ဖက်ဒရယ်ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးမလဲ

ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲနေ့ကြရင် ဩစတြေးလျနိုင်ငံ တလွားက မဲရုံတွေမှာ တစ်နာရီမှာ လူ ၁ သန်းလောက် မဲပေးကြလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ မဲစာရင်းမှာ နာမည်ပါတဲ့လူတိုင်းက မဖြစ်မနေ မဲထည့်ရမှာ ဖြစ်ပါတယ်။

Federal Election: Polling place at a state school in Townsville

Polling place at a state school in Townsville Source: Getty Images/Ian Hitchcock

အဓိက အချက်အလက်များ 

  • AEC က သင့်ရပ်ကွက်အတွင်းက ဘယ်နေရာတွေမှာ မဲပေးနိုင်သလဲ ဆိုတာတွေကို ရှာဖွေရာမှာ လွယ်ကူအောင် လုပ်ဆောင်ပေးထားပါတယ်။ 
  • ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်တဲ့နည်းလမ်း တစ်မျိုးထက်မနည်း ရှိပါတယ်။ 
  • AEC က သင်မဲပေးတဲ့အခါ အခက်အခဲရှိရင် စကားပြန်နဲ့ တယ်လီဖုန်းကနေတဆင့် ဝန်ဆောင်မှုပေးနိုင်ပါတယ်။ 

 

ဩစတြေးလျနိုင်ငံမှာ မဲပေးစနစ်ကို စီမံခန့်ခွဲတဲ့ သီးသန့်လွတ်လပ်တဲ့အဖွဲ့ ရှိပါတယ်။ 

Australian Electoral Commission (AEC) က မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဖက်ဒရယ်ရွေးကောက်ပွဲ ပုံဖော်ရာမှာ ပါဝင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ 

သင့်ရဲ့ မဲဆန္ဒနယ်ကို သိအောင်လုပ်ခြင်း 

ဩစတြေးလျနိုင်ငံမှာ မဲဆန္ဒနယ် ၁၅၁ ခု ရှိပြီး AEC က သင်နေထိုင်ရာ ဒေသရဲ့ မဲဆ္ဒနယ်က ဘာလဲ ဆိုတာကို ဖော်ပြထားပါတယ်။ electorate.aec.gov.au မှာ လေ့လာနိုင်ပါတယ်။ 

၁၃ ၂၃ ၂၆ ကို ဖုန်းဆက်နိုင်သလို စကားပြန်ဝန်ဆောင်မှုလည်း  ရယူနိုင်ပါတယ်။

Voting Centre
Voting Centre Source: AEC

သင့်ရဲ့ မဲရုံကို သိအောင်လုပ်ခြင်း 

AEC က မဲပေးရမယ့်နေ့ကြရင် စာသင်ကျောင်း၊ ကွန်မြူနီတီစင်တာ၊ ဘုရားကျောင်းနဲ့ တခြားနေရာ ထောင်နဲ့ချီမှာ မဲရုံတွေ ထားရှိပါတယ်။

သင်နေထိုင်ရာ ရပ်ကွက်နာမည်နဲ့ စာတိုက်အမှတ်ကို ထည့်လိုက်တာနဲ့ သင့်ရဲ့ဒေသမှာ ဘယ်သူတွေက ကိုယ်စားလှယ်လောင်း ဖြစ်သလဲ၊ ဘယ်နေရာမှာ မဲပေးနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။

 မဲပေးဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကြရင် မိမိနေထိုင်ရာ ရပ်ကွက်အတွင်းက မဲရုံတွေကို သွားပြီး မဲပေးခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်ရေးစင်တာ၊ ဝေးလံခေါင်သီတဲ့နေရာ၊ ဆေးရုံနဲ့ အကျဥ်းထောင်တွေအထိ ရွေးကောက်ပွဲကော်မရှင်က လူတွေ သွားရောက်ပြီး လူတွေမဲပေးနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

သင့်ဘာသာစကားနဲ့ မဲပေးခြင်း 

AEC ရဲ့ ဝဘ်ဆိုက်မှာ ဘာသာစကားပေါင်းစုံနဲ့ မဲဘယ်လို ပေးရမလဲ ဆိုတာ ဖော်ပြထားပါတယ်။

အကူအညီလိုအပ်ရင် တစ်ယောက်ယောက်ရဲ့ အကူအညီကို ရယူနိုင်သလို နားမလည်ရင် သင့်ဘာသာစကားနဲ့ စကားပြန်တောင်းပြီး မဲပေးနိုင်ပါတယ်။ 

