SKIP TO MAIN CONTENT

ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်သူတွေ ကာကွယ်ဆေးထိုးရမယ်လို့ သတ်မှတ်ပြီးနောက် မဲလ်ဘုန်းမှာ အလုပ်သမားတွေဆန္ဒပြ

ဗစ်တိုးရီးယားပြည်နယ်အတွင်းက ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးကြဖို့နဲ့ ကိုဗစ်၁၉ ဆိုင်ရာ စည်းကမ်းတွေကို ကောင်းမွန်စွာ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းကို နှစ်ပတ်ကြာ ပိတ်ချထားမယ်လို့ ကြေညာပြီးတဲ့နောက် မဲလ်ဘုန်းမြို့မှာ အလုပ်သမားတွေ အများအပြား ဆန္ဒပြနေကြပါတယ်။

construction protest
Construction workers march through the streets on September 21, 2021 in Melbourne. Source: Getty

3 min read

Published


Skip to article content

တနင်္လာနေ့တုန်းက ပြည်နယ်အစိုးရကနေ ဒီအင်္ဂါနေ့ကစပြီး မဲလ်ဘုန်းမြို့၊

Ballarat, Geelong, Surf Coast Shire နဲ့ Mitchell Shire မြို့တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို နှစ်ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာချက်ကို မကြေနပ်လို့ မနေ့ကတည်းက သမဂ္ဂရုံးရှေ့မှာ ဆန္ဒပြကြပြီး ပျက်စီးမှု တချို့ ဖြစ်ခဲ့ရသလို ဒီကနေ့မှာလည်း မဲလ်ဘုန်းမြို့ထဲကနေ Westgate တံတားပေါ်အထိ လမ်းလျှောက်ချီတက်နေကြပါတယ်။

ဆန္ဒပြသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်ဆိုတာကို မကျေနပ်ကြသလို၊ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး ချမှတ်ထားတဲ့ တခြား ကျန်းမာရေးဆိုင်ရာ တင်းကြပ်မှုတွေကို မကျေနပ်လို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒုတိယမြောက်နေ့အဖြစ်CFMEU သမဂ္ဂ ရုံးချုပ်ရှေ့မှာ ဆန္ဒပြကြပြီး ပြည်နယ်လွှတ်တော်ကို ချီတက်သွားခဲ့ကြပါတယ်။ ရဲတွေ တားဆီးတဲ့ကြားက မြို့လယ်မှာ နာရီနဲ့ချီ တစ်ပတ်ကြာ လှည့်ပတ်ပြီး မွန်းလွဲ ၂ နာရီလောက်ကစပြီး မဲလ်ဘုန်းမြို့ရဲ့ အဓိက တံတားကြီးတစ်ခုဖြစ်တဲ့ West Gate တံတားပေါ်အထိ ချီတက်လမ်းလျှောက်ကြလို့ freeway ပိတ်ချသွားခဲ့ရပါတယ်။

အဲဒီမတိုင်ခင် Queen Victoria Market မှာ ရဲတွေက ရာဘာကျဉ်ဆံတွေနဲ့ လူစုခွဲတာမျိုးအထိ လုပ်ခဲ့ပါတယ်။ ဆန္ဒပြတဲ့ လူတွေက ရဲတွေကို ရေဗှုးတွေ၊ အချိုရည်ဗူးခွံတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

လွှတ်တော်ရှေ့ ဆန္ဒပြမှုအပြီး အချိုရေတွေနဲ့ ဗူးတွေ ပြန့်ကျဲနေတာကို တွေ့ရပြီး ချီတက်ဆန္ဒပြသူတွေရဲ့ လက်ထဲမှာ အချိုရေဗူးတွေနဲ့ အရက်ဗူးတွေပါသလို သြစတြေးလျ နိုင်ငံတော်အလံကို ဝတ်ဆင်သူတွေသာမက အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ အလံနဲ့ သူ့ရဲ့ ဆောင်ပုဒ်ပါတဲ့ ဦးထုတ် ဆောင်းထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူ အများစုကတော့ အလုပ်သမားတွေ ဝတ်လေ့ရှိတဲ့ ယူနီဖောင်းအင်္ကျီကို ဝင်ဆင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးကို မထိုးနိုင်တဲ့အကြောင်း အော်ဟစ်ဆန္ဒပြကြသလို

Seven Network သတင်းဌာနကို အော်ဆဲတာမျိုးလည်း ကြားခဲ့ရပါတယ်။ အဲဒီ သတင်းဌာနက သတင်းထောက် Paul Dowsley ရဲ့ အဆိုအရ သူ့ရဲ့ လည်ပင်းကို လှမ်းဆွဲတာ ခံခဲ့ရသလို သူ့ရဲ့ ကင်မရာသမားကိုလည်း မြေပြင်လဲကျသွားအောင် တိုက်ခိုက်ကြတယ်လို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း သူ့ခေါင်းကို အချိုရည်တစ်ဗူးနဲ့ ပစ်ပေါက်တာကို ခံခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

မနက်ပိုင်းကတည်းက ရဲတွေက တဖက်ကနေ လှမ်းအော်ပြီး ရှေ့ဆက်မတိုးဖို့ သတိပေးတာမျိုး တောက်လျှောက် လုပ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ "f*** the jab", "f*** off (Premier) Dan Andrews" ဆိုပြီး အော်ဟစ်ဆဲဆိုကြပါတယ်။

