SKIP TO MAIN CONTENT

အောက်တိုဘာ ၁၄ ရက်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပမယ်၊ မိမိရဲ့ အဖြေက အရေးပါအောင် ဘယ်လို လုပ်မလဲ

ဌာနေတိုင်းရင်းသားတွေကို ဩစတြေးလျမှာ ပထမဆုံး အခြေချနေထိုင်သူတွေအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲ သတ်မှတ်နိုင်ရေးနဲ့ ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုပေးမယ့် ကိုယ်စားလှယ်အဖွဲ့Voice to Parliamentကို လွှတ်တော်မှာ အမြဲတမ်း ထာရှိရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ လနဲ့ချီ တောက်လျှောက်ပြောဆိုပြီးနောက် ဒီကနေ့မှာပဲ ဝန်ကြီးချုပ်က လူထုဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၄ ရက်မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။

The history of NAIDOC week
The history of NAIDOC week, and the meaning of Treaty, truth to Indigenous people. Source: SBS / sbs news

3 min read

Published

By Finn McHugh, Finn McHugh

Source: SBS


Skip to article content

လူထုဆန္ဒခံယူပွဲဟာ ရွေးကောက်ပွဲလိုပဲ ဖြစ်ပြီး မဲစာရွက်တစ်ခုပေါ်မှာ မိမိရဲ့ ဆန္ဒကို ပြုရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ စာရွက်ပေါ်မှာ Yes သို့မဟုတ် No ဆိုပြီး အင်္ဂလိပ်လို ရေးပေးရမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံအတွက် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပြီး ရွေးကောက်ပွဲလိုပဲ အဲဒီနေ့မှာ မဲမပေးနိုင်ရင် ကြိုတင်မဲပေးဖို့ စင်တာတွေ ဖွင့်ပေးမှာဖြစ်သလို စာတိုက်ကနေတဆင့် မဲပေးဖို့နဲ့ သက်ကြီးစင်တာတွေအထိ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေ သွားရောက်ပြီး သက်ကြီးတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ပြည်ပမှာ ရောက်နေတဲ့ ဩစတြေးလျနိုင်ငံသားတွေလည်း မဲပေးနိုင်အောင် စီစဥ်ပေးမှာ ဖြစ်ပါတယ်။

ကြိုတင်မဲကို နှစ်ပတ်ကြာ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဝေးလံခေါင်သီတဲ့ နယ်ဒေသအတွက် ကြိုတင်မဲကို ၃ ပတ်ကြာ ကြိုတင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်နဲ့အထက်ရှိသူ ဩစတြေးလျနိုင်ငံသားတိုင်းက မဖြစ်မနေ မဲပေးရမှာဖြစ်ပြီး အကြောင်းပြချက် မခိုင်လုံပဲ မဲပေးဖို့ ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။ မဲပေးတဲ့အခါမှာ ရွေးကောက်ပွဲလိုပဲ လူတစ်ဦးမှာ တစ်ကြိမ်သာ မဲပေးခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လူထုဆန္ဒခံယူပွဲရဲ့ ရလာဒ်ရေတွက်ပုံက အထွေထွေ ရွေးကောက်ပွဲနဲ့ ကွာပါတယ်။ ရွေးကောက်ပွဲမှာ မဲအများစုရတဲ့လူက အနိုင်ရတာဖြစ်ပေမဲ့ လူထုဆန္ဒခံယူပွဲမှာတော့ မဲအများစု နှစ်ဆ double majority ရရှိဖို့ လိုအပ်ပါတယ်။

ဆိုလိုတာက လူထုဆန္ဒခံယူပွဲမှာ အောင်နိုင်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ မဲပေးမှုမှာ အများစု ရဖို့ လိုအပ်ရုံသာမက ပြည်နယ် ၆ ခုထဲမှာ ၄ ခုနဲ့အထက် မဲအများစုပေးဖို့လည်း လိုအပ်သေးတာဖြစ်ပါတယ်။ ACT နဲ့ Notern Territory မှာ နေထိုင်သူတွေရဲ့ မဲကိုတော့ ပြည်နယ်မဲမှာ ရေတွက်မှာမဟုတ်ပဲ နိုင်ငံတော် မဲရေတွက်မှုထဲအတွက်သာ ရေတွက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ ပြည်နယ်အဆင့် နှစ်ခုစလုံးမှာ မဲအများစုရမှ အနိုင်ရတယ်လို့ သတ်မှတ်ထားတဲ့အတွက် လူထုဆန္ဒခံယူပွဲမှာ အနိုင်ရဖို့ ခက်ခဲပါတယ်။

ဩစတြေးလျနိုင်ငံ သမိုင်းတလျှောက်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတာ ၄၄ ကြိမ် ရှိသွားပြီဖြစ်ပေမယ့် ၈ ကြိမ်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြုမှု ၅ ခုအတွင်း တနိုင်ငံလုံး မဲရေတွက်မှုမှာ မဲအများစု ရရှိပေမယ့် ပြည်နယ်အလိုက် မဲရေတွက်မှုမှာ ပြည်နယ် ၄ ခုနဲ့ အထက်မှာ မဲအများစု မရတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။

