SKIP TO MAIN CONTENT

စွမ်းအင်စျေးနှုန်း အစီအစဥ်ကို ဝေဖန်သူတွေ ရှိပေမယ့် အစိုးရကတော့ အစီအစဥ်ကောင်းလို့ဆို

အစိုးရရဲ့ စွမ်းအင်စျေးနှုန်းဆိုင်ရာ အစီအစဥ်ကို ဝေဖန်သူတွေ ရှိပေမယ့် စွမ်းအင်ဆိုင်ရာ ဝန်ကြီးက အဲဒီအစီအစဥ်ကို ကာကွယ်ပြောဆိုလိုက်ပါတယ်။

Some parts of Queensland have been warned they could be hit by blackouts on Tuesday evening.
Some parts of Queensland have been warned they could be hit by blackouts on Tuesday evening. Source: AAP / AAP / Darren England

2 min read

Published

Updated

Source: SBS


Skip to article content

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဖက်ဒရယ် အစိုးရနဲ့ ပြည်နယ်အစိုးရအပြင် အထူးဒေသအစိုးရတွေကနေ စွမ်းအင်စျေးနှုန်း အမြင့်ဆုံးရောင်းချနိုင်တဲ့ ပမာဏကို ချမှတ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီ သဘောတူညီချက်ရယူပြီးနောက် လွှတ်တော်မှာ အဆုံးအဖြတ် ယူကြရဦးမှာ ဖြစ်ပြီး အဲဒီလို စွမ်းအင်စျေးနှုန်း သတ်မှတ်ချက်ကို ဝေဖန်သူတွေ ရှိပါတယ်။

ပြည်နယ်နဲ့ ဖက်ဒရယ် အစိုးရတို့က ၁၂ လအတွင်း ကျောက်မီးသွေးရဲ့ စျေးကို တစ်တန်မှာ အများဆုံး ၁၂၅ ဒေါ်လာသာ ထားရှိဖို့ သဘောတူကြသလို ဂက်စ်ရဲ့ စျေးကိုလည်း ၁ gigajoule မှာ ၁၂ ဒေါ်လာသာ အမြင့်ဆုံး ရောင်းချခွင့်ပေးဖို့ သဘောတူခဲ့ကြတာပါ။

ဒီနှစ် ဂက်စ်ရဲ့ ပျှမ်းမျှ စျေးနှုန်းက ၁ gigajoule မှာ ၄၁ ဒေါ်လာ ရှိရာကနေ အများဆုံး ၁၂ ဒေါ်လာနဲ့ ရောင်းချဖို့ သတ်မှတ်လိုက်မှာ ဖြစ်ပါတယ်။

ကျောက်မီးသွေး စိမ်းတွေရဲ့ ရောင်းချမှုကိုလည်း အလားတူ စျေးနှုန်း သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ် အစိုးရကလည်း ဝင်ငွေနည်းသူနဲ့ အခက်အခဲရှိနိုင်သူ အိမ်ထောင်စုတွေကို ကူညီဖို့ ဒေါ်လာ ၁.၅ ဘီလီယံ ချမှတ်ပေးဖို့ ရှိပါတယ်။

အဲဒီလို အစီအစဥ်ကြောင့် တစ်နှစ်မှာ တချို့ အိမ်ထောင်စု တစ်စုစီအတွက် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၂၃၀ သက်သာစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလို အစီအစဥ်က ငွေကြေးဖောင်းပွဲမှု ပိုဖြစ်စေနိုင်တယ်လို့ ဝေဖန်သူတွေ ရှိပေမယ့် စွမ်းအင် ဝန်ကြီး ခရစ္စဘိုဝင်က ငွေကြေး ဖောင်းပွဲမှု မဖြစ်အောင် ဒီဇိုင်းရေးဆွဲထားတယ်လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

Sky News နဲ့ အင်တာဗျူးမှာ Mr Bowen က ငွေကြေးဖောင်းပွဲမှု အခြေအနေ ပိုဆိုးမှု ဖြစ်စေနိုင်မှု မရှိဘူးဆိုတဲ့အကြောင်း ဘဏ္ဏာရေးဆိုင်ရာကနေ ကျနော်တို့ကို အတိအလင်း ပြောထားပြီးသားဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ပိုဆိုးဝါးစေမယ့်အစား လျော့ကျမှု ဖြစ်စေနိုင်မယ့်အကြောင်းကို ဘဏ္ဏာရေးဆိုင်ရာ အတွင်းရေးမှုးက ပြောဆိုခဲ့ပြီး အနည်းဆုံး ငွေကြေးဖောင်းပွဲမှု ၀.၅% သက်သာစေနိုင်မယ်လို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

အတိုက်အခံ စွမ်းအင်ဆိုင်ရာ ဝန်ကြီး Ted O'Brien က အဲဒီ အစီအစဥ် အောင်မြင်မယ့်အနေအထားမရှိဘူးလို့ Sky News နဲ့ တွေ့ဆုံစဥ်မှာ ပြောပါတယ်။

ဝန်ကြီးချုပ်က အဲဒီအစီအစဥ်က ပြည်နယ်တိုင်းအတွက် မတူညီတဲ့ လုပ်ဆောင်ချက်တွေ ရလဒ်တွေ ရှိမယ်လို့ ပြောဆိုထားတဲ့အကြောင်း ပြည်သူတွေ ဘယ်လောက် အကျိုးအမြတ် ရရှိမလဲ ဆိုတာမသိကြသလို အဲဒီလို သတ်မှတ်ချက်ကို သက်ရောက်မှု ရှိအောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတာလည်း မသိကြတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်မှန်း မသိရတဲ့ဟာကို လွှတ်တော်ကို အတည်ပြုခိုင်းသလို ဖြစ်မယ်လို့ ဝေဖန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စွမ်းအင်စျေးနှုန်း ထိုးတက်တာမျိုး ဖြစ်ပွားနေပြီး ပျှမ်းမျှအားဖြင့် စွမ်းအင်စျေးနှုန်းက ၂၀% နဲ့ ၃၀% အကြား ပိုများလာတာဖြစ်ပါတယ်။.