မဲပေးနိုင်တဲ့ တခြားနည်းလမ်းများ

ကြိုတင်မဲတွေကို ရွေးကောက်ပွဲမတိုင်ခင် သတင်းပတ်အနည်းငယ်မလိုမှာ သတ်မှတ်ထားတဲ့ နေရာကို သွားပြီး မဲတွေစတင်ပေးနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း စာတိုက်ကနေတဆင့် မဲပေးဖို့ အွန်လိုင်းမှာ ဖောင်ဖြည့်တောင်းဆို နိုင်သလို AEC ရုံးကို သွားပြီးတော့လည်း လုပ်ဆောင်နိုင်ပါတယ်။ 

COVID အခြေအနေကြောင့် ဒီနှစ်မှာတော့ မဲရုံကို မသွားချင်ကြတဲ့လူတွေအနေနဲ့ စာတိုက်ကနေတဆင့် မဲပေးနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်သလို မဲရုံနဲ့ ဝေးတဲ့နေရာမှာ နေထိုင်သူ၊ အလုပ်လုပ်သူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ Ms Lilley က ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် နေအိမ်မှာပဲ နေထိုင်ရမယ့်လူတွေက AEC ရဲ့ ဖုန်းပေါ်က မဲပေးခြင်းစနစ်ကို အသုံးပြုပြီးဖုန်းပေါ်ကနေ မဲပေးနိုင်တယ်လို့ ပြောပါတယ်။  

Voting at Australian Federal Election
Remote Polling Source: AEC

ပြည်နယ်ခြား ဒါမှမဟုတ် နိုင်ငံခြား ရောက်သူတွေ မဲပေးခြင်း

မဲပေးရမယ့်ရက်မှာ သင်က တခြားပြည်နယ် ရောက်နေမယ်ဆိုရင် စာတိုက်ကနေတဆင့် မဲပေးခြင်း လုပ်ဆောင်နိုင်သလို မိမိရောက်နေတဲ့ ပြည်နယ်က မဲရုံတွေကို သွားပြီးတော့လည်း မဲပေးနိုင်ပါတယ်။ 

နိုင်ငံခြား ရောက်နေရင်လည်း မဲပေးနိုင်ပါတယ်။ ပြည်ပမှာ ရောက်ရှိနေသည့် အကြောင်းကြားဖောင် ကို AECရဲ့ ဝဘ်ဆိုက်မှာ ရယူနိုင်သလို တဦးတယောက်ခြင်းစီအလိုက်ရဲ့ အခြေအနေအပေါ် မူတည်ပြီး အချက်အလက်တွေ ရယူနိုင်ပါတယ်။ 

မဲပေးရမယ့်နေ့ကြရင် ပြည်ပက Australian High Commissions ရုံးတွေမှာလည်း မဲရုံတွေ ဖွင့်လှစ်ပေးထားပါတယ်။ 

အချက်အလက် ဖြန့်ဖြူးခြင်း

နိုင်ငံရေးပါတီနဲ့ တသီးပုဂ္ဂလတွေဟာ မဲရုံပြင်ပမှာ သူတို့နဲ့ သက်ဆိုင်တဲ့ မဲစာရွက်တွေ ဝေငှလေ့ရှိပါတယ်။ 

အဲဒီလူတွေရဲ့ လှည့်ဖျားမှုကို မခံရအောင် နေပါလို့  ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်သူပညာရှင် William Bowe က ပြောပါတယ်။

ရွေးကောက်ပွဲနေ့မှာ ပါတီတွေက "မဲဘယ်လိုပေးရမလဲ" ဆိုတဲ့ ကဒ်ကို ဝေငှလေ့ရှိပြီး သင့်အနေနဲ့ မဲစာရွက်မှာ မဲဘယ်လို ထည့်ရမလဲ ဆိုတာကို ပြသထားပါတယ်။ သူတို့ ဖော်ပြထားတဲ့အတိုင်း လိုက်လုပ်စရာမလိုပါဘူး၊ အဲဒီလို မဲပေးနိုင်တယ်လို့သာ ဖော်ပြထားခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Ballot Paper
Ballot paper Source: AEC

သင့်ရဲ့ မဲကိုထည့်ဝင်ခြင်း

မဲပေးတဲ့အခါ အစိမ်းရောင် မဲစာရွက်နဲ့ အဖြူရောင် မဲစာရွက် တစ်ခုစီ ရရှိမှာ ဖြစ်ပါတယ်။ 

