ကျနော်၊ကျမနဲ့ သား၊သမီးတွေ ကိုဗစ် ကူးစက်ခံရရင် ဘယ်အချိန်မှာ ကာကွယ်ဆေး ဒါမှမဟုတ် booster ထိုးနိုင်မလဲ။

သြစတြေးလျနိုင်ငံတလွှားမှာ အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် လူတွေဟာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းကို ရက်ရွှေ့ဆိုင်းရတာမျိုးတွေ ဖြစ်နေပါတယ်။

A child getting a vaccine

The vaccine rollout has been extended to children. Source: Jaap Arriens/Sipa USA

သင့်သားသမီး ကိုဗစ်ရောဂါ ကူးစက်ခံနေရရင် ဒီတစ်ပတ်အတွင်း ကာကွယ်ဆေးထိုးလို့မရပါဘူး၊ အဲဒီတော့ ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးသင့်ပါသလဲ။

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး မြန်ဆန်တိကျတဲ့ အဖြေမရှိသေးပါဘူး။ ရောဂါကူးစက်ခံမှုအပြီး ကာကွယ်ဆေးထိုးခြင်းနဲ့ ဆက်စပ်ပြီး လမ်းညွန်ချက်တချို့ရှိပေမယ့် အတိအကျကို လမ်းညွန်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာမှာ အကြံပြုတဲ့အဖွဲ့ Australian Technical Advisory Group on Immunisation (ATAGI) က စဉ်းစားနေဆဲ ဖြစ်ပါတယ်။

အခုလောလောဆယ် သင်ဆုံးဖြတ်ချက်ချနိုင်ဖို့ အထွေထွေအကြံပြုချက်တွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ရေးထားတဲ့ Collaboration on Social Science and Immunisation (COSSI) ရဲ့ ဥက္ကဌ ဖြစ်သူ Margie Danchin ရဲ့ ဆောင်းပါးကို တင်ပြပေးမှာ ဖြစ်ပါတယ်။

ကျနော် ကျမက အသက် ၁၈ နှစ်ကျော်သူဖြစ်ပြီး ကိုဗစ် ကူးစက်ခံနေရလို့ တတိယမြောက် ကာကွယ်ဆေး booster dose အတွက် ရက်ချိန်းကို ဖျက်ထားလိုက်ရပါတယ်။ ဘယ်အချိန်မှာ အဲဒီ ကာကွယ်ဆေး ထိုးသင့်ပါသလဲ။

 အခုလောလောဆယ် ATAGI ရဲ့ အကြံပြုချက်အရ ကိုဗစ်ရောဂါ လုံးဝ ပျောက်ကင်းသွားပြီဆိုတာနဲ့ booster ထိုးနိုင်ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာမှုအရ နေပြန်ကောင်းလာပြီး အနည်းဆုံး ၃ လ အကြာမှသာ

booster dose ကို ထိုးသင့်တယ်လို့ Margie Danchin က ပြောပါတယ်။

 

COVID ရောဂါ ကူးစက်ခံရတဲ့အခါမှာ ရောဂါဟာ ကာကွယ်ဆေးလိုပဲ ကိုယ်ခံအားစနစ်ကို နိုးကြားမှု ဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ရောဂါကူးစက်ခံရတဲ့အခါနဲ့ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ မိမိရဲ့ ကိုယ်ခန္စာက antibodies တွေကို ထုတ်လုပ်ပေးမှာဖြစ်ပြီး ကိုဗစ် ၁၉  ကူးစက်မခံရအောင် အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးကို ၆ လ ခြားပြီးမှလည်း ထိုးနိုင်ပါတယ်။ အဲဒီကာလနောက်ပိုင်း ကာကွယ်နိုင်မှုလျော့နည်းလာနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အိုမီခရွန်နဲ့ ဆက်စပ်ပြီး မသိရသေးတာတွေ များပြားနေဆဲ ဖြစ်ပါတယ်။

