်က အရှိန်ပိုမြင့်မားစေတယ်လို့ ပြောဆိုကြပါတယ်။ 

ဂျုံ၊ ဘာလီစေ့ စတဲ့ စိုက်ပျိုးသီးနှံတွေ မလုံလောက်မှုတွေနဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှတိုက်က တချို့နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေရပြီး အဲဒီလို နိုင်ငံတွေမှာ လူအများအပြားဟာ စျေးနှုန်းသက်သာတဲ့ ပေါင်မှုန့်၊ ခေါက်ဆွဲစတာတွေအပေါ် မှီခိုနေကြရတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ Food and Agriculture Organization ရဲ့ အဆိုအရ အသီးအရွက်ဆီဟာ ဖေဖော်ဝါရီလတုန်းက စံချိန်တင် မြင့်တက်မှုဖြစ်ခဲ့ရာကနေ မတ်လအတွင်း နောက်ထပ် ၂၃% စျေးထပ်တက်လာတာလို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ ပဲပုတ်ဆီဟာ ၂၀၁၉ ခုနှစ်တုန်းကစပြီး စျေး ၂ ဆ များလာတာဖြစ်ပြီး ၁ မက်ထရစ်တန်မှာ အမေရိကန်ဒေါ်လာ ၇၆၅ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် မတ်လအထဲမှာ အမေရိကန် ၁၉၂၇ ဒေါ်လာအထိ စျေးခုန်တက်သွားတယ်လို့ ဆိုပါတယ်။ 

စားအုန်းဆီစျေးကလည်း ၂၀၀% ပိုများလာချိန်မှာပဲ စားအုန်းဆီအများဆုံး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားကလည်း နိုင်ငံအတွင်းမှာ မလုံလောက်မှုတွေ မဖြစ်ရအောင် အရင်တစ်ပတ်ကစပြီး ပြည်ပတင်သွင်းမှု ပိတ်ပင်လိုက်တဲ့အတွက် ဒီထက်မက စျေးတက်လာဖို့ ရှိပါတယ်။ 

တူရကီနိုင်ငံက တချို့ ဆူပါမတ်ကက်တွေမှာ စားသုံးဆီတွေကို အကန့်အသတ်နဲ့သာ ဝယ်ခွင့်ပေးထားသလို ဂျာမနီနိုင်ငံမှာလည်း နေကြာဆီနဲ့ canola ဆီတွေ တင်ထားလေ့ရှိတဲ့ စင်ပေါ်မှာ ဘာမှ မရှိတော့တဲ့ ပုံတွေကို စျေးဝယ်သူတွေ တင်ထားကြပါတယ်။ 

စပိန်၊ အီတလီနဲ့ ယူကေနိုင်ငံမှာလည်း ချွေတာမှုတွေ လုပ်နေပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံက  Emiwati ဟာ အစားအသောက် ရောင်းဖို့အတွက် တစ်ရက်ကို ဆီ ၂၄ လီတာ သုံးစွဲရသူ ဖြစ်ပါတယ်။

သူမဟာ nasi kapau လို့ခေါ်တဲ့ ရိုးရာထမင်းကြော်ကို ကြက်ဥကြော်နဲ့ တွဲစားတာမျိုး စတဲ့ အစားအသောက်ကို ရောင်းချသူ ဖြစ်ပါတယ်။

ဇန်နဝါရီလကတည်းက စားသုံးဆီတွေရဖို့ ခက်ခဲလာတာ ဖြစ်ပြီး ရတဲ့အခါမှာလည်း စျေးက မသေးဘူးလို့ ပြောပါတယ်။ 

အမြတ်နည်းလာပေမယ့် စျေးတင်လိုက်ရင် လူတွေ မဝယ်တော့မှာ စိုးလို့ မတင်ရဲဘူးလို့လည်း သူက ပြောပါတယ်။ 

ကမ္ဘာ့မြောက်ပိုင်းခြမ်းက စိုက်ပျိုးရေးသမားတွေက ပြောင်း၊ ပဲပုတ်နဲ့ တခြားသီးနှံတွေကို ရိတ်သိမ်းမှု လုပ်ပြီးတဲ့နောက်ပိုင်းမှာ စျေးက စတင်တည်ငြိမ်လာနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က သုံးသပ်ထားပါတယ်။ 

ဒါပေမဲ့ ရာသီဥတု ဆိုးဝါးမှု ဒဏ်ကိုလည်း စိုးရိမ်နေကြရပါတယ်။ 

အရင်နှစ်တုန်းက မိုးခေါင်ရေရှားမှုကြောင့် ကနေဒါမှာ canola အထွက်နည်းခဲ့သလို ဘရာဇီးလ်မှာလည်း ပဲပုတ်တွေ အထွက်နည်းခဲ့ပြီး မလေးရှားမှာတော့ မိုးတွေ မတန်တဆ များလွန်းလို့ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။

တချို့ သီးနှံတွေ မလုံလောက်မှုဖြစ်တာကို အခွင့်ကောင်းယူပြီး တိုးချဲ့စိုက်ပျိုးဖို့ စိတ်ကူးမယ်ဆိုရင်တောင် မြေဩဇာစျေး အဆမတန် များပြားမှုကြောင့် မြေဩဇာ အသုံးနည်းလာပြီး အထွက်နှုန်းတွေ နည်းမှာဖြစ်လို့ စျေးတွေ ဆက်မြင့်မားနေမယ့်အနေအထား ရှိတယ်လို့ ဆိုပါတယ်။

Harry Niazi ဟာ လန်ဒန်မှာ နာမည်ကြီးတဲ့  Olley's Fish Experience ဆိုတဲ့ ငါးနဲ့အားလူးကြော် လုပ်ငန်းတည်ထောင်ထားသူဖြစ်ပြီး အရင်တုန်းက ၂၀လီတာစာ နေကြာဆီကို ဩစတြေးလျဒေါ်လာ ၃၉ ဒါမှမဟုတ် ဗြိတိန်ပေါင် ၂၂ ပေါင်လောက်သာ ဝယ်ယူခဲ့ရပေမယ့် အခုဆိုရင် ၇၅ ဒေါ်လာအထိ စျေးတက်လာနေတယ်လို့ ဆိုပါတယ်။ 

သူ့အနေနဲ့ တပတ်မှာ နေကြာဆီ လီတာ ၁၆၀ လိုအပ်နေတာ ဖြစ်ပါတယ်။ နေကြာဆီ ရှိမှ လုပ်ငန်းလည်ပတ်နိုင်မှာ ဖြစ်လို့ စျေးများလွန်းတာကို စိုးရိမ်နေပေမယ့် နေကြာဆီ မရနိုင်တော့မှာကို ပိုပြီး စိုးရိမ်နေသူ ဖြစ်ပါတယ်။ 

ဒါကြောင့် သူ့မှာ ရှိတဲ့ ထရပ်ကားကို ရောင်းချပြီး ရလာတဲ့ ပိုက်ဆံနဲ့ နေကြာဆီ စုဆောင်းထားဖို့အထိ စိတ်ကူးထားပါတယ်။ 

ယူကရိန်း ရုရှား စစ်က ပြီးနိုင်မလား၊ နေကြာဆီ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ နှစ်ခုက မကြာခင် နေကြာဆီတွေ ပြန်ထုတ်နိုင်မလား၊ ကုန်သွယ်မှုတွေ ဆက်လုပ်ပါ့မလား ဆိုတာတွေတွေးပြီး ပူနေရတယ်လို့ သူက ပြောသွားခဲ့ပါတယ်။ 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now