အစိမ်းရောင် မဲစာရွက်

အစိမ်းရောင်မဲကတော့ သင့်မဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းကို House of Representatives အောက်လွတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြောက်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ အောက်လွတ်တော်မှာ မဲနေရာ ၁၅၁ နေရာရှိပြီး နေရာတစ်ခုစီက မဲဆန္ဒနယ် တစ်ခုစီအတွက် ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ကို တိုက်ရိုက် ရွေးချယ်တာတော့ မဟုတ်ပါဘူး။

 

ဝန်ကြီးချုပ် 

ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်တာမဟုတ်ပဲ မဲအများစုနဲ့ အနိုင်ရတဲ့ ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူက အလိုလိုနဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်တယ်လို့ Mr Bowe က ပြောပါတယ်။ 

           အောက်လွတ်တော်မှာ မဲအသာရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် ရမှာ ဖြစ်ပါတယ်။ 

အစိမ်းရောင် မဲစာရွက်မှာ မဲထည့်တော့မယ်ဆိုရင် သင်အကြိုက်ဆုံး ကိုယ်စားလှယ်လောင်း နာမည်ရဲ့ ဘေးမှာ 

နံပတ် ‘1’ လို့ ထည့်ပေးပြီး ဒုတိယ အကြိုက်ဆုံးလူကို နံပတ် ‘2’ စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ အစဥ်အလိုက် နံပတ်တွေ တတ်ပေးပြီး ပေးထားတဲ့ လေးထောင့်ကွက်တွေကို အားလုံး နံပတ် တတ်ပေးရမှာ ဖြစ်ပါတယ်။

 

အဖြူရောင် မဲစာရွက်

အဖြူရောင် မဲစာရွက်ကတော့ ဆီးနိတ် အထက်လွှတ်တော်နေရာအတွက် ရွေးချယ်တာ ဖြစ်ပါတယ်။ 

မိမိပြည်နယ် ဒါမှမဟုတ် အထူးဒေသအတွက် အထက်လွှတ်တော်မှာ ကိုယ်စားပြုမယ်သူကို ရွေးကောက်တင်မြောက်ခြင်း ဖြစ်ပါတယ်။ 

Mr Bowe ရဲ့ အဆိုအရ ဆီးနိတ်အမတ်ကို ရွေးချယ်ရာမှာ အနည်းငယ် ကွဲပြားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ 

အဖြူရောင် မဲစာရွက်က သင့်ပြည်နယ်အတွင်းက ကိုယ်စားလှယ်လောင်း အားလုံးကို ဖော်ပြထားတဲ့အတွက် စာရွက် အရွယ်အစားက ကြီးမားပါတယ်။ 

ဒါပေမဲ့ မဲပေးမှုကတော့ လွယ်ကူရှင်းလင်းပါတယ်။ နည်းလမ်း ၂ မျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။ တစ်နည်းကတော့ မျဥ်းကြောင်းအပေါ်ပိုင်းနဲ့ မျဥ်းကြောင်းအောက်ပိုင်းမှာလေးထောင့်ကွက်တွေ ရှိပါတယ်။ 

မျဥ်းကြောင်းအပေါ်ပိုင်းကတော့ ပါတီတစ်ခုခြင်းစီအတွက် လေးထောင့်ကွက်တစ်ခုစီကို ဖော်ပြထားပါတယ်။ ဖော်ပြထားတဲ့ ပါတီတွေထဲက မိမိ အကြိုက်ဆုံး ပါတီ ၆ ခုကို နှစ်သက်ရာ အစဥ်အလိုက် နံပတ်တွေ တတ်ပြီး ရွေးချယ်နိုင်ပါတယ်။ 

ပါတီအစား မိမိကြိုက်နှစ်သက်ရာ ပါတီ ကိုယ်စားလှယ်တွေကို အတိအကျ ရွေးချယ်လိုရင်တော့ မျဥ်းအောက်ပိုင်းမှာ လေးထောင့်ကွက်တွေ အများအပြား ရှိပါသေးတယ်။ 

မျဥ်းအောက်ပိုင်းအခြမ်းကို ရွေးမယ်ဆိုရင် အနည်းဆုံး လေးထောင့်ကွက် ၁၂ ခုကို မိမိနှစ်သက်ရာ အစဥ်အလိုက် နံပတ်တွေ ရေးထည့်ပေးရမှာ ဖြစ်ပါတယ်။ 

