SKIP TO MAIN CONTENT

သြစီအစိုးရအဖွဲ့အနေနဲ့ မြန်မာအရေးမှာ မလုပ်ဆောင်တဲ့အပေါ် အတိုက်အခံဝေဖန်

သြစတြေးလျနိုင်ငံက အဓိက အတိုက်အခံပါတီကနေ သြစတြေးလျအစိုးရက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဘာမှ များများစားစား လုပ်ဆောင်ခြင်း မရှိဘူးဆိုပြီး ဝေဖန်လိုက်ပါတယ်။

Myanmar Coup
Coup Caught On Camera: Myanmar Woman Goes Viral For Dance Video With Surreal Backdrop Source: YouTube

2 min read

Published

Updated


Skip to article content

ကင်ဘာရာထိုင်းမ်စ်မှာ ဖော်ပြချက်အရ အတိုက်အခံ လေဘာပါတီရဲ့ နိုင်ငံခြားရေးရာ ပြောခွင့်ရပုဂ္ဂိုလ် Kristina Keneally က ဝန်ကြီးချုပ် Scott Morrison နဲ့ နိုင်ငံခြားရေး ဝန်ကြီး Marise Payne တို့ဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း ဘာမှ များများစားစား မလုပ်ဆောင်ပေးခဲ့ကြဘူးလို့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ စစ်ကောင်စီနဲ့ ဆက်စပ်မှုရှိတဲ့ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုနဲ့ သွားလာခွင့်တွေကို ကန့်သတ်ထိန်းချုပ်လိုက်တာမျိုး ပိုလုပ်သင့်တယ်လို့ ပြောသွားခဲ့့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေ အာဏာသိမ်းတာ ၁ နှစ်မပြည့်ခင် တစ်ရက်အလိုမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ မဟာမိတ် နိုင်ငံများလို့ ဆိုနိုင်တဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ စတာတွေက စစ်ကောင်စီအပေါ် ဖြေးဖြေးခြင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြင့်ချထားပေမယ့် သြစတြေးလျက လုပ်သင့်သလောက် မလုပ်ဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။

သြစတြေးလျ အစိုးရကတော့ လက်ရှိ မြန်မာအပေါ် ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအတိုင်း ဆက်လက်ထားရှိမှာဖြစ်ပြီး အာဆီယံအသင်းရဲ့ ဖြေရှင်းမှုနည်းလမ်းကို ထောက်ခံကြောင်း အစောပိုင်းတုန်းက ပြောဆိုထားတာ ရှိပါတယ်။

လူသားခြင်း စာနာထောက်ထားရေးအကူအညီ ပေးနိုင်အောင် လုပ်ဆောင်ပေးဖို့ ကုလတောင်းဆို

တဆက်တည်းမှာပဲ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း စစ်ကောင်စီအနေနဲ့ လိုအပ်နေတဲ့ လူတွေဆီ လူသားခြင်း စာနာတဲ့ အကူအညီတွေ ပေးပို့လို့ရအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ တခြား သက်ဆိုင်သူတွေအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့နဲ့ တခြား အခြေခံကျတဲ့ လွတ်လပ်မှုတွေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရသူ Farhan Haq ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ အဆက်အသွယ်ပြုလုပ်နေသလို အာဆီယံ အသင်းနဲ့လည်း ပူးပေါင်းလုပ်ဆောင်ဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အသံတိတ်သပိတ် ဆင်နွဲကြဖို့ တောင်းဆိုမှု ဖိအားပေးခံရ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်ကြရင် အသံတိတ် သပိတ်ဆင်နွဲတဲ့အနေနဲ့ ဈေးမဝယ်ကြဖို့၊ အပြင်မထွက်ကြဖို့ နိုးဆော်မှုတွေ ရှိနေပါတယ်။

အဲဒီနေ့ကြရင် မိမိနည်း မိမိဟန်နဲ့ သပိတ်မှာ ပါဝင်ကြဖို့ ပြင်ဆင်ထားတဲ့ လူတွေ၊ ဆိုင်မဖွင့်ဖို့ ကြိုးစားမှုတွေ ရှိပေမယ့် ဆိုင်ဖွင့်ရမယ်လို့ ညွန်ကြားချက်တွေလည်း ထွက်ပေါ်နေတဲ့အတွက် အခက်တွေ့နေရပါတယ်။

တဖက်မှာလည်း စစ်တပ်ကို ထောက်ခံကြောင်း ဆန္ဒပြမှုတွေ တချို့မြို့တွေမှာ လူအနည်းငယ်နဲ့ ပြုလုပ်ခဲ့ကြတာမျိုးလည်း တွေ့ရပြီး တချို့နေရာမှာ အာဏာပိုင်တွေကနေ အစိုးရဝန်ထမ်းနဲ့စာသင်ကျောင်းတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မနက် ၁၀ နာရီမှာ ရုံးတက်၊ ကျောင်းတက်ရမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ရုံးဆင်း ကျောင်းဆင်းရမယ်လို့ ညွန်ကြားထားတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။

အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံချမှတ်

မြန်မာစစ်အာဏာရှင်နဲ့ ၎င်းကို ထောက်ခံသူတွေအပေါ် ပိုမိုဖိအားပေးတဲ့အနေနဲ့ အမေရိကန်က ဒီကနေ့မှာပဲ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်မံ ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး မြန်မာ ပြည်သူတွေ တောက်လျှောက် ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ဖို့ တောင်းဆိုကြပေမယ့် စစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်လို့ လူပေါင်း ၁၅၀၀ လောက် သတ်ပစ်ခံရသလို

အစိုးရ အရာရှိတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံခြားသားအပါအဝင် လူပေါင်း ၁၀၀၀၀ ကျော်ကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ အမေရိကန် သံရုံးရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်လက်နက် ဝယ်ယူရေးဌာန၊ စစ်အာဏာရှင်ကို ပံ့ပိုးကူညီသူအဖြစ် ထင်ရှားတဲ့ စီးပွားရေးသမား ဦးတေဇနဲ့ သားများဖြစ်တဲ့ ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ အပြင် စစ်အာဏာရှင်ကို ပံ့ပိုးကူညီသူအဖြစ် ကျော်ကြားတဲ့ စီးပွားရေးသမား ဦးဂျော်နသန်မျိုးကျော်သောင်းနဲ့ ၎င်းရဲ့ KT Services and Logistics (KTSL) ကုမ္ပဏီလီမီတက်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်မယ်အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးတင်ဦးတို့ဟာလည်း ရာထူးကို အသုံးပြုပြီး တရားဥပဒေ စိုးမိုးရေးယုတ်လျော့စေဖို့နဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများ ချိနဲ့ဆုတ်ယုတ်စေဖို့ စစ်ကောင်စီအတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုကို ယူကေနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်တယ်လို့လည်း ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်အတွင်း ကလေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေအပါအဝင် အနည်းဆုံး ၃၅ ဦး အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now