Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဒီနှစ်ထဲမှာ ပြည်လုံးကျွတ်ပြည်သူ့ဆန္ဒခံယူပွဲအတွက်မဲ ပေးကြရဖို့ရှိ

ဩစတြေးလျနိုင်ငံသားတွေ ဒီနှစ်ထဲမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဲထည့်ကြရမှာ ဖြစ်ပါတယ်။ ဘာအတွက် ထည့်ကြမလဲ၊ ဘယ်လိုလုပ်ဆောင်လေ့ရှိသလဲ ဆိုတာ လေ့လာရအောင်။

indegenous referendum

Source: SBS

ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အရေးကို ပိုပြီး အဆိုပြုပေးနိုင်ဖို့အတွက် Indigenous Voice to Parliament ကို ထည့်သွင်းနိုင်ဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမှာဖြစ်ပြီး နိုင်ငံသား သန်းနဲ့ချီ ရွေးချယ်မှု လုပ်ကြရမှာ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းက Northern Territory မှာ ကျင်းပတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ Garma ပွဲတော်ကို ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီ သက်ရောက်ခဲ့ပြီး ဩစတြေးလျပြည်သူတွေကို ရိုးရှင်းတဲ့ မေးခွန်းမေးပြီး ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်လို့ ပြောဆိုခဲ့တာ ရှိပါတယ်။

ဘယ်လို မေးခွန်းလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေရဲ့ အသံကို လွှတ်တော်မှာ အရေးဆိုခွင့်ရဖို့အတွက် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ အချက်အလက်ထည့်သွင်းခွင့်ရှိသင့်တာကို ထောက်ခံပါသလား ဆိုတဲ့ မေးခွန်းမျိုးကို မေးနိုင်ပါတယ်။

မဲပေးသူတွေက Yes ထောက်ခံပါသည် သို့မဟုတ် No မထောက်ခံပါ စသည်ဖြင့် တစ်ခုကို ရွေးပြီး မိမိရဲ့ ဆန္ဒကို မဲပေးရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို အောက်တိုဘာ ဒါမှမဟုတ် ဒီဇင်ဘာလထဲကြားမှာ လုပ်မယ်လို့မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။

ဒါဟာ ဩစတြေးလျနိုင်ငံမှာ နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ပြည်သူ့ဆန္ဂခံယူပွဲ ကျင်းပခြင်းဖြစ်ပါတယ်။

အစိုးရက ဌာနတိုင်းရင်းသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ သတ်မှတ်ပြီး ပြောရေးဆိုခွင့် ပိုရှိဖို့ လွှတ်တော်မှာ အသံတစ်ရပ်အနေနဲ့ ထားရှိဖို့ လိုလားနေတာဖြစ်ပါတယ်?

အဲဒီအတွက် Yes ထောက်ခံပါသည် ဆိုတဲ့ ကမ်ပိန်းကို အရင်တစ်ပတ်မှာပဲ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ကန့်ကွက်သူတွေကတော့ ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲ ထည့်သွင်းတာကို လက်ခံပေမယ့် ဌာနေတိုင်းရင်းသားအရေးဆိုပေးဖို့ အသံတစ်ရပ်ကို လွှတ်တော်မှာ ထည့်သွင်းရုံနဲ့ မလုံလောက်တဲ့အတွက် No ကမ်ပိန်းကို ဇန်နဝါရီလ ကတည်းက စတင်ကြပါတယ်။

နှစ်ဖက်စလုံးက ဌာနေတိုင်းရင်းသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပေမယ့် လုပ်ဆောင်ပုံကို သဘောမတူကြတာ ဖြစ်ပြီး အခု လောလောဆယ်အထိ No ကမ်ပိန်းသမားတွေဖက်က အသေးစိတ် ဖော်ပြမှု မလုပ်သေးသလို Yes ဖက်ကတည်း လုပ်ဆောင်ဖော်ပြမှု တချို့ရှိပေမယ့် ပြည်သူအများ နားလည်သဘောပေါက် လက်ခံဖို့ ဆက်လက် လုပ်ဆောင်ကြဦးမှာ ဖြစ်ပါတယ်။

No ကမ်ပိန်းအဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးကတော့ သူတို့ကသာ ရှုံးနိမ့်ရင်လည်း ဌာနေတိုင်းရင်းသား အသံလွတ်တော်မှာ ထွက်ရှိရေးအတွက် အပြည့်အဝ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ဆက်လက် ဆန့်ကျင်တာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ ကြိုတင်ပြောဆိုထားတာ ရှိပါတယ်။

What is a referendum? ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒယူပွဲဆိုတာ ဘာလဲ

ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ မဲပေးပိုင်ခွင့်ရှိသူတွေကို မေးခွန်းတစ်ခုပေးပြီး ပြည်သူတွေက မိမိရဲ့ ဆန္ဒကို ဖြေဆိုပေးကြပြီး အဖြေအပေါ် မူတည်ပြီးမှ နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အပြောင်းအလဲလုပ်သင့်မသင့် ဆုံးဖြတ်ချက်ပေးတာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးသော အာဏာအရှိဆုံးသော စာရွက်စာတမ်းဖြစ်ပြီး အဲဒီစာရွက်စာတမ်းကို နိုင်ငံရေးသမားေတွ လိုသလို ရေးပြီး အာဏာတည်မြဲအောင် လုပ်လို့မရအောင် ပြည်သူတွေကို အာဏာအပ်တဲ့အနေနဲ့ လူထုဆန္ဒခံယူပွဲကို ကျင်းပကြတာပဲ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒပါမှသာလျင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေကို ထပ်မံဖြည့်စွက်ခွင့် ဖယ်ထုတ်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ ဘယ်လို ဖြစ်လာနိုင်သလဲ

ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပခင်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပသင့်တယ်ဆိုတဲ့ မူကြမ်းတစ်ခုကို လွှတ်တော်မှာ တင်သွင်းရမှာ ဖြစ်ပြီး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးမှာ သဘောတူမှသာ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

လွှတ်တော် နှစ်ရပ်လုံးမှာ ထောက်ခံမှုများရင် အစိုးရက ၂ လကနေ ၆ လအတွင်း ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရမယ့်ရက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်သလိုပဲ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ရွေးကောက်ပွဲ ကော်မရှင်ကပဲ ကြီးမှုးသွားမှာ ဖြစ်ပါတယ်။

မေးခွန်းတစ်ခုကို မေးမှာဖြစ်ပြီး မေးပေးသူက ထောက်ခံပါသည် သို့မဟုတ် မထောက်ခံပါ ဆိုတဲ့ မေးခွန်းတစ်ခုကိုသာ မဲစာရွက်ပေါ်မှာ ဖြေဆိုပေးရမှာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရဲ့ ရလာဒ်ကို ကြည့်တဲ့အခါမှာလည်း တစ်နိုင်ငံလုံးရဲ့ ရလာဒ်သာမက ပြည်နယ်အဆင့်မှာလည်း ပြည်နယ်အများစုရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်ပါတယ်။

Double majority လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ ထောက်ခံမှု အများစု ရဖို့လိုအပ်သလို ပြည်နယ်အများစုလည်း ထောက်ခံမှသာ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဆင်ခွင့် သို့ ဖြည့်စွက်ခွင့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံ့ လူဦးရေအများစုက ထောက်ခံပြီး ပြည်နယ်အလိုက်မှာ ပြည်နယ်အများစုက မထောက်ခံရင် ပြည်သူ့ဆန္ဒခံယူပွဲ မအောင်မြင်သလို ပြည်နယ်အများစုက ထောက်ခံပြီး တစ်နိုင်ငံလုံး လူဦးရေ ထောက်ခံမှုနည်းရင် ပြည်သူ့ဆန္ဒခံယူပွဲ ကျဆုံးမှာ ဖြစ်ပါတယ်။

မကြာခင်တုန်းကပဲ လိင်တူခြင်း လက်ထပ် ထိမ်းမြားခွင့်ရသင့်မသင့် ဆိုတဲ့အပေါ် မဲပေးခဲ့ကြသေးတာပဲ မဟုတ်လား။

ဟုတ်ပါတယ်။. ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကပဲ လိင်တူချစ်သူတွေ လက်ထပ်ထိမ်မြားခွင့် ရသင့်မသင့် မဲပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက referendum မဟုတ်ပဲ plebiscites လို့ ခေါ်ပါတယ်။ အဲဒီ နှစ်ခုက အတူတူ မဟုတ်ပေမယ့် ခပ်ဆင်ဆင် သဘောမှာ ရှိပါတယ်။

Plebiscite ဆိုတာ ပေါ်လစီကို အခြေခံတဲ့ မေးခွန်းအပေါ် ပြည်သူတွေရဲ့ သဘောထားကို ခံယူတာဖြစ်ပြီး အဲဒါတွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ မလိုအပ်ပါဘူး။

