SKIP TO MAIN CONTENT

ဗဟိုဘဏ်က အတိုးနှုန်းတိုးမြင့်လိုက်ပါပြီ။ အိမ်ငှားသူ၊ အိမ်ဝယ်ထားသူတွေအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းကို တိုးမြင့်လိုက်ပြီ ဖြစ်ပါတယ်၊ အဲဒီလို ဆုံးဖြတ်ချက်က ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာကို လေ့လာရမှာ ြဖစ်ပါတယ်။

News
Pedestrians walks past the Reserve Bank of Australia in Sydney. Source: Getty

2 min read

Published

By David Aidone


Skip to article content

Ramona Gupta ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်အိမ်ရဖို့အတွက် ငွေစုဆောင်းလာခဲ့သူဖြစ်ပြီး အခု အသက် ၃၅ လောက်မှာ Rockdale မှာ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းကို ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အိမ်သစ်တက်ခဲ့တာဖြစ်တဲ့အတွက် ဗဟိုဘဏ်ကနေ အခုလို အတိုးနှုန်းတိုးမြင့်ကြောင်း ကြေညာလိုက်တဲ့အတွက် တခြားလူတွေလိုပဲ သူကလည်း စိုးရိမ်စိတ်တွေ ဖြစ်ရပါတယ်။

 

ဗဟိုဘဏ်က အတိုးနှုန်းကို ၀.၁% ကနေ ၀.၃၅% တိုးမြင့်လိုက်ဖို့ ဒီကနေ့မှာပဲ ကြေညာလိုက်တာဖြစ်ပြီး အဲဒီလိုလုပ်ရပ်ဟာ ဘဏ်တွေကလည်း သူတို့ရဲ့ အတိုးနှုန်းမှာ အပြောင်းအလဲတွေ လုပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 

ဩစတြေးလျနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာလကတည်းက အတိုးနှုန်းတွေ မတက်ပဲ ရှိနေခဲ့တာဖြစ်လို့ လူအတော်များများဟာ အတိုးနှုန်း မြင့်တက်တဲ့မှုကို မကြုံဖူးကြသူတွေ ဖြစ်ကြပါတယ်။

ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေတုန်း ဗဟိုဘဏ်က အတိုးနှုန်း မြင့်တင်လိုက်တဲ့အတွက် တချို့က စိုးရိမ်မှု ဖြစ်နေကြပါတယ်။ 

 

Ms Gupta ဟာ သူအိမ်ဝယ်တုန်းက အကြွးငွေ $236,000 ကို  fixed rate နဲ့ ချေးငှားတာဖြစ်ပြီး  $233,000 ကို variable rate နဲ့ ချေးငှားခဲ့တာပါ။ 

၂ နှစ်စာချုပ်နဲ့ fixed rate ကို ရယူခဲ့တာဖြစ်ပြီး ၂ နှစ်နောက်ပိုင်း အတိုးနှုန်းဘယ်လောက်တောင် တိုးလာမလဲ ဆိုတာကို တွေးပြီး စိတ်ပူမိတယ်လို့ ဆိုပါတယ်။ 

ဗဟိုဘဏ် RBA က အတိုးနှုန်းမြင့်လိုက်တဲ့အခါ အိမ်အကြွေးဆပ်နေရသူတွေအတွက် ဘယ်လို ဖြစ်လာနိုင်သလဲ

RBA ဗဟိုဘဏ်ရဲ့ အကြီးအကဲ Philip Lowe က ဒီနေ့မှာပဲ အတိုးနှုန်း မြင့်လိုက်ကြောင်း ကြေညာခဲ့သလို ဒီထက်တိုးမြင့်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

စီးပွားရေးက ခံနိုင်ရည်ရှိကြောင်း ပြသပြီး ငွေကြေးဖောင်းပွဲမှုက အလျင်အမြန် ဖြစ်ပေါ်နေပြီး ထင်ထားတာထက် အဖြစ်မြန်နေပါတယ်။ 

လစာတိုးမှုလည်း လိုက်လာနေတဲ့ အနေအထားရှိလာနေတုန်း အတိုးနှုန်းက နိမ့်ကျနေတဲ့အတွက် တိုးမြင့်ဖို့ အချိန်တန်ပြီလို့ ယူဆတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အရင်တစ်ပတ်မှာ ထုတ်ပြန်တဲ့ ငွေကြေးဖောင်းပွမှုက ၅.၁% တိုးလာနေတယ်လို့ ဖော်ပြထားပြီး ကမ္ဘာရဲ့ အနေအထားကြောင့် အဲလို ဖောင်းပွဲမှု ဖြစ်နေတာလို့ ဆိုပါတယ်။

မကြာခင်မှာ အတိုးနှုန်း ထပ်တိုးလာနိုင်တယ်လို့ သုံးသပ်ထားကြ  

RBA က ၂၀၂၂ အတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၆% ဝန်းကျင်ရှိနိုင်ပြီး အခြေခံနှုန်းက ၄.၇၅% ရှိနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၄ နှစ်လည်လောက်ကြရင် ၃% လောက်ရှိနိုင်ပြီး အဲဒီအချိန်လောက်မှာ အတိုးနှုန်းက ဒီထက်မက မြင့်တက်မယ့် အနေအထားကို ထည့်တွက်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘဏ်တွေက အတိုးနှုန်းကို အပြည့်အဝ လိုက်ပြီး တိုးမြင့်မယ့်အနေအထားရှိ