 

လေးထောင့်ကွက်တွေမှာ သင်နှစ်သက်ရာ အစဥ်အလိုက် နံပတ်တွေ ထည့်ရေးပေးနိုင်ပြီး အဲဒါကို နှစ်သက်ရာအလိုက် မဲပေးခြင်း ‘preferential voting’ လို့ ခေါ်ပါတယ်။

“သင် နံပတ် ၁ အဖြစ် ရွေးချယ်တဲ့လူက ရှူံးနိမ့်သွားရင် သင်ဒုတိယ အနှစ်သက်ဆုံးအဖြစ် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကို ထည့်ရေတွက်မှာ ဖြစ်ပြီး အဲဒီလိုနဲ့ မဲအပြတ်အသတ် အနိုင်ရရှိတဲ့သူ ပေါ်လာတဲ့အထိ တဆင့်ပြီး တဆင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လိုရွေးကောက်ပွဲ ကော်မရှင်က ပြောခွင့်ရပုဂ္ဂိုလ် Evan Ekin-Smyth က ပြောပါတယ်။ 

Democracy sausage
While queuing at your polling centre you might see a fundraising stall selling sausages in bread. This is fondly known as the ‘democracy sausage Source: AAP Image/James Ross

ပယ်မဲ

မဲပေးတဲ့အခါမှာ ဖော်ပြထားတဲ့အတိုင်း လိုက်နာ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ မဲစာရွက်ကို အပြည့်အစုံ မဖြည့်စွက်ထားဘူးဆိုရင် မှန်ကန်စွာ မဖြည့်ထားဘူးဆိုရင် ပယ်မဲ ဖြစ်သွားမှာ ဖြစ်လို့ ရေတွက်ခံရမှာ မဟုတ်ပါဘူး။ 

မဲမပေးဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။

အသက်ပြည့်သူ နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးကြရမှာ ဖြစ်ပါတယ်။ မဲပေးဖို့ ပျက်ကွက်ရင် ရွေးကောက်ပွဲကော်မရှင်က လက်ခံတဲ့ အကြောင်းပြချက်တွေလိုအပ်ပါတယ်။ 

ဥပမာ ပြည်ပမှာ ရောက်နေတဲ့ လူတချို့ မဲမပေးနိုင်ဘူးဆိုတာကို AEC က နားလည်ပါတယ်။ 

မဲစာရင်းမှာ နာမည်ပေါက်ထားပေမယ့် မဲပေးဖို့ ပျက်ကွက်ရင် non-voter notice ဆိုတဲ့ သတိပေးစာကို လက်ခံရရှိမှာ ဖြစ်ပြီး သင့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင် အဆင်ပြေနိုင်ပေမယ့် အကြောင်းပြချက် မခိုင်လုံရင် $၂၀ ဒဏ်ကြေးပေးဆောင်ရနိုင်တယ်လို့ Mr Ekin-Smyth က ပြောပါတယ်။ 

အကြောင်းကြားစာ ပို့တာကို ဘာတုန့်ပြန်မှုမှ မလုပ်ရင် တရားရုံးအတွက် ကုန်ကျစရိတ်အပြင် ဒဏ်ကြေး ဒေါ်လာ ၁၇၀ အထိ ပေးဆောင်ရနိုင်ပါတယ်။ 

အကြီးမားဆုံး ဒဏ်ကြေး (နစ်နာကြေး) ကတော့ (မဲပေးခြင်းမှတဆင့်) သင့်ရဲ့ ပြောရေးဆိုခွင့်ကို ဆုံးရှူံးလိုက်ရခြင်း ဖြစ်တဲ့အတွက် ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာကို လေ့လာပြီး မဲပေးရမယ့်နေ့မှာ မဲပေးဖို့ အကြံပြုထားပါတယ်။ 

AEC က သတင်းမှားတွေကို အသိပေးနိုင်အောင် လုပ်ဆောင်ထား

ရွေးကောက်ပွဲ ကော်မရှင် AEC ဟာ သီးသန့်လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အပြင် တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

AEC က သတင်းမှားတွေ လှည့်ဖျားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို အသိပေးဖို့ Disinformation Register ကို ထားရှိပေးထားပါတယ်။ 


Share

3 min read

Published

Updated

By Melissa Compagnoni



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now