အခုလောလောဆယ် ဒုတိယမြောက် ကာကွယ်ဆေးကို ထိုးပြီး ၄ လ အကြာမှာ တတိယမြောက် ကာကွယ်ဆေး booster dose ထိုးသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။  ဒါပေမဲ့ ဇန်နဝါရီလကုန်နောက်ပိုင်း အပြောင်းအလဲလုပ်ဖို့ရှိပြီး ၃ လ သာ ခြားဖို့ Margie Danchin က အကြံပြုထားပါတယ်။

အိုမီခရွန်မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သဘာဝရဲ့ ကိုယ်ခံအားက ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာကို မသိရသေးတဲ့အတွက်booster shot ကို ထိုးသင့်တယ်လို့ ဆိုပါတယ်။

ကိုဗစ် ရောဂါက ကိုယ်ခံအားစနစ်ကို ဘယ်လောက်အထိ နိုးကြားမှု ဖြစ်စေနိုင်သလဲဆိုတာကို သေခြာမသိနိုင်သေးတဲ့အတွက် ဖြစ်ပါတယ်။

ရောဂါရလာပြီဆိုရင်လည်း အသက်အရွယ်၊ ရောဂါအခံရှိမှု၊ ကူးစက်ခံရတဲ့မျိုးကွဲအပေါ် မူတည်ပြီး လူရဲ့ ကိုယ်ခန္စာက တမျိုးစီ တုန့်ပြန်မှု လုပ်တတ်ပါတယ်။

 

အဲဒါကြောင့် ကိုဗစ် ကူးစက်ခံရဖူးရင်တောင် ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပြီး ထိုးသင့်တဲ့ ကာကွယ်ဆေးအရေအတွက်ကို ထိုးမှသာ အချိန်ပိုကြာစွာ အကာအကွယ်ပြုနိုင်မယ်လို့ ပြောပါတယ်။

အဲဒီတော့ ကိုဗစ်ကူးစက်ခံရပြီး ၃ လကနေ ၆ လ အကြာမှာ booster dose ထိုးနိုင်ပြီး အကယ်၍ သင်ဟာ ရောဂါအခံရှိသူဖြစ်မယ်ဆိုရင် ဒါမှမဟုတ် သင်အလုပ်လုပ်ရတဲ့နေရာက ရောဂါကူးစက်နိုင်ခြေများတဲ့နေရာမျိုးဆိုရင် ဒါမှမဟုတ် အလုပ်အတွက် booster dose ထိုးဖို့ လိုအပ်ရင် ၃ လ ၆ လ အထိ မစောင့်ပဲ ထိုးနိုင်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ ဆိုရင်တော့ ကိုဗစ်ကူးစက်ခံရပြီး သတင်းပတ်အနည်းငယ် အတွင်းမှာ

booster ထိုးနိုင်ပါတယ်။

ကျနော် ကျမရဲ့ သားသမီး ကိုဗစ် ကူးစက်ခံရလို့ ကာကွယ်ဆေး ရက်ချိန်းကို ပြောင်းရမှာဖြစ်ပါတယ်။ ဘယ်အချိန်လောက်မှာ ကာကွယ်ဆေး ထိုးနိုင်မလဲ။

အခုလောလောဆယ် ATAGI ရဲ့ အကြံပြုချက်အရ ရောဂါကနေ လုံးဝ သက်သာပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးနိုင်တယ်လို့ ပြောပေမယ့် Collaboration on Social Science and Immunisation (COSSI) ရဲ့ ဥက္ကဌ ဖြစ်သူ Margie Danchin ကတော့ အနည်းဆုံး ၄ ပတ်အကြာလောက် စောင့်ဆိုင်းသင့်တယ်လို့ အကြံပြုထားပါတယ်။ ယူကေနိုင်ငံရဲ့

