SKIP TO MAIN CONTENT

ထရပ်ကားကို လမ်းသုံးခတိုးမြင့်ခံရတဲ့အတွက် အစားအသောက် စျေးတက်မယ်လို့ဆို- ဘယ်လိုကြောင့်လဲ

ထရပ်ကားတွေအပေါ် အစိုးရက လမ်းအသုံးပြုခတိုးမြင့် ကောက်ခံမှာဖြစ်လို့ လာမယ့် ၃ နှစ်အတွင်း အစားအသောက် ကုန်စျေးနှုန်းတွေ ထပ်မံ တိုးမြင့်နိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးမွေးမြူရေးအဖွဲ့တွေက သတိပေး ပြောဆိုလိုက်ပါတယ်။

fruits and vegies
fruits and vegies – Flickr/Miwok Source: Flickr / Flickr/Miwok

2 min read

Published

Updated

By AAP-SBS

Source: SBS


Skip to article content

သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးမွေးမြူရေးအဖွဲ့တွေရဲ့အဆိုအရ အစိုးရက ထရပ်ကားတွေလို ယာဥ်ကြီးတွေကို Heavy Vehicle Road User Charge လမ်းအသုံးပြုခ တိုးမြင့် ကောက်ခံမှာဖြစ်လို့ ကုန်ကျစရိတ် တိုးမြင့်မှုကြောင့် တချို့ လုပ်ငန်းတွေ ပိတ်ချလိုက်ရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အစိုးရက လာမယ့် ၄ နှစ်အတွင်း အဲဒီလို ယာဥ်ကြီးတွေ လမ်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး အဖိုးအခ ၁.၁ ဘီလီယံ ထပ်မံရရှိဖို့ လုပ်ဆောင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယာဥ်ကြီးတွေ လမ်းအသုံးပြုခ ဆောင်ရတဲ့ ပေါ်လစီကို ၂၀၀၆ ခုနှစ်တုန်းက စတင်ခဲ့တာဖြစ်ပြီး ဒီဇယ်ဆီတစ်လီတာ အသုံးပြုတိုင်း အဲဒီအတွက် ထရပ်ကားတွေက အခွန်ဆောင်ရတာဖြစ်ပြီး အဲဒီကနေ ရရှိတဲ့ ငွေကြေးကို လမ်းပြုပြင်ရေးနဲ့ မွမ်းမံပြင်ဆင်ရေးတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

လာမဲ့ ၃ နှစ်အတွင်း အဲဒီအဖိုးအခကို ၆% တိုးမြင့်သွားဖို့ ဖက်ဒရယ်အစိုးရအပြင် ပြည်နယ်နဲ့ အထူးဒေသ အစိုးရတွေက သတ်မှတ်လိုက်တာဖြစ်ပြီး ဘတ်ဂျက်ထဲမှာလည်း ဖော်ပြထားပါတယ်။

ဒီလို ဆုံးဖြတ်ချက်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ အစားအသောက် ထုတ်လုပ်သူတွေအပေါ် ထိခိုက်နစ်နာမှု ဖြစ်စေမယ်လို့ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးမွေးမြူရေးအဖွဲ့တွေက ပြောပါတယ်။

National Road Transport Association အဖွဲ့ရဲ့ အကြီးအကဲ Warren Clarkရဲ့ အဆိုအရ လမ်းအသုံးပြုခကို တိုးမြင့်လိုက်တဲ့အတွက် လာမဲ့ နှစ်ကြရင် သူတို့လုပ်ငန်းတွေက ဒေါ်လာ ၁၀၁ သန်းထပ်ကုန်ကျခံရမှာဖြစ်ပြီး ၂၀၂၆-၂၇ အထိ နောက်ထပ် ဒေါ်လာ ၃၉၁ သန်း ကုန်ကျခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ထရပ်လုပ်ငန်းအတွက် ဒေါ်လာ ၁ ဘီလီယံထပ်ကုန်ကျခံရမယ့်အနေအထားဖြစ်ပြီး အဲဒီလို ကုန်ကျစရိတ်တွေကို ကာမိအောင် ဝယ်ယူသုံးစွဲသူတွေဆီက ရအောင် စျေးတင်ရမှာဖြစ်ပြီး စျေးမတင်နိုင်ရင်တော့ စီးပွားပျက်ရုံပဲ ရှိမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအဖွဲ့ရဲ့ ဥက္ကဌ Rick Gladigau က ဒီလို သက်ရောက်မှုကို သူတို့လို လူတွေကိုလည်း ထိခိုက်မှာဖြစ်ပြီး အစာရရှိရေးနဲ့ သယ်ယူပို့ဆောင်ခတွေမှာလည်း ပိုကုန်ရမယ့်အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။

နို့ထွက်ပစ္စည်းတွေကို သယ်ယူဖို့၊ ကောက်ရိုးစည်းတွေကို သယ်ယူဖို့၊ တိရစ္ဆာန်တွေစားမယ့် သီးနှံတွေသယ်ဖို့ စတဲ့ နေ့စဥ်လိုအပ်တဲ့ အရာတွေကို သယ်ယူရာမှာ ထရပ်ကားတွေကို အသုံးပြုရတဲ့အတွက် ထရပ်ကားတွေကလည်း သူတို့လို လယ်သမားတွေကို အဖိုးအခ တိုးမြင့်ရမှာဖြစ်လို့ သူတို့လည်း အဲဒီဒဏ်ကို ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို အဖိုးအခ တိုးမြင့်လိုက်တာက နောက်ဆုံးမှာ နေ့စဥ်သုံး အစားအသောက်တွေရဲ့ စျေးနှုန်းကိုပါ ထိခိုက်မှာဖြစ်သလို တချို့ လုပ်ငန်းတွေ ပိတ်ချလိုက်ရတာမျိုး ဖြစ်စေနိုင်တယ်လို့ ကွင်းစလန်းပြည်နယ်က တသီးပုဂ္ဂလ လွှတ်တော်အမတ် Bob Katter က ပြောပါတယ်။

ဒီအစီအစဥ်ကို အစိုးရအနေနဲ့ ပြန်မရုတ်သိမ်းဘူးဆိုရင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ နဲ့ အသေးစားစီးပွားရေး ပိတ်ချလိုက်ရတာမျိုး ဒါမှမဟုတ် သာမာန်လူတွေကပဲ စျေးနှုန်းပို့ပေးပြီး ဝယ်စားရတာမျိုး ဖြစ်သွားမယ်လို့ ပြောပါတယ်။

ဒါ့ပေမဲ့ ဘဏ္ဏာရေးဝန်ကြီး Jim Chalmers က ဒီလို အဖိုးအခ တိုးမြင့်လိုက်တာဟာ အသက်သာဆုံးနည်းနဲ့ လုပ်ဆောင်ပေးတာဖြစ်ပြီး ၁၀% တိုးမြင့်မယ့်အစား သယ်ယူပို့ဆောင်ရေး ဝန်ကြီးတွေက ၆% ပဲ အဖိုးအခ တိုးမြင့်ကောက်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို တိုးမြင့်မှုကြောင့် အခုဆိုရင် ယာဥ်ကြီးတွေအနေနဲ့ ဒီဇယ် ၁ လီတာ အသုံးပြုတိုင်း ၂၇.၂ cent ပေးဆောင်ရာကနေ ၂၀၂၅ မတိုင်ခ ၃၂.၄ cent ပေးဆောင်ရမှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now