လာမယ့် ၂ နှစ်အတွင်း စျေးနှုန်းက ၅၆% ပိုတက်လာမယ်လို့လည်း ခန့်မှန်းထားမှုတွေ ရှိနေပါတယ်။

စွမ်းအင်စျေးနှုန်း ရောင်းချနိုင်တဲ့ အမြင့်ဆုံး စျေးနှုန်းကို သတ်မှတ်လိုက်ခြင်းအားဖြင့် ရောင်းချသူတွေကို ကန့်သတ်လုပ်လိုက်တာဖြစ်လို့ ရေတိုမှာ အနည်းဆုံး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလလောက်ကစပြီး စျေးနှုန်းတွေ သက်ရောက်မှု ရှိလာနိုင်ပြီး စွမ်းအင်ရောင်းချသူတွေက သူတို့ရဲ့ စျေးနှုန်းကို စားသုံးသူတွေဆီ အပြိုင်အဆိုင် ချပြရတော့မှာ ဖြစ်ပါတယ်။

အဲဒါ့အပြင် ဖက်ဒရယ် အစိုးရက ပင်စင်စားတွေ၊ အလုပ်လက်မဲ့သူတွေနဲ့ ဝင်ငွေနည်းသူတွေကို ကူညီဖို့ ဒေါ်လာ ၁.၅ ဘီလီယံချပေးသွားဖို့ရှိပေမယ့် ဘယ်ပုံ ဘယ်နည်းပေးမယ်ဆိုတာကတော့ ပြည်နယ်အလိုက်အပေါ် မူတည်မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ စွမ်းအင်စျေးနှုန်းဆိုင်ရာ မူကြမ်းကို ကြာသပတေးနေ့ကြရင် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ လုပ်ဆောင်ကြမှာ ဖြစ်ပြီး အဲဒီမူကြမ်း အတည်ပြုနိုင်ဖို့အတွက် အစိုးရက ဂရင်းပါတီရဲ့ ထောက်ခံမှုနဲ့ တသီးပုဂ္ဂလ တစ်ဦးရဲ့ ထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

ဂရင်းပါတီခေါင်းဆောင် Adam Bandt က ဂရင်းပါတီအနေနဲ့ ကျောက်မီးသွေးနဲ့ ဂက်စ် လုပ်ငန်းကြီးတွေကို နစ်နာကြေးပေးမယ့် အစီအစဥ်ကို မထောက်ခံနိုင်ပေမယ့် တခြားအချက်တွေကိုတော့ ထည့်တွက်စဥ်းစားမယ့်အနေအထားရှိတယ်လို့ ပြောပါတယ်။

ဂရင်းပါတီအနေနဲ့ ဒီထက်မက လုပ်ဆောင်ပေးတာမျိုး မြင်ချင်ပြီး ဥပမာ လူတွေ ဂက်စ်မလိုချင်ရင် တခြားနည်းနဲ့ လုပ်ဆောင်ပေးတာမျိုးတို့ဖြစ်ပြီး အဲလို လုပ်ဆောင်မှသာလျှင် ၁၂ လ ကြာပြီးနောက် ဒီပြဿနာကို ပြန်လည်ကိုင်တွယ်ဖြေရှင်းရတာမျိုးတွေ မဖြစ်စေမှာလို့ ပြောပါတယ်။

ကျောက်မီးသွေး ရောင်းချနိုင်မယ့် အမြင့်ဆုံး စျေးနှုန်း သတ်မှတ်တဲ့ကိစ္စမှာ ဖက်ဒရယ် အစိုးရက New South Wales ပြည်နယ်အပြင် Queensland ပြည်နယ်နဲ့ ပြောဆိုဆွေးနွေးမှု လုပ်ရမှာ ဖြစ်ပါတယ်။

လက်ရှိ ရှိနေတဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး နစ်နာကြေးတွေ ပေးဖို့ ဆွေးနွေးမှု လုပ်နေပြီး ဒေါ်လာ သန်း ရာနဲ့ချီ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီကိစ္စကို ဂရင်းပါတီက မနှစ်မြို့ဘူးလို့ ဂရင်းပါတီ ခေါင်းဆောင် Adam Bandt က ပြောပါတယ်။

လောဘသားကောင်တွေ ဖြစ်တဲ့ ကျောက်မီးသွေးနဲ့ ဂက်စ်လုပ်ငန်းရှင်တွေက လူတွေကို နစ်နာကြေးပေးရမှာ ဖြစ်ပြီး လူတွေက အဲဒီလုပ်ငန်းတွေကို နစ်နာကြေးပေးတာမျိုး မဖြစ်သင့်ပါဘူး။ ဒီကုမ္ပဏီတွေက ယူကရိန်းစစ်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ စွမ်းအင်စျေးနှုန်း စံချိန်တင် မြင့်တက်လာတာကို လောဘကြီးတဲ့ အခွင့်ကောင်းယူပြီး အကျိုးအမြတ်တွေ အများကြီး ရရှိခဲ့ကြတဲ့လူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ကြရင် ဖက်ဒရယ် လွှတ်တော်မှာ ထောက်ခံမှုရရှိရေးအတွက် လုပ်ဆောင်မှုပြီးတဲ့အခါ ပြည်နယ်အလိုက် လွှတ်တော်တွေမှာလည်း ထောက်ခံမှု ရရှိဖို့ လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now