Joint Committee on Vaccination and Immunisation (JCVI) ရဲ့ လမ်းညွန်ချက်မှာလည်း အလားတူ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အကြောင်းရင်းကတော့ နှာခေါင်းနဲ့ လည်ချောင်းမှာ ရောဂါဝင်တဲ့အခါ  “mucosal immunity”ကို ထုတ်လုပ်နိုင်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုယ်ခံအားစနစ်ကို ကာကွယ်ဆေးနဲ့ ပိုမို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နိုင်ပြီး mucosal immunity လို သဘာဝ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးကပေးတဲ့ အားနဲ့ ပေါင်းလိုက်ရင် ပိုမို အကာအကွယ်ပေးနိုင်မယ်လို့ ပြောပါတယ်။

အဲဒီ ကာလအတွင်း ရောဂါကူးစက်ခံရသူ ကလေးငယ်ကို ကောင်းမွန်စွာ သက်သာလာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရောဂါဆိုးဝါးစွာ ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ paediatric multisystem inflammatory syndrome လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လူတိုင်းဖြစ်တာမဟုတ်ပဲ ကလေးအယောက် ၃၀၀ မှာ တစ်ယောက်နှုန်းလောက် ဖြစ်နိုင်ပြီး ရောဂါအပြင်းအထန်ကူးစက်ပြီး ၂ ပတ်ကနေ ၆ ပတ်အကြားမှာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေကောင်းပြီး ၄ ပတ်အကြာမှ ကာကွယ်ဆေးထိုးတာက ကလေးကို ကောင်းမွန်စွာ သက်သာစေမယ်လို့ ပြောပါတယ်။

တစ်လအကြာတောင်မှ ရောဂါလက္ခဏာ ရှိနေသေးရင် နောက်တစ်လအကြာ စောင့်ဆိုင်းဖို့လည်း သူက အကြံပြုထားပြီး ဒုတိယမြောက် ကာကွယ်ဆေးကိုတော့ ၈ ပတ်ခြားမှ ထိုးဖို့ အကြံပြုထားပါတယ်။

အထွေထွေအားဖြင့်တော့ ကိုဗစ် ကူးစက်ခံရပြီဆိုရင် ကိုယ်ခံအားစနစ်ကို နိုးကြားမှုဖြစ်စေပြီး

Antibodies တွေ ဖွံ့ဖြိုးမှု ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အပေါ်ပိုင်းမှာ ပြောထားသလိုပဲ ရောဂါကူးစက်မှုကနေ ဘယ်လောက်အထိ ကာကွယ်မှု ရနိုင်သလဲ၊ ကာကွယ်ဆေးကနေ ဘယ်လောက်အထိ အကာအကွယ်ရနိုင်သလဲ ဆိုတာ သေခြာမသိရသေးပါဘူး။ ဒါကြောင့် အကောင်းဆုံး ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို လိုအပ်နေဦးမယ်လို့ ပြောပါတယ်။

ကလေးကို ကာကွယ်ဆေးထိုးမယ့် ကိစ္စနဲ့ ဆက်စပ်ပြီး စိုးရိမ်ပူပန်တယ်၊ အချက်အလက်တွေ သိချင်ရင် မိမိရဲ့ ဂျီပီဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်တယ်လို့ Margie Danchin က ရေးသားထားပါတယ်။ သူဟာ receives NHMRC, WHO, DFAT နဲ့ Victorian and Commonwealth Departments of Health ကနေ ငွေအကြေးအထောက်အပံ့ရရှိသူဖြစ်ပြီး သူမဟာ Collaboration on Social Science and Immunisation (COSSI)အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်ရှင်။ 


Share

Published

By Margie Danchin
Source: The Conversation

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ကျနော်၊ကျမနဲ့ သား၊သမီးတွေ ကိုဗစ် ကူးစက်ခံရရင် ဘယ်အချိန်မှာ ကာကွယ်ဆေး ဒါမှမဟုတ် booster ထိုးနိုင်မလဲ။ | SBS Burmese