Greater Sydney ပိတ်ချမှုကို ၄ပတ်ထက်မနည်း ထပ်မံသက်တမ်းတိုးလိုက်ပြီး ကန့်သတ်ချက်ဥပဒေအသစ်တွေကတော့ ဒီကနေ့ ဗုဒ္စဟူးနေ့ညမှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။
Central Coast, Blue Mountains, Wollongongနဲ့ Shellharbour မှာနေထိုင်သူတွေအပါအဝင် Greater Sydney ဒေသအတွင်းနေထိုင်သူအားလုံး အိမ်ထဲမှာပဲနေရမယ် ဆိုတဲ့အမိန့်ကို သြဂုတ်လ ၂၈ရက်နေ့အထိ သက်တမ်းတိုးလိုက်ကြောင်း အာဏာပိုင်တွေ ကအတည်ပြုပြောဆိုခဲ့ပါတယ်။
နယူးဆော့သ်ဝေးပြည်နယ်အတွင်း ဒေသတွင်းရောဂါကူးစက်ခံရသူ ၁၇၇ဦးတိုးလာပြီး ကိုဗစ်-၁၉ကြောင့် လူတဦးထပ်မံသေဆုံးခဲ့ရတဲ့နောက်ပိုင်း နေအိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့ အမိန့်ကို အခုလိုသက်တမ်းတိုးလိုက်တာလည်းဖြစ်ပါတယ်။
ကာကွယ်ဆေးမထိုးထားတဲ့ အသက် ၉၀အရွယ်အမျိုးသမီးတဦး ညကပဲ Liverpool Hosptial မှာသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနအကြီးအကဲ Kerry Chant ကပြောပါတယ်။
အခုဆိုရင် NSW မှာ ဆေးရုံတင်ထားရတဲ့ ကိုဗစ်-၁၉ လူနာ ၁၆၄ဦးရှိပြီး အဲဒီထဲက ၅၆ဦး အနီးကပ်စောင့်ကြည့်ကုသမှုပေးနေရပြီး ၂၂ဦးကတော့ အသက်ရှူစက်ကိရိယာ တပ်ဆင်ထားရပါတယ်။
ဗုဒ္စဟူးနေ့ညမှာစတင်မယ့် ကန့်သတ်ချက်အသစ်တွေကတော့ Greater Sydney နမှာနေထိုင်သူတွေအားလုံး မိမိနေအိမ်နဲ့ ၁၀ကီလိုမီတာ အကွာအဝေးအတွင်းမှာရှိတဲ့ ဈေးတွေမှာပဲ ဈေးဝယ်ရမှာဖြစ်ပါတယ်။

Parramatta, Campbelltown နဲ့ Georges River မှာနေထိုင်ပြီး အရေးတကြီးအလုပ်သွားစရာမလိုတဲ့အလုပ်သမားတွေကို အလုပ်သွားခွင့်မပြုတော့ပါဘူး။ အရင်တုန်းကတော့ အိမ်ပြင်ထွက်အလုပ်သွားခွင့်မရှိတဲ့သူတွေဟာ Canterbury-Bankstown, Fairfield, Liverpool, Blacktown နဲ့ Cumberland ဒေသအတွင်းနေထိုင်သူတွေသာ သတ်မှတ်ထားဖြစ်ပါတယ်။
ဇူလိုင်လ ၃၁ရက်နေ့ကစလို့ Canterbury-Bankstown ဒေအတွင်းမှာနေထိုင်ပြီး မဖြစ်မနေ အလုပ်သွားလုပ်ရမယ့် အလုပ်သမားတွေအနေနဲ့ အိမ်ပြင်ထွက် အလုပ်သွားလုပ်ဖို့အတွက် သုံးရက်တကြိမ် ရောဂါစစ်ဆေးရမှာဖြစ်ပါတယ်။
Canterbury-Bankstown ဒေသဟာ ရောဂါအဖြစ်များဆုံး ဗဟိုအချက်အချာနေရာ ဖြစ်လာနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကပြောပါတယ်။
ပိတ်ချမှုသက်တမ်းတိုးလိုက်တဲ့အတွက် ထိခိုက်နစ်နာရတဲ့ စီးပွားရေးနဲ့ ပုဂ္ဂိုလ်တဦးချင်းဆီအတွက် ပြည်နယ်နဲ့ ဖဒရယ်အစိုးရက JobSaver အစီအစဉ်ကနေတဆင့် ထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးသွားဖို့ရှိတယ်လို့ NSW ဘဏ္ဍာရေးဝန်ကြီး Dominic Perrottet ကပြောပါတယ်။
အခုဆိုရင် နယူးဆော့သ်ဝေးပြည်နယ်အတွင်း Pfizwer နဲ့ AstraZeneca ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးသွားတဲ့သူ ၃ဝ့၄ ရာခိုင်နှုန်းရှိပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသွားတဲ့သူတွေကတော့ လူဦးရေအားလုံးရဲ့ ၁၃ ဒသမ ၁ ရာခိုင်နှုန်း (၁ ဒသမ ၇သန်း) ရှိပါတယ်။

