SKIP TO MAIN CONTENT

ဩစီနဲ့အိမ်နီးချင်းနိုင်ငံမှာ တရုတ်ရေတပ်ထားရှိနိုင်တဲ့အလားလာကြောင့် ဩစီမှာ စိုးရိမ်မကင်းမှုဖြစ်နေ

ဩစတြေးလျနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Solomon Islands ကျွန်းနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရဲနဲ့ စစ်သားတွေ ထားရှိနိုင်တဲ့အနေအထားကြောင့် ဩစတြေးလျနိုင်ငံမှာ စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။

A panpipe band in Solomons Islands
A panpipe band in Solomon Islands Source: AAP

1 min read

Published

Updated


Skip to article content

မူကြမ်းအဆင့်သာ ရှိသေးတဲ့ သံတမန်ရေးဆိုင်ရာ စာရွက်စာတမ်းတစ်ခု လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတာဖြစ်ပြီး အဲဒီစာရွက်စာတမ်းထဲမှာ တရုတ်နိုင်ငံအနေနဲ့ ဆော်လမွန်နိုင်ငံမှာ ရေတပ်နဲ့ ရဲတွေချထားလိုကြောင်းပြသထားပါတယ်။ 

တရုတ်လုံခြုံရေးတပ်တွေ ထားရှိခြင်းအားဖြင့် အင်ဒို-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ ကြီးထွားလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။ 

ပစိဖိတ်ဒေသမှာ အကူအညီလိုတိုင်း ဩစတြေးလျနိုင်ငံကို တောင်းဆိုလေ့ရှိပြီး အရင်နှစ်တုန်းက ဆော်လမွန်ကျွန်းနိုင်ငံမှာ မငြိမ်မသက်မှုဖြစ်တုန်းက ဩစတြေးလျက လုံခြုံရေး ယူပေးခဲ့ပါတယ်။ 

ပစိဖိတ်ဒေသမှာ အခက်အခဲကြုံရတိုင်း အရင်ဦးဆုံး ဩစတြေးလျနိုင်ငံကို လှမ်းဆက်သွယ်လေ့ရှိကြပါတယ်။ ဩစတြေးလျက သူတို့ကို ကူညီနိုင်တဲ့အနေအထားရှိတယ်၊ သူတို့ကို ကူညီရာမှာလည်း သူတို့ရဲ့ သမိုင်းတွေ ရိုးရာယဥ်ကျေးမှုကို လေးစားတန်ဖိုးထားတဲ့နည်းနဲ့ လုပ်ဆောင်လေ့ရှိတယ်ဆိုတာကို သိကြတဲ့အတွက် ဩစတြေးလျကို မိသားစုလို သဘောထားကြတယ်လို့ ၀န်ကြီးချုပ် စကော့တ်မော်ရီဆန်က ပြောပါတယ်။ 

ဒါပေမယ့်ကြည့်ရတာ တရုတ်နိုင်ငံဆီကိုလည်း အကူအညီ ရယူကြပုံပေါက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းအရ ဆော်လမွန်ကျွန်းနိုင်ငံမှာ တရုတ်ကာကွယ်ရေးတပ် ထားရှိဖို့ အစီအစဥ် ပါ၀င်ပါတယ်။ 

'Framework Agreement' မူကြမ်းအရ ဆော်လမွန်နိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ စီမံကိန်းနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် လိုအပ်ရင် သို့မဟုတ် ဆော်လမွန်ကျွန်းနိုင်ငံက တောင်းဆိုရင် တရုတ်နိုင်ငံက ရဲတွေ၊ လက်နက်ပိုင်ရဲတွေနဲ့ စစ်သားတွေကို ဆော်လမွန်နိုင်ငံထဲ ပို့ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ 

အခုလောလောဆယ် မူကြမ်းအဆင့်သာဆိုပေမယ့် အဲဒီလို သတင်းပေါက်ကြားလာတဲ့အပေါ် ဩစတြေးလျနိုင်ငံက စိုးရိမ်မကင်းမှု ဖြစ်နေပါတယ်။ 

 

ဩစတြေးလျအနေနဲ့ ကူညီထောက်ပံ့မှုပေးပို့ခဲ့သလို ဆက်လက်ပေးပို့မယ့်အကြောင်း ဒါပေမယ့် ဒေသအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ရှိတာကို မြင်လိုပြီး တရုတ်နိုင်ငံက ဖိအားပေးမှုနဲ့ နေရာယူလာမှုကိုတော့ မလိုလားဘူးလို့ ကာကွယ်ရေး၀န်ကြီး Peter Dutton က ပြောပါတယ်။ 

ဆော်လမွန်ကျွန်းနိုင်ငံ ခေါင်းဆောင် Manasseh Sogavare ကတော့ ဒေသတွင်းမှာ နေရာရဖို့နဲ့ လွှမ်းမိုးမှုရဖို့ လုပ်ဆောင်မှုတွေရှိတယ်ဆိုတာ သိပြီး အဲဒါကို ကိုင်တွယ်နေတယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။ 

ဒါပေမယ့် ဆော်လမွန်နိုင်ငံဟာ Taiwan နဲ့ ထားရှိတဲ့ ဆက်ဆံရေးကို ဖျက်သိမ်းပြီး တရုတ်အစိုးရကို အသိအမှတ်ပြုတဲ့အတွက် ဒေသအတွင်းမှာသာမက ပြည်တွင်းမှာလည်း စိတ်မသက်မသာ ဖြစ်နေရပါတယ်။ 

ဆော်လမွန်နိုင်ငံအနေနဲ့ အားလုံးကို မိတ်ဆွေလိုသာ သေဘာထားပြီး ဘယ်သူ့ကိုမှ ရန်သူလို သဘောမထားသင့်ဘူးလို့ ဆော်လမွန်နိုင်ငံခေါ်င်းဆောင် Mr Sogavare က ပြောပါတယ်။ 

 

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese က ပစိဖိတ်နဲ့ ဩစတြေးလျတို့ ပါတနာလို ဆက်ဖြစ်နေဖို့ လိုအပ်ပေမယ့် လက်ရှိအစိုးရတက်လာတဲ့အခါမှာ ကူညီထောက်ပံ့ကြေးလျော့ချတာတွေ ပစိဖိတ်ဒေသအပေါ် စိတ်ပါ၀င်စားမှု နည်းပါးခြင်းကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာ ဩစတြေးလျ ဆက်လက် ပါ၀င်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

ပညာရှင်တွကလည်း ပစိဖိတ်ဒေသနဲ့ ဆက်လက်ရင်းနှီးကျွမ်း၀င်မှုရှိအောင် ဩစတြေးလျအနေနဲ့ ဆက်လုပ်ရမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ 

 

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now