SKIP TO MAIN CONTENT

အလုပ်သမား မလုံလောက်မှုကို ဖြေရှင်းတဲ့အနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေကို အလုပ်ချိန် ပိုလုပ်ခွင့်ပေး

အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သြစတြေးလျနိုင်ငံ တခွင်မှာ အလုပ်သမား မလုံလောက်မှု ပြဿနာ ကြုံတွေ့နေရပြီး အဲဒီလိုပြဿနာတွေ လျော့နည်းသွားအောင် နိုင်ငံတကာ ကျောင်းသားတွေကို အလုပ်ချိန် ပိုလုပ်ခွင့်ပေးဖို့ ဝန်ကြီးများအဖွဲ့က ဒီကနေ့ တွေ့ဆုံမှုအပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

Prime Minister Scott Morrison speaks to the media during a press conference following a national cabinet meeting, at Parliament House in Canberra.
Prime Minister Scott Morrison speaks to the media during a press conference following a national cabinet meeting, at Parliament House in Canberra. Source: AAP

2 min read

Published

By Tom Stayner

Source: SBS News



Skip to article content

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အလုပ်သမားတွေ အများအပြား ကွာရန်တင်းဝင်နေရတဲ့အတွက် ဈေးဆိုင်တွေမှာ ပစ္စည်းဖြည့်မယ့်လူတွေ၊ ဈေးရောင်းပေးမယ့် လူတွေ မလုံလောက်တာတွေနဲ့ တချို့လုပ်ငန်းတွေမှာလည်း အလားတူ အလုပ်သမား မလုံလောက်မှုတွေ ဖြစ်နေရတဲ့အတွက် အလုပ်သမား မလုံလောက်မှု ဖြစ်နေတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ နိုင်ငံတကာ ကျောင်းသားတွေကို အလုပ်ချိန် ပိုလုပ်ခွင့်ပေးတာ ဖြစ်ပါတယ်။

အရင်တုန်းက နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ တစ်ပတ်ကို နာရီ ၂၀ သာ အလုပ်လုပ်ခွင့်ရပေမယ့် အခုဆိုရင် အကန့်အသတ်မထားတော့ပါဘူး။

အစိုးရရဲ့ ရည်ရွယ်ချက်က နိုင်ငံအတွင်းမှာ လူတိုင်း ကိုဗစ် မကူးစက်အောင် လုပ်ဆောင်ခြင်းမဟုတ်ပဲ အဓိက ရည်ရွယ်ချက်ကတော့ ဆေးရုံတွေနဲ့ လူမှုအသိုင်းအဝိုင်းအပြင် စီးပွားရေးလုပ်ငန်းတွေ အိုမီခရွန်လှိုင်းအတွင်း ဆက်လက် လည်ပတ်နိုင်ဖို့အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

လူအများအပြားဟာ ရောဂါမရှိပေမယ့် ရောဂါရှိသူနဲ့ ထိတွေ့လို့ အလုပ်မသွားပဲ နေအိမ်မှာပဲ နေရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အများအပြားက နေအိမ်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အစိုးရက ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူ close contact စည်းမျဉ်းတွေကို ထပ်မံ လျှော့ချပေးဖို့ရှိပြီး အထူးသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်တင်လုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ဖြေလျှော့မှု လုပ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းမှာ လုပ်ကိုင်တဲ့ လူတွေအနေနဲ့ မိမိဖာသာ RAT စမ်းသပ်မှုလုပ်ပြီး ရောဂါ မရှိဘူးလို့ အဖြေထွက်တာနဲ့ အလုပ်ပြန်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

အခုလောလောဆယ် ထရပ်ကားလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းက အလုပ်သမား ၂၀% ကနေ ၅၀% လောက် ကိုဗစ်ကြောင့် ထိခိုက်နစ်နာရပြီးနောက် ဖြေလျှော့မှု လုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီလို ဖြေလျှော့မှုတွေကို ကျန်းမာရေးလုပ်ငန်းနဲ့ အရေးပေါ် ဝန်ဆောင်မှု လုပ်ငန်းအပြင် စွမ်းအင်လုပ်ငန်း၊ ရေပေးဝေရေးဆိုင်ရာလုပ်ငန်းနဲ့ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းတွေအတွက်လည်း လုပ်ဆောင်ပေးလိုက်ပါတယ်။

ဒါ့အပြင် telecommunication နဲ့ မီဒီယာလုပ်ငန်း။ ပညာရေးနဲ့ ကလေးထိန်းကျောင်းက အမှုထမ်းတွေအတွက်လည်း ဖြေလျှော့မှု လုပ်ပေးထားပါတယ်။

အတိုက်အခံခေါင်းဆောင် Anthony Albanese ကတော့ အစိုးရအနေနဲ့ မိမိဖာသာ ရောဂါရှိမရှိ စမ်းသပ်လို့ရတဲ့ rapid antigen test ပစ္စည်းတွေကို အလုံအလောက် ကြိုတင်ပြင်ဆင်လုပ်ဆောင်တာမျိုး မရှိဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ပြဿနာ ဖြစ်လာမှပဲ တုန့်ပြန်တာမျိုး မဖြစ်သင့်တဲ့အကြောင်း အခုလို အလုပ်သမား မလုံလောက်မှုတွေ ဖြစ်နေတာက လူတွေအနေနဲ့ ရောဂါရှိမရှိ မစမ်းသပ်နိုင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

မိဘတွေလည်း အလုပ်တွေ ဆက်လုပ်နိုင်အောင် ကျောင်းပြန်ဖွင့်တဲ့ ကာလမှာ ကလေးတွေ မဖြစ်မနေ ကျောင်းပြန်တက်နိုင်အောင် လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ် စကော့မော်ရီဆန်က ပြောပါတယ်။

စာသင်ကျောင်းတွေအနေနဲ့ အရေးတကြီး မလိုအပ်ပဲ ကျောင်းနောက်ကျမှ ဖွင့်တာမျိုးတွေ မလုပ်ဖို့ ပြောဆိုလိုက်ပြီး စာသင်ကျောင်းတွေကို လုံခြုံဘေးကင်းစွာ ပုံမှန် ဖွင့်လှစ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

စာသင်ကျောင်းကို ဘယ်လို ဘယ်ပုံ ဘယ်အခြေအနေမှာ ဖွင့်သင့်တယ်ဆိုပြီး ဝန်ကြီးများအဖွဲ့က အသေအခြာ သဘောတူခဲ့ဖြင်းမရှိပေမယ့် စာသင်ကျောင်းဖွင့်ဖို့ လိုအပ်ကြောင်း၊ ဖွင့်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ပြီး ပိတ်ဖို့ကို မဖြစ်နိုင်မှ လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့လူတွေဟာ ရောဂါပြီးအောင် ပါတီတွေတက်ပြီး တမင်ရောဂါ ကူးအောင် လုပ်နေကြတယ်လို့ ပြောဆိုတာနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ်က ဒီလုပ်ရပ်တွေဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ရောဂါ တစ်ခါကူးပြီးရင် ပြီးပြီလို့ ထင်ရင် မှားသွားမယ့်အကြောင်း အိုမီခရွန်က ရောဂါ ကူးဖူးပြီးသားလူတွေ ပြန်လည် ကူးစက်နိုင်တယ်လို့လည်း ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now