AMP Capital ရဲ့ စီးပွားရေးအကြီးအကဲ Shane Oliver က ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို ဘဏ်တွေက သူတို့ဆီ ငွေချေးတဲ့ သူတွေကို တိုးတောင်းတာမျိုး လုပ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကိုဗစ်ကာလတုန်းက ငွေကြေးဖောင်းပွမှုနည်းခဲ့ချိန်မှာ ဗဟိုဘဏ်က စီးပွားရေးလိုအပ်ချက်အရ အတိုးနှုန်းကို ချထားခဲ့ပြီး အခုအခါမှာတော့ ဆန့်ကျင်ဖက် ဖြစ်နေပြီလို့ ပြောပါတယ်။

ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်ဖြန့်ချီရေးမှာ အကန့်အသတ်တွေရှိသလို ရေကြီးမှုနဲ့ ယူကရိန်းစစ်တွေ ဖြစ်ပေမယ့် ဝယ်ယူလိုအားတွေ မြင့်မားနေဆဲဖြစ်လို့ အဲဒါတွေကို ဖြေရှင်းဖို့က အတိုးနှုန်း မြင့်တင်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဗဟိုဘဏ်က အတိုးနှုန်းကို ၂ ကြိမ်ဆက်တိုက် တိုးမြင့်နိုင်ပြီး အဲဒီနောက် ဘာဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်မှု လုပ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

Mr Oliver က ငွေကြေးဖောင်းပွဲမှု တအားမဆိုးရင် အတိုးနှုန်း အလျင်အမြန် ခုန်တက်တာမျိုး ဖြစ်မယ့်အနေအထားမရှိဘူးလို့ ခန့်မှန်းထားပြီး အတိုးနှုန်းက ၂၀၂၃ ခုနှစ် နှစ်လည်အထိ တရစ်ရစ်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒီနှစ်ကုန်လောက်မှာ အတိုးနှုန်းက ၁.၅% ရှိလာနိုင်ပြီး နောက်နှစ်လည်လောက်မှာ ၂% အထိ ရှိလာနိုင်ပြီး အဲဒီနောက် ငွေကြေးဖောင်းပွမှုနှုန်းက တည်ငြိမ်လာပြီလို့ ယူဆရင်တော့ အတိုးနှုန်း မြင့်တက်မှုနှုန်း လျော့နည်းလာမယ်လို့ ပြောပါတယ်။

ပထမဆုံးအကြိမ် အိမ်ဝယ်ယူမယ်သူတွေအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

အိမ်ယာရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့ PropTrack အဖွဲ့က Cameron Kusher ကတော့ အတိုးနှုန်း မြင့်ရင် အိမ်စျေးကျဆင်းလာနိုင်ပေမယ့် တဖက်မှာလည်း အတိုးနှုန်းများတဲ့အတွက် အိမ်အကြွေးကို များများပိုဆပ်ရမယ့် အနေအထားမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် ဘဏ်တွေက ငွေချေးတဲ့အခါ ဒီလူကို အတိုးနှုန်း ၃% တောင်းရင် အခြေအနေ ဘယ်လို ရှိမလဲဆိုပြီး စမ်းသပ်လျက်ရှိပါတယ်။

အိမ်ငှားသူတွေအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

Mr Oliver ရဲ့ အဆိုအရ အတိုးနှုန်းက အိမ်ငှားခအပေါ် သက်ရောက်မှု ရှိနိုင်ခြေနည်းပေမယ့် အိမ်ကို အလုအယက်ငှားနေရတာက အိမ်ငှားခကို မြင့်တက်စေတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ပြောပါတယ်။ 

တချို့အိမ်ရှင်တွေက အတိုးနှုန်းမြင့်တက်တာနဲ့ ဆက်စပ်ပြီး အိမ်ငှားသူတွေကို တောင်းခံတာမျိုး လုပ်နိုင်ပေမယ့် တချို့ကြတော့လည်း ကိစ္စမရှိဘူး တိုးမတောင်းဘူးဆိုပြီး ဆုံးဖြတ်နိုင်ပါတယ်။ 

အတိုးနှုန်း များလာခြင်းရဲ့ အကျိုးရလာဒ်ကို ခံစားရမယ့်လူတွေကတော့ ဘဏ်ထဲမှာ ငွေစုပြီး အတိုးစားတဲ့လူတွေ ဖြစ်ပါတယ်။ 

ဘဏ်တွေက အတိုးနှုန်း တိုးမြင့်လိုက်ရင် အတိုးနှုန်းကို ယှဥ်ကြည့်ပြီး အပြောင်းအလဲ လုပ်တန်ရင် လုပ်ကြဖို့ ဒါမှမဟုတ် အကြွေးတဝက်ကို fixed rate မှာ ထားပြီး တဝက်ကို variable မှာ ထားတာမျိုး လုပ်နိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။ 

ပထမဆုံးအကြိမ် အိမ်ဝယ်ယူမယ့်လူတွေ အိမ်စျေးကွက်ထဲ ဝင်လာနိုင်ဖို့အတွက် အစိုးရကရော ဘဏ်တွေကပါ တနည်းနည်းနဲ့ လျော့ပေါ့ပေးတာမျိုး လုပ်လာနိုင်တယ်လို့လည်း ပြောဆိုထားကြပါတယ်။

With additional reporting by AAP.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now