အဲဒီလို လူလိမ်တွေကို ဘယ်လို သိနိုင်မလဲ၊ အလိမ်ခံရတဲ့အခါ ဘာလုပ်နိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း မသာမာတဲ့ လူတွေဟာ အခွန်ဌာန
Australian Taxation Office (ATO) က လူတွေလို ဟန်ဆောင်ပြီး လူတွေကို လိမ်စားရာက အတော်အတန် အောင်မြင်မှု ရနေကြပါတယ်။
Australian Competition and Consumer Commission ရဲ့ အစီရင်ခံစာအရ အရင်နှစ်တုန်းက သြစတြေးလျနိုင်ငံမှာ ဒေါ်လာ သန်း ၈၅၁ သန်း လိမ်ညာခံကြရတယ်လို့ ခန့်မှန်းထားပြီး လွန်ခဲ့တဲ့ ၅ နှစ်စလုံးမှာ နှစ်စဉ် လိမ်ညာခံရမှုနှုန်းက ဆက်တိုက်မြင့်တက်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လူအများအပြားဟာ သူတို့ လိမ်ညာခံရတာကို တိုင်တန်းမှု လုပ်တာမျိုး မလုပ်ကြဘူးလို့လည်း သိရပါတယ်။

Bargaining psychology အကျိုးအမြတ်ရတဲ့ ပုံစံမျိုးရိုက်သွင်းပြီး လိမ်ညာစား
မသာမာတဲ့ လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ လူတွေကို လိမ်စားနေကြပါတယ်။ အများအားဖြင့်ကတော့ ကိုယ်တစ်ခုခု မဆုံးရှုံးအောင်၊ အမြတ်ရအောင်၊ ရတဲ့အခွင့်အရေး အမိအရ ရရှိအောင် လုပ်ပေးမယ့် ပုံစံမျိုးနဲ့ လူတွေကို လိမ်စားတာဖြစ်ပါတယ်။
တခုခုကို မျိုးမျိုးမြတ်မြတ် ရလိုက်တယ်ဆိုရင် ပျော်ရွှင်ကျေနပ်တဲ့ စိတ်ဖြစ်စေပြီး ဈေးရောင်းသူတွေက အဲဒီနည်းကို အသုံးချသလို မသာမာတဲ့ လူတွေကလည်း အဲဒီနည်းကို အသုံးချလေ့ရှိပါတယ်။
ဥပမာ ကားဝယ်တဲ့အခါ ခင်ဗျားလောက် ဈေးဆစ်တတ်တဲ့လူ မမြင်ဖူးဘူးလို့ပြောရင် ဈေးဝယ်သူက ပီတိဖြစ်နေတာမျိုး ဖြစ်ပါတယ်။
ငါကွ ဆိုတဲ့ စိတ်ကို ရိုက်သွင်းပေးပြီး မလိမ့်တပတ် ရိုက်စားလိုက်တာ ဖြစ်ပါတယ်။
မသာမာတဲ့ လူတွေဟာလည်း လူတွေရဲ့ စိတ်ခံစားမှုကို ကစားလိုက်တဲ့အတွက် ဦးနှောက်နဲ့ မဆုံးဖြတ်မှီတော့ပဲ စိတ်ခံစားမှု နောက်လိုက်လုပ်ရင်း လိမ်ညာခံကြရတာ ဖြစ်ပါတယ်။
မသာမာတဲ့လူတွေက လူတွေကို ခြိမ်းခြောက် ပြောဆိုတာတွေ၊ ဥပမာ ငွေကြေးနဲ့ ခြိမ်းခြောက်တာ ဒါမှမဟုတ် ရုံးရောက် ဂတ်ရောက်မယ့်အထိ ခြိမ်းခြောက်တာမျိုး လုပ်တတ်ပါတယ်။
လိမ်စားတဲ့အခါမှာလည်း အဖွဲ့အစည်း နာမည် တခုခုကို အသုံးချ လုပ်ကိုင်လေ့ရှိပြီး အခွန်ဌာနကို အသုံးချကြတာ ဖြစ်ပါတယ်။ အခွန်ဌာနဆိုတာ သြစတြေးလျမှာ နေထိုင်တဲ့ လူတိုင်းနီးပါး တချိန်မဟုတ် တချိန်ချိန်မှာ ထိတွေ့ ဆက်ဆံရတဲ့ ဌာနဖြစ်ပါတယ်။
