SKIP TO MAIN CONTENT

ဘယ်နိုင်ငံတွေ သွားလည်နိုင်ပြီလဲ၊ တစ်နိုင်ငံခြင်းစီအလိုက် ဘယ်လို အကြံပြုထားသလဲ

ကိုဗစ်-၁၉ ရောဂါက တကမာ္ဘလုံးမှာ ဆက်လက်ပျံ့နှံ့မှု ဖြစ်နေပေမယ့်လည်း အခုဆိုရင် သြစတြေးလျနိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရသူတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို ဝင်ထွက်သွားလာခွင့်ရပြီ ဖြစ်ပါတယ်။

Where can I go graphic
Source: SBS News

2 min read

Published

Source: SBS News



Skip to article content

ကိုဗစ်ကြောင့် နိုင်ငံတကာ သွားလာခွင့်ကို ၂ နှစ်နီးပါး ပိတ်ချထားပြီး ချွင်းချက်ရသူတွေကသာ သွားလာခွင့်ရပေမယ့် အခုဆိုရင် သြစတြေးလျနိုင်ငံသားတိုင်၊ အမြဲတမ်းနေထိုင်ခွင့်ရသူတိုင်း ခရီးသွားလာခွင့်ချွင်းချက်ယူစရာမလိုပဲ သွားလာနိုင်ပြီ ဖြစ်ပါတယ်။

သြစတြေးလျ အစိုးရကတော့ နိုင်ငံပေါင်း ၁၇၇ ခုနဲ့ ဆက်စပ်ပြီး ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်တွေကို အဆင့်လိုက်သတ်မှတ်ပေးထားပါတယ်။

ကိုဗစ်-၁၉  ကူးစက်မှု ဆိုးဝါးတဲ့နိုင်ငံ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို သွားသင့်မသင့် မကြံပြုထားပါတယ်။

ပြည်ပခရီးသွားလာမှုမှာ အကြံဥဏာ်ပေးတဲ့ သြစတြေးလျရဲ့ အစိုးရရဲ့ ဌာနတစ်ခုဖြစ်တဲ့ Smartraveller ကနေ နိုင်ငံတနိုင်ငံခြင်းအတွက် အဆင့်တွေ သတ်မှတ်ပြီး အကြံပေးမှု လုပ်ထားပါတယ်။

ဥပမာ အဆင့် ၄ ဆင့် သတ်မှတ်ထားတာဖြစ်ပြီး အဆင့် ၁ ကတော့ ပိုလုံခြုံဘေးကင်းတဲ့နိုင်ငံဖြစ်ပြီး အဆင့် ၄ ဆိုရင် သွားလာဖို့ အနာ္တရာယ်များတဲ့ နိုင်ငံကို ဆိုလိုတာ ဖြစ်ပါတယ်။

Smartraveller ဆိုတာဘာလဲ။

Smartraveller ဆိုတာ နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးဌာနအောက်မှာရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ပြည်ပခရီးသွားခြင်းဆိုင်ရာမှာ အကြံပြုမှုပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် သြစတြေးလျနိုင်ငံက သံရုံးလို လုပ်ငန်းတွေ၊ ကျန်းမာရေးဆိုင်ရာတွေ၊ ထောက်လှမ်းရေးအချက်အလက်တွေ၊ မီဒီယာအချက်အလက်တွေ၊ ပြည်ပက ကောင်စစ်ဝန်ပါတနာတွေဆီက အချက်အလက်နဲ့ ကိုယ်တိုင် ခရီးသွားလာဖူးတဲ့ လူတွေရဲ့ အတွေ့အကြုံတွေ အချက်အလက်တွေအပေါ် အခြေခံပြီး ဘယ်နိုင်ငံက ဘယ်လို အနေအထားရှိတယ်၊ သွားသင့်မသင့် ဆိုတာကို အကြံပြုတာ ဖြစ်ပါတယ်။

 

အဆင့် ၁ လို့ သတ်မှတ်ရင် သာမာန် လုံခြုံမှုအတော်အတန်ရှိတဲ့နိုင်ငံကို ဆိုလိုတာဖြစ်ပြီး သြစတြေးလျနိုင်ငံက မြို့ကြီးတွေရဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။  သာမာန်အခြေအနေမှာဆိုရင် အမေရိကန်၊ ယူကေ၊ နယူးဇီလန်စတဲ့နိုင်ငံတွေကို ဆိုလိုတာဖြစ်ပေမယ့် အခုလောလောဆယ် ကိုဗစ်-၁၉  ကြောင့် အဆင့် ၁ သတ်မှတ်ခံရတဲ့ နိုင်ငံမရှိဘူးဖြစ်နေပါတယ်။

 