Plebiscite ကနေ ရရှိတဲ့ ပြည်သူ့ဆန္ဒကို ဥပဒေအရ ဆောင်ကို ဆောင်ရွက်ရမှာ ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့ ထည့်သွင်းစဥ်းစားရမယ့် ပေါ်လစီဖြစ်စေပြီး ဥပဒေအဖြစ် ထည့်သွင်းစဥ်းစားမှုကို ဖြစ်စေနိုင်ပါတယ်။

အဲဒီတော့ plebiscite တွေဟာ referendum တွေထက် ပိုဖြစ်များပြီး အထူးသဖြင့် ပြည်နယ်အဆင့်မှာ ပိုမိုလုပ်ဆောင်ကြလေ့ရှိပါတယ်။ ဥပမာ အရက်သေစာနဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ daylight saving လို့ခေါ်တဲ့ နွေရာသီမှာ နာရီရှေ့ တစ်နာရီ တိုးတဲ့ကိစ္စကို လုပ်သင့်မသင့် တချို့ပြည်နယ်မှာ ပြည်နယ်သားတွေရဲ့ ဆန္ဒကို ခံယူခဲ့ကြတာမျိုး ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ ပြည်သူ့ဆန္ဒခံယူပွဲ referendum ကို ၁၉၉၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ကြပြီး အဲဒီတုန်းက ဩစတြေးလျအနေနဲ့ ဘုရင်စနစ်မဟုတ်တဲ့ သမ္မတစနစ် ဖြစ်သင့်မသင့် ဆန္ဒမဲ ကောက်ခံခဲ့ရာမှာ ၅၄.၈၇ ရာခိုင်နှုန်းက ပြည်သူ့သမ္မတ စနစ်ကို ထောက်ခံပြီး ၆၀.၆၆ ရာခိုင်နှုန်းက ဘုရင်စနစ်အဖြစ် ဆက်ထားဖို့ ဆုံးဖြတ်ကြလို့ အခုအချိန်အထိ အင်္ဂလန်ရဲ့ ဘုရင်က ဩစတြေးလျနိုင်ငံရဲ့ အကြီးအကဲအဖြစ် ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

ယခင်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေမှာ အခြေအနေ ဘယ်လို ရှိခဲ့သလဲ။

ဩစတြေးလျနိုင်ငံဟာ ၁၉၀၁ ခုနှစ်မှာ ဖက်ဒရယ် စနစ်စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲကို ၄၄ ကြိမ် ကျင်းပလာခဲ့ပြီ ဖြစ်ပါတယ်။

၄၄ ကြိမ်ထဲမှာ ၈ ကြိမ်သာ အောင်မြင်မှု ရခဲ့ပါတယ်။

ဩစတြေးလျ ပြည်သူတွေဟာ သူတို့ တကယ် ယုံကြည်နားလည်တဲ့ အရာတွေအတွက် အရာတွေအတွက်သာ ထောက်ခံတာဖြစ်ပြီး ကောင်းမွန်စွာ မသိတဲ့အရာ မသေခြာတဲ့အရာတွေအတွက် ထောက်ခံမှုလုပ်ဖို့ ဝန်လေးကြကြောင်း ပြသရာ ရောက်ပါတယ်။

အမေရိကန်လို နိင်ငံတချို့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို အပြောင်းအလဲလုပ်ဖို့ နိုင်ငံရေးသမားတွေ လုပ်ပိုင်ခွင့်ရှိပေမယ့် ဩစတြေးလျနိုင်ငံရဲ့ ဒီမိုကရေစီ ကျင့်စဥ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြည်သူတွေသာ ပြောင်းလဲခွင့်ရှိတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေး သမားေတွကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲခွင့်ေပးတာဟာ အန္တာရာယ် ကြီးမားနိုင်တဲ့အတွက် တမင်တကာ ပြောင်းရခက်ခဲအောင် ပြည်သူတွေရဲ့ လက်ထဲမှာ အာဏာပေးထားတာက ကောင်းတယ်လို့ ဒေါက်တာ Kildea က ပြောပါတယ်။

ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ မအောင်မြင်ရင် ဘယ်လို လုပ်မလဲ။

ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်လုပ်နိုင်ပါတယ်။

ဒါပေမယ့် တော်တန်ရုံ ထပ်လုပ်ကြတာမျိုးတော့ မရှိပါဘူး။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဖြစ်မနေ မဲေပးရမလား။

ဟုတ်ပါတယ်။ မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းက မဲပေးရမှာဖြစ်ပါတယ်။ ခိုင်လုံတဲ့ သက်သေမရှိပဲ မဲဆန္ဒထည့်သွင်းဖို့ ပျက်ကွက်ရင် ဒဏ်ကြေး ဒေါ်လာ ၂၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။


3 min read

Published

By Rayane Tamer

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now