ဒီရက်ပိုင်း ထွက်လာတဲ့ စစ်တမ်းတွေအရ South Australia 'yes' ကို မဲပေးမယ့်သူတွေ များတာကို တွေ့ရပေမယ့် Tasmania မှာ 'no' ကို မဲပေးကြမယ့်အနေအထား ပြသနေပါတယ်။

New South Wales နဲ့ Victoria မှာ 'Yes' မဲပေးကြဖို့ မျော်လင့်ရပြီး Western Australia နဲ့ Queensland မှာ 'No' မဲပေးမယ့်လူတွေ ပိုများကြောင်း ပြသနေပါတယ်။

မဲစာရွက်ထဲမှာ မေးထားမယ့် မေးခွန်းက A proposed law to alter the Constitution to recognise the First Peoples of Australia by establishing an Aboriginal and Torres Strait Islander Voice. Do you approve this proposed alteration? ဆိုတာပဲ ဖြစ်ပါတယ်။

ဆိုလိုတာက Aboriginal Torres Strait Islander Voice ကို ထားရှိခြင်းအားဖြင့် ပထမဆုံးအခြေချနေထိုင်သူများကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲ သတ်မှတ်ရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အပြောင်းအလဲလုပ်ဖို့ အဆိုကို သင့်အနေဖြင့် ထောက်ခံပါသလား ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီမေးခွန်းကိုကြည့်ပြီး မိမိအနေဖြင့် ထောက်ခံသည် Yes သို့မဟုတ် မထောက်ခံပါ No ဆိုပြီး အင်္ဂလိပ်လို ရေးထည့်ပေးရမှာ ဖြစ်ပါတယ်။

Yes ကမ်ပိန်းအုပ်စုတွေကတော့ ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ အသိအမှတ်ပြုပေးရာရောက်သလို ဌာနေတိုင်းရင်းသား အရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေကို ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုတဲ့လူတွေကိုယ်တိုင်း ဆုံးဖြတ်ချက်ချခွင့်ပေးတာက ပိုကောင်းမွန်တဲ့ ရလာဒ်ကို ရရှိစေမယ်လို့ ပြောပါတယ်။

လူတွေရဲ့ ဘဝနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လစီတွေကို ချမှတ်တော့မယ်ဆိုရင် အဲဒီလူတွေရဲ့ အမြင်သဘောထားကို နားထောင်ပြီး လုပ်ဆောင်တာက ပိုကောင်းမွန်တဲ့ ရလာဒ်ကို ရရှိစေမယ်လို့ ပြောဆိုကြပါတယ်။

ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ အရင်တုန်းကလည်း ရှိခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ ထည့်သွင်းသတ်မှတ်ပေးတာမဟုတ်တဲ့အတွက် အစိုးရတဖွဲ့ တက်လာရင် လူပြောင်း မူပြောင်းဖြစ်တတ်တဲ့အတွက် အဲဒီလို မဖြစ်ရအောင် ဖွဲ့စည်းပုံထဲ ထည့်သွင်းအသိအမှတ်ပြုသင့်တယ်လို့ Yes ကမ်ပိန်းသမားတွေက ပြောပါတယ်။

No ကမ်ပိန်း သမားတွေကတော့ voice က ဘယ်လို ဖြစ်လာမလဲဆိုတာ သေခြာမသိရသေးသလို စိတ်ဝမ်းကွဲစေတဲ့အရာ ဖြစ်တယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းမှာဖြစ်လို မကြိုက်ရင်လည်း လွယ်လွယ်နဲ့ ပယ်လို့ရမယ့်အရာ မဟုတ်တော့ဘူးလို့လည်း ပြောဆိုကြပါတယ်။

ဒါပေမဲ့ တသီးပုဂ္ဂလ လွတ်တော်အမတ် Lidia Thorpe က Voice ကို ဦးစားပေးမယ့်အစား Treaty သဘောတူညီချက်ရဖို့ အရင်လုပ်သင့်တယ်လို့ ပြောပါတယ်။

ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေဟာ အကြိမ်ကြိမ် ညီလာခံ ကျင်းပပြီး ရင်ထဲကလာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက် Uluru Statement from the Heart ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ Voice ကိုယ်စားပြုတဲ့အဖွဲ့တစ်ခု ထားရှိပေးဖို့ Treaty ဆိုတဲ့ အစိုးရနဲ့ ဌာနေတိုင်းရင်းသားတွေအကြား သဘောတူစာချုပ် ရေးထိုးဖို့နဲ့ အမှန်တရားကိုပြောတဲ့ Truth-telling တွေ လုပ်ဖို့ ဌာနေတိုင်းရင်းသားတွေက တောင်းဆိုထားကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက လေဘာပါတီအနေနဲ့ ရင်ထဲက အူလူယူး ထုတ်ပြန်ကြေညာချက်ပါ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ပေးဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံသား အများစုဟာလည်း အဲဒီ သဘောထားအတိုင်း ရှိမရှိကို အောက်တိုဘာလ ၁၄ ရက်ကြရင် ဆန္ဒပြုကြမှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now