ဒီလို အခြေအနေကြောင့် ATO က သူ့ရဲ့ ဝဘ်ဆိုက်မှာ ATO လို လိမ်ညာပြီး လုပ်စားနေတာကို သတိထားဖို့အထိ သတိပေးချက် ထုတ်ပြန်ထားပြီး လိမ်စားတတ်တဲ့ ပုံစံတွေကိုလည်း ဥပမာနဲ့တကွ ဖော်ပြထားပါတယ်။
Tax time လို့ခေါ်တဲ့ ဒီလို ဘဏ္ဌာရေးနှစ်ကုန်ပိုင်းနဲ့ နောက်တစ်နှစ် အစပိုင်းမှာ လိမ်ညာလို့ အကောင်းဆုံးဖြတ်ပြီး အကြောင်းရင်းကတော့ အခွန်ဆောင်တဲ့ ပြည်သူအများစုဟာ အချိန်သိပ်မရှိတဲ့လူတွေဖြစ်ပြီး ဥပဒေရေးရာကို
ဃဃနန မသိကြသူတွေ ဖြစ်ပါတယ်။
ဒီလို အချိန်ကာလအတွင်း အခွန်နဲ့ သက်ဆိုင်တဲ့ အီးမေးလ်တွေ၊ SMS ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့အချိန်၊ လိုအပ်ချိန်ဖြစ်တာကြောင့် လူတွေ ပိုအယုံလွယ်ကြတဲ့အချိန်လည်း ဖြစ်ပါတယ်။
အဓိကကတော့ ဒဏ်ကြေးမဆောင်ချင်ကြခြင်း ဖြစ်ပါတယ်။
ဒဏ်ကြေးမဆောင်ချင်လို့ လူလိမ်တွေရဲ့ ပြောစကားအတိုင်း လုပ်မိရာက ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေလည်း ခံစားကြရသလို တချို့ကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက် အခိုးခံလိုက်ရတာမျိုး ကြုံနေရပါတယ်။
မသာမာမှု scam ကို ဘယ်လို သိနိုင်မလဲ။
ATO အနေနဲ့ လူတွေကို ဖုန်းဆက်တာတွေ ဒါမှမဟုတ် စာတို text messages တွေ ပို့တာမျိုး လုပ်လေ့ရှိပေမယ့် ဖမ်းဝရမ်းမခံရအောင် ငွေဘယ်လောက် ပေးပါဆိုပြီး ခြိမ်းခြောက်မှု လုပ်မှာ မဟုတ်သလို သင့်ရဲ့ Tax File Number ကို ဖျက်လိုက်တာတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးနဲ့ ကြိုတင်သွင်းထားတဲ့ အသံတွေနဲ့ ခြိမ်းခြောက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။
အဲဒီလို မက်ဆေ့ချ်တွေကို “RoboCalls” လို့ ခေါ်ပါတယ်။ တခါတလေ ပြောဆိုမှုတွေက ယုံကြည်ရလောက်အောင် ဖြစ်နေရင် ပိုသေခြာအောင် အခွန်ဌာနကို ကိုယ်တိုင်ဖုန်းဆက် မေးမြန်းတာမျိုး လုပ်သင့်ပါတယ်။ မက်ဆေ့ချ်ကို စာပြန်တာတွေ၊ အချက်အလက် ပေးလိုက်တာမျိုးတွေ မလုပ်ပါနဲ့။
ဒါ့အပြင် ATO ဝဘ်ဆိုက်လို ပုံစံတူ တုထားတဲ့ ဝဘ်ဆိုက်တို့ အီးမေးလ်တို့ကို ကြည့်ပြီး ယုံစားတာမျိုးလည်း မလုပ်ပါနဲ့။ အဲဒါတွေကို ATO မှာ အလွယ်တကာ ကူးယူပြီး လုပ်ဆောင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
တခါတလေ Western Union ဒါမှမဟုတ် cryptocurrency တွေ ပေးဖို့ လိမ်ညာတောင်းတာမျိုးလည်း ဖြစ်နိုင်ပြီး တခါတရံ အခွန်ငွေကို gift cards နဲ့ ဆောင်ခိုင်းတာမျိုး လုပ်ရင်လည်း မယုံမိဖို့ အရေးကြီးပါတယ်။