အဆင့် ၂ ဆိုရင် ပိုမို သတိထားဖို့၊ လက်ရှိ လုံခြုံရေးအခြေအနေနဲ့ ကျန်းမာရေးအနေအထားကို ပိုသတိထားဖို့ ညွန်ပြတာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံကို မသွားဖို့ ပြောတာမဟုတ်ပေမယ့် မသွားခင်မှာ လေ့လာမှုတွေ ကြိုတင်လုပ်ဖို့နဲ့ ဂရုတစိုက် သွားလာမှုလုပ်ဖို့ သတိပေးခြင်းသာ ဖြစ်ပါတယ်။ ဥပမာကတော့ နယူးဇီလန်၊ အမေရိကန်၊ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ သြစတြေးလျက လူတွေကို သွားလာခွင့်ပေးထားပေမယ့် သတ်မှတ်ချက် တချို့ရှိနေဆဲ ဖြစ်သလို ထိုင်းနိုင်ငံမှာဆိုရင် တခါတလေ ဆန္ဒပြမှုတွေလည်း ရှိတဲ့အတွက် သတိထားသွားလာဖို့ အကြံပြုထားပါတယ်။

 

အဆင့် ၃ ဆိုရင်တော့ ပိုပြီး သတိထားရမယ်လို့ ဆိုလိုတာဖြစ်ပြီး အဲဒီ နိုင်ငံကို ခရီးသွားဖို့ လိုအပ်ရဲ့လား၊ သွားသင့်မသင့် စဉ်းစားဖို့ သတိပေးတဲ့အဆင့် ဖြစ်ပါတယ်။ ရှောင်နိုင်ရင်တော့ အဲဒီနိုင်ငံကို ရှောင်ဖို့ ဆိုလိုတာပါ။ ဥပမာ ဗီယက်နမ်နိုင်ငံမျိုး ဖြစ်ပါတယ်။ အခုလောလောဆယ် ဗီယက်နမ်နိုင်ငံမှာ သွားလာမှု တင်းကြပ်ထားပြီး ပြည်နယ်တစ်ခုနဲ့တစ်ခုရဲ့ စည်းမျဉ်းမတူသလို အချိန်မရွေးပြောင်းလဲနိုင်တာတွေ၊ တိုက်ရိုက်လေကြောင်းလိုင်း မရှိတာတွေနဲ့ ကိုဗစ်ကူးစက်ခံရရင် သတ်မှတ်ထားတဲ့ ပုံစံနဲ့ နေရာမှာ ကုသမှုတွေ၊ ကွာရန်တင်းတွေ ဝင်ရမှာဖြစ်ပြီး သြစတြေးလျသံရုံးအနေနဲ့ အကူအညီပေးနိုင်ဖို့ ပိုခက်ခဲတဲ့အနေအထားရှိတဲ့အတွက် ဖြစ်ပါတယ်။

 

အဆင့် ၄ လို့သတ်မှတ်ထားတဲ့နိုင်ငံကတော့ လုံးဝမသွားဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးကြည့်စရာမလိုပဲ မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံမှာ မငြိမ်မသက်မှုတွေ၊ ပြန်ပေးဆွဲခံရမှုတွေ၊ အကျဉ်းချခံရမှုတွေ၊ သတ်ပစ်ခံရနိုင်တာတွေအထိ ဖြစ်နိုင်တဲ့အတွက် သွားကိုမသွားဖို့ အကြံပြုထားတာဖြစ်ပြီး အကယ်လို့ အဲဒီနိုင်ငံမှာ ရှိနေရင်လည်း ထွက်ခွာဖို့ လုံခြုံဘေးကင်းရင် ထွက်ခွာဖို့ နိုင်ငံသားတွေကို အကြံပေးထားတဲ့အဆင့် ဖြစ်ပါတယ်။

အဆင့် ၄ လို့ သတ်မှတ်ခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာအပါဝင် အာဖဂန်နစ္စတန်နဲ့ မကြာသေးခင်တုန်းက အိုမီခရွန်မျိုးကွဲ ပျံ့နှံ့မှုတွေ ဖြစ်တဲ့ အာဖရိကတိုက်က နိုင်ငံတချို့လည်း ပါဝင်ပါတယ်။

သြစတြေးလျနိုင်ငံကနေ ဘယ်သူတွေ ဝင်ထွက်သွားလာခွင့်ရှိလဲ။

သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့လူအားလုံး လွတ်လပ်စွာ သွားလာမှု လုပ်နိုင်တာ မဟုတ်ပါဘူး။

ကာကွယ်ဆေး အပြည့်အဝထိုးထားတဲ့ သြစတြေးလျနိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ဗီဇာရရှိထားသူတွေကသာ သွားလာခွင့်ရတာဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ သြစတြေးလျကနေ ဝင်ခွင့် ထွက်ခွင့်ရဖို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

 

သြစတြေးလျနိုင်ငံမှာ နိုင်ငံသားဖြစ်သူ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူရဲ့ မိသားစုအရင်း ဖြစ်ရင် ဥပမာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဖြစ်ရင်လည်း လာခွင့်ရနိုင်ပေမယ့် ယာယီဗီဇာကိုင်ဆောင်သူတွေကတော့ ဝင်လာခွင့်ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။  

 

ပြည်ပကနေ သြစတြေးလျနိုင်ငံထဲ ပြန်ဝင်လာရင် လိုအပ်တဲ့ ကိုဗစ်၁၉  ရောဂါ ရှိမရှိ စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်သလို ကွာရန်တင်းဝင်ရမယ်လို့ သတ်မှတ်ထားရင် ဝင်ရမှာ ဖြစ်ပါတယ်။

အချက်အလက် ပိုမိုသိလိုရင် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

Graphics by Ken Macleod, Jono Delbridge and Karin Zhou-Zheng.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now