Australian Council of Trade Unions ရဲ့ အတွင်းရေးမှူး Sally McManus ရဲ့အဆိုအရ ဆန္ဒပြသူတွေထဲမှာ အစွန်းရောက်သူတွေလည်း ပါဝင်ပြီး အဲဒီလူတွေဟာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လူတွေကို မဟုတ်မမှန်တဲ့ အချက်အလက်တွေ၊ မုသားစကားတွေ ပြန့်နှံ့အောင် လုပ်ဆောင်ပြီး သူတို့အကျိုးအတွက် လုပ်ဆောင်ကြတာ ရှိတယ်လို့ ပြောပါတယ်။

ဒီဆန္ဒပြမှုကို ညာဖက်စွန်းယိမ်းတဲ့ အဖွဲ့တွေနဲ့ ကာကွယ်ဆေးကို ဆန့်ကျင်တဲ့အုပ်စုတွေက ဦးဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အဲဒီလို မဟုတ်မမှန်တဲ့ ပြောဆိုမှုတွေကို တန်ပြန်တဲ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ ကမ်ပိန်းတွေ လုပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

သူတို့ သမဂ္ဂ ခေါင်းဆောင်တွေနဲ့ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ကတော့ ဒီလူတွေရဲ့ လုပ်ရပ်ကို ကြော်ရွံ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

The Australian Nursing and Midwifery Federation အဖွဲ့ကလည်း ဆန္ဒပြသူတွေအနေနဲ့ ဆန္ဒပြမှုကို ရပ်တန့်ဖို့ ပန်ကြားလိုက်ပြီး အကြမ်းဖက်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမှုတွေမလုပ်ပဲ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ ကျန်းမာရေးကို ရှေးရှုကြဖို့ ပန်ကြားထားပါတယ်။

သူနာပြုတွေ၊ သားဖွားဆရာ၊ဆရာမတွေနဲ့ စောင့်ရှောက်မှုလုပ်ရတဲ့လူတွေဟာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး အမောဆို့နေကြရတဲ့အကြောင်း ဆန္ဒပြသူတွေက သူတို့အခွင့်အရေးအတွက် ဆန္ဒပြကြတာဆိုပေမယ့် အဲဒီလို လုပ်ရပ်က ကျန်းမာရေးစနစ်ကို မနိုင်မနင်းမှု ဖြစ်စေနိုင်တယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး

Lisa Fitzpatrick က ပြောပါတယ်။

တနင်္လာနေ့တုန်းက CFMEU သမဂ္ဂရုံးရှေ့မှာ လူအယောက် ၅၀၀ လောက် ဆန္ဒပြပြီး ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရုံးရဲ့တံခါးကိုလည်း ရိုက်ချိုးခဲ့ကြပါတယ်။

အဲဒီရုံးရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ John Setka ကတော့ ဆန္ဒပြသူတွေဟာ ဆောက်လုပ်ရေးအလုပ်သမားတွေထက် ပွဲလန့်တုန်း ဖြာခင်းချင်နေတဲ့

"neo-Nazis တွေနဲ့ ညာဖက် အစွန်းရောက်သူတွေ" ရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်သား အနည်းငယ်ပါဝင်ပေမယ့် အဲဒီလူတွေဟာ ဆန္ဒပြမှုက အကြမ်းဖက်အသွင်ဆောင်လာတဲ့အခါမှာ နောက်ဆုတ်လိုက်ကြပါတယ်။ အဲဒီမှာ ပွဲလန့်တုန်း ဖြာခင်းကျွမ်းတဲ့ ပရော်ဖက်ရှင်နာ ဆန္ဒပြသူတွေ နေရာဝင်ယူလိုက်ကြတယ်လို့ Mr Setka က ABC Radio National ကို ဒီမနက်မှာ ပြောသွားခဲ့ပါတယ်။

အခုလောလောဆယ် ဗစ်တိုးရီးယားပြည်နယ်အတွင်းက နေရာတချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ နှစ်ပတ်ကြာ ပိတ်ချထားပြီး ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်တွေ အကုန်လိုက်နာလုပ်ဆောင်ဖို့ အသင့်ရှိတဲ့အခါမှသာ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ အလုပ်သမားတွေ အောက်တိုဘာလ ၅ ရက်မတိုင်ခင် အနည်းဆုံး ကာကွယ်ဆေး ၁ ချောင်း ထိုးပြီးသွားပြီ ဆိုတဲ့ သက်သေအထောက်အထားကို ပြရမှာ ဖြစ်ပါတယ်။

ဆေးရုံတည်ဆောက်ရေး၊ ရထားလမ်းပေါ်က လူသွားလှမ်းဖယ်ရှားခြင်း အစရှိတဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်း တွေကိုသာ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ ကျန်းမာရေးသတ်မှတ်ချက်ဆိုင်ရာကို မလိုက်နာတာ တွေ့ရပြီး သတိပေးတဲ့ကြားက ဆက်လက်လုပ်ကိုင်နေလို့ အခုလို အလုပ်ကို ၂ ပတ်ကြာ ပိတ်ချခိုင်းတာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၆၀၃ ဦး တိုးလာနေပြီး တစ်ဦးသေဆုံးခဲ့ရပါတယ်။

အခုဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်ပြီး ကူးစက်မှုပေါင်း ၄၀၃ ခု ရှိသွားပြီး အလုပ်အကိုင်နေရာ ၁၈၆ ခုကနေ ကူးစက်ခံရတာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Martin Foley က ပြောပါတယ်။

Additional reporting by AAP.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now