သင့်ကို ဆက်သွယ်လာတဲ့ အရာတွေအပေါ် သံသယဖြစ်ရင်တော့ ဘာမှမလုပ်ပဲ ထားတာက အကောင်းဆုံး တုန့်ပြန်မှု ဖြစ်နိုင်ပါတယ်။ ခဏလေး စဉ်းစားမှု အရင်လုပ်ပြီး ဖြစ်နိုင်ခြေ ရှိမရှိ၊ လုပ်ရိုး ထုံးစံ ရှိမရှိ စတာတွေကို ချင့်ချိန်တွက်ချက်မှု လုပ်သင့်ပါတယ်။
မသာမာတဲ့ လူတွေဟာ လူတွေ သဒင်္ဂအတွင်း ခံစားရတဲ့ စိတ်ခံစားမှုအပေါ် အခြေခံပြီး လုပ်စားတာဖြစ်လို့ မိမိအနေနဲ့ စဉ်းစားပြီးမှ လုပ်ကိုင်ရင်တော့ ဒါဟာ အကောင်းဆုံး လက်နက် ဖြစ်ပါတယ်။ ဒီ မက်ဆေ့ချ်က ဘယ်သူ့ဆီက လာသလဲ၊ ဘာတွေ လုပ်ခိုင်းနေသလဲ၊ ဘာကြောင့် အဲလို လုပ်ခိုင်းရသလဲ ဆိုတာကို ခေတ္တစဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်
ATO အနေနဲ့ မသမာတဲ့လူတွေ အသုံးပြုတတ်တဲ့ လိမ်ညာနည်းတွေကို ဥပမာပေးပြီး ဖော်ပြတာမျိုး လုပ်ဆောင်ထားပါတယ်။
လိမ်ညာခံရပြီဆိုရင် ဘာလုပ်နိုင်သလဲ
သင့်အနေနဲ့ လိမ်ညာခံရရင် လိမ်ညာခံရပြီလို့ ယူဆရင် အရင်ဦးဆုံး ATO ကို ဆက်သွယ်သင့်ပြီး ဝဘ်ဆိုက်ပေါ်မှာ ရေးထားပေးတဲ့ ဖုန်းနံပတ်ကိုသာ ခေါ်ဆိုသင့်ပါတယ်။ ဒါမှမဟုတ် ATO ရဲ့ report a scam page မှာ အသိပေးနိုင်သလို ScamWatch ကနေတဆင့်လည်း အသိပေးနိုင်ပါတယ်။
အကယ်လို့ ငွေကြေး ဆုံးရှုံးရပြီဆိုရင်တော့ ပြန်ရဖို့နည်းလမ်း နည်းပါးပါတယ်။ လူလိမ် လူညာတွေဟာ ပြည်ပနိုင်ငံက အကောင့်တွေကနေလည်း လိမ်ညာလို့ ရတဲ့အတွက် ဖြစ်ပါတယ်။ gift cards တွေနဲ့ လိမ်ညာခံရရင်တော့ အဲဒီကဒ်တွေကို ထုတ်တဲ့လူကို ဆက်သွယ်ရမှာ ဖြစ်ပေမယ့် အများအားဖြင့်တော့ ပြန်ရတာမျိုး မရှိပါဘူး။
ဘဏ်ကနေတဆင့် ငွေလွဲတယ်၊ ခရက်ဒစ်ကဒ်နဲ့ ပေးတယ်ဆိုရင်တော့ ဘဏ်ကို ဆက်သွယ်ပြီး အဲဒီငွေလွဲမှုကို ပြန်ရအောင် လုပ်ပေးဖို့ ပြောကြည့်နိုင်ပေမယ့် ဒီနေရာမှာ အချိန်က စကားပြောမှာ ဖြစ်ပါတယ်။ မြန်မြန် သွက်သွက် လုပ်နိုင်မှသာ အချိန်မှီမှာ ဖြစ်ပါတယ်။
အလုပ်လုပ်သူတွေအနေနဲ့ အခွန်ရှောင်လွဲလို့မရပါဘူး။ စိတ်အေးလက်အေးနဲ့ သတိထားပြီး လုပ်ဆောင်ရင်တော့ လိမ်ညာမှုကနေ ကင်းနိုင်မှာ ဖြစ်တယ်လို့ Paul Haskell-Dowland က ရေးသားထားပါတယ်။ သူဟာ Edith Cowan University က Associate Dean ဖြစ်ပြီး သူနဲ့အတူ ဒီအကြောင်းရေးတဲ့ Nathalie Collins က အဲဒီတက္ကသိုလ်က Academic Director (National Programs) ဖြစ်ပါတယ်။
The Conversation

