COVID lockdown ကြောင့် မဲလ်ဘုန်းမြို့သားတွေ တစ်ပတ် ဒေါ်လာ ၅၀၀ အထိ လျှောက်နိုင်

ကိုဗစ်-၁၉ ကြောင့် လော့ခ်ဒေါင်းဝင်ရတဲ့ ဘယ်ဒေသမဆို ၇ ထက်ကြာအောင် အခက်အခဲခံစားနေရရင် တစ်ပတ်ကို ငွေကြေးထောက်ပံ့ကြေး ဒေါ်လာ ၅၀၀ အထိ လျှောက်ထားနိုင်ပါတယ်လို့ ဖက်ဒရယ်အစိုးရက ကြေညာလိုက်ပါတယ်။

Prime Minister

emergency national cabinet meeting Source: AAP

ဖက်ဒရယ်ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က တစ်ပတ်ခြင်းစီအလိုက် ငွေကြေးထောက်ပံ့မှု လုပ်သွားမှာဖြစ်ပြီး အခုလောလောဆယ် မဲလ်ဘုန်းမြို့ တစ်ခုသာ ၇ ရက်ထက်မက လော့ခ်ဒေါင်း ဝင်နေရတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တစ်ပတ်မှာ နာရီ ၂၀ ထက် အလုပ်ပိုလုပ်နေကြ လူတွေအနေနဲ့ ဒေါ်လာ ၅၀၀ အထိ လျှောက်ထားနိုင်ပြီး တစ်ပတ်ကို နာရီ ၂၀ အောက် အလုပ်လုပ်သူတွေကတော့ ၃၂၅ ဒေါ်လာအထိ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို ထောက်ပံ့ကြေးရဖို့ လိုအပ်ချက်တွေ ပြည့်မှီမှ ရမှာ ဖြစ်ပါတယ်။

လူတွေအနေနဲ့ ပုံမှန်အားဖြင့် သူတို့အနေနဲ့ အလုပ်လုပ်နေဦးမှာဖြစ်ပြီး အခုလို လော့ခ်ဒေါင်းကြောင့် ဝင်ငွေမရှိတော့တဲ့အကြောင်း ပြောဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၇ နှစ် ကျော်သူသာ ဖြစ်ရမှာဖြစ်ပြီး သူတို့ရဲ့ ခွင့်ရက်တွေ သုံးလို့ ကုန်သွားတဲ့အကြောင်း၊ pandemic sick leave အပါအဝင် ဘာခွင့်ရက်မှ မရှိတော့တဲ့အကြောင်းလည်း ပြရမှာ ဖြစ်ပါတယ်။

လက်ထဲ၊ ဘဏ်ထဲ၊ အစုရှယ်ယာထဲမှာ ဒေါ်လာ ၁၀ ၀၀၀ အောက်သာ ရှိကြောင်း ခံဝန်ချက်လက်မှတ် ထိုးရမှာ ဖြစ်သလို တခြားဘာဝင်ငွေမှ မရှိသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

နောက်တစ်ပတ်စာအတွက် ဖြတ်ကျော်ဖို့ အခက်အခဲရှိသူတွေအတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဖက်ဒရယ်အစိုးရအနေနဲ့ hotspot လို့ ကြေညာထားတဲ့ နေရာမှာ နေထိုင်တဲ့လူတွေကသာ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့မှာတော့ အခုဆိုရင် လော့ခ်ဒေါင်း ချထားတာ တစ်ပတ်နီးပါးရှိသွားပြီး ပြည်နယ်အစိုးရက နောက်တစ်ပတ်ကြာ တိုးချဲ့ ချမှတ်ထားတဲ့အတွက် ဇွန်လ ၁၀ ရက်နေ့အထိ အိမ်အပြင်ထွက်ခွင့်ပေးတဲ့ အကြောင်းပြချက် ၅ ခုကလွဲရင် အိမ်မှာပဲ နေထိုင်ရမှာဖြစ်ပါတယ်။

ဒီလို လော့ခ်ဒေါင်းချမှတ်ထားတဲ့အတွက် အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှု များတဲ့အတွက် အကူအညီပေးဖို့ ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဖက်ဒရယ်အစိုးရကို တောင်းဆိုထားပါတယ်။

ဒီလို လော့ခ်ဒေါင်းကို ရက်တိုးမြင့်ချထားလိုက်တဲ့အတွက် မဲလ်ဘုန်းမြို့က မိသားစုတွေအနေနဲ့ အခက်အခဲရှိမှာကို သိနားလည်တဲ့အကြောင်း၊ အိမ်ကနေ အလုပ်လုပ်ရသူတွေအတွက် ခက်ခဲမျာ ဖြစ်သလို မဖြစ်မနေ အလုပ်သွားရမယ့် ကုန်ထုတ်လုပ်ရေး အလုပ်သမားတွေ၊ ကျန်းမာရေးအမှုထမ်းတွေ၊ သူနာပြုတွေ၊ သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်းနဲ့ တခြား ကျန်းမာရေးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းမှာ လုပ်သူတွေအတွက်လည်း ခက်ခဲမယ်လို့ ပြောပါတယ်။

အဲဒီလို ငွေကြေးထောက်ပံ့မှုအတွက် ကုန်ကျစရိတ်ကို ဖက်ဒရယ်အစိုးရဖက်က ၅၀% ကုန်ကျခံပြီး ပြည်နယ်အစိုးရဖက်က ၅၀% ကုန်ကျခံသင့်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

လူတွေအနေနဲ့ ဇွန်လ ၇ ရက်နေ့ကစပြီ Centrelink မှာ စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ် အစိုးရက အင်္ဂါနေ့တုန်းကပဲ ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ရှင်သန်ဖို့အတွက် ဒေါ်လာ ၂၀၉ သန်း ချမှတ်ပေးမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကလည်း ဒေါ်လာ သန်း ၂၅၀ ချမှတ်ပေးခဲ့တာ ရှိပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃ ဦး ထပ်တိုးလာလို့ အခုဆိုရင် ပြည်နယ်အတွင်းမှာ ရောဂါ ကူးစက်ခံရသူ ၆၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

Arcare Maidstone သက်ကြီး စောင့်ရှောက်ရေးစင်တာမှာ အမှုထမ်း နှစ်ဦး ကူးစက်ခံရပြီးတဲ့နောက် သက်ကြီး နှစ်ဦးလည်း နောက်ပိုင်းမှာ ကူးစက်ခံခဲ့ရပါတယ်။

၂၄ နာရီအတွင်း ကိုဗစ် ရောဂါ ရှိမရှိ စစ်ဆေးခံသူ ၅၇ ၅၁၉ ဦး ရှိခဲ့ပါတယ်။


Share

2 min read

Published

By Rashida Yosufzai




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now