SKIP TO MAIN CONTENT

အခြေခံလစာကို တစ်နာရီ ၂၁.၃၈ ဒေါ်လာ တိုးမြင့်ပေး

ဩစတြေးလျနိုင်ငံရဲ့ အခြေခံလစာကို တစ်နာရီမှာ ၂၁.၃၈ ဒေါ်လာ တိုးမြင့်ပေးဖို့ Fiar Work Commission က ဒီကနေ့ ဆုံးဖြတ်လိုက်ပြီး ဒါဟာ ၅.၂% တိုးမြင့်လာတာ ဖြစ်ပါတယ်။

minimum wage
The Fair Work Commission has handed down it's annual decision on the minimum wage Source: AAP

2 min read

Published


Skip to article content

လုပ်အားခ လစာ အနည်းငယ်တိုးမြင့်လာတဲ့အတွက် တစ်ပတ်မှာ ၃၈ နာရီ အလုပ်လုပ်တဲ့လူတွေအနေနဲ့ ဒေါ်လာ ၄၀ ကျော် ပိုရမှာဖြစ်ပြီး တစ်ပတ်စာ လုပ်အားခက ၈၁၂.၆၀ ဒေါ်လာ ရှိမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် တစ်နာရီမှာ တစ်ဒေါ်လာ နီးပါး လစာတိုးရမှာ ဖြစ်ပါတယ်။ 

 

အဲဒီနှုန်းကို ဇူလိုင်လကစပြီး ရရှိမှာဖြစ်ပြီး အဲဒီလို လစာတိုးမြင့်မှုနှုန်းက လူပေါင်း ၁၈၀၀၀၀ ကို အကျိုးခံစားရရှိစေမှာ ဖြစ်ပေမယ့် လေယာဥ်လုပ်ငန်း၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ လုပ်ကိုင်သူတွေက အောက်တိုဘာလမှ စရမှာ ဖြစ်ပါတယ်။ 

 

ဝန်ကြီးချုပ် Anthony Albanese အခြေခံလစာ တိုးမြင့်မှုဟာ နေ့စဥ်ကုန်ကျစရိတ် တိုးမြင့်မှုကြောင့် အခက်အခဲကြုံရတဲ့လူတွေအတွက် အထောက်အကူပြုစေမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

 

လေဘာပါတီအနေနဲ့ လုပ်အားခလစာ တိုးမြင့်ရေးအတွက် လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားတာရှိပြီး အစိုးရဖြစ်လာတဲ့အခါမှာ အခြေခံ လုပ်အားခကို တိုးမြင့်ပေးဖို့ အစိုးရက Fair Work Commission ကို တောင်းဆိုခဲ့ပေမယ့် ဘယ်လောက်အထိ တိုးမြင့်ပေးပါ ဆိုတဲ့ ပမာဏကို ထည့်ပြောခြင်းမရှိပဲ Fair Work Commission ရဲ့ အဆုံးအဖြတ်ကိုသာ ယူမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

 

ဒီကနေ့ Fair Work Commission ရဲ့ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်က ကြိုဆိုခဲ့ပါတယ်။ 

 

သမဂ္ဂအဖွဲ့တွေကတော့ ငွေကြေးဖောင်းပွမှုနဲ့ ကာမိအောင် အခြေခံလစာကို ၅.၅% တိုးမြင့်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ဖူးပြီး ကော်မရှင်ကနေ ၅.၂% တိုးမြင့်လိုက်တဲ့အပေါ် ဝမ်းသာ ကျေနပ် အားရမိတယ်လို့ Australian Council of Trade Unions (ACTU) အတွင်းရေးမှူး Sally McManus က ပြောပါတယ်။ 

 

လစာအနည်းငယ်တိုးလာတဲ့အတွက် ဝင်ငွေနည်းသူတွေ အိမ်လခပေးဖို့၊ စျေးသုံးဖို့နဲ့ စွမ်းအင်အတွက် ကုန်ကျစရိတ်တွေ ပေးဖို့ငွေတွေ ပိုထွက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

 

Australian Industry Group ကတော့ လစာကို ၂.၅% သာ တိုးပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အရင်နှစ်တုန်းက အနိမ့်ဆုံးလစာက ၂.၅%သာ တိုးမြင့်ခဲ့ပြီး တစ်နာရီမှာ ၂၀.၃၃ ဒေါ်လာ ဒါမှမဟုတ် တစ်ပတ်မှာ ၇၇၂.၆၀ ဒေါ်လာသာ ရှိခဲ့တာ ဖြစ်ပါတယ်။

 

လစာတိုးမြင့်မှုက စီးပွားရေးအတွက် အန္တာရာယ်ဖြစ်စေနိုင်တယ်လို့  Australian Chamber of Commerce and Industry ရဲ့ စီအီးအို Andrew McKellar က ပြောပါတယ်။ 

 

လုပ်အားခ တိုးမြင့်ခြင်းအားဖြင့် စီးပွားရှင်တွေအတွက် ဝန်ထုတ်ဝန်ပိုး ပိုဖြစ်စေနိုင်ပြီး လုပ်ငန်းရှင်တွေက အဲဒါတွေကာမိအောင် ဝယ်ယူသုံးစွဲသူတွေကို စျေးပိုတောင်းတာမျိုး လုပ်နိုင်သလို ငွေကြေးဖောင်းပွမှုလည်း ပိုဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။ 

 

လစာတိုးမြင့်ပေးခြင်းက ငွေကြေးဖောင်းပွမှုဆိုတဲ့ မီးကို လောင်စာဆီပိုထည့်ပေးလိုက်သလို ဖြစ်စေနိုင်တယ်လို့လည်း Australian Industry Group ရဲ့ အကြီးအကဲ  Innes Willox က ပြောပါတယ်။ 

 

စီးပွားရှင်တွေအနေနဲ့ အခုလောလောဆယ် ကုန်ပစ္စည်းစျေး မြင့်တက်မှုနဲ့ စွမ်းအင်စျေး မြင့်မားမှု၊ ကုန်စည်စီးဆင်းမှု နှေးကွေးမှု၊ အတိုးနှုန်း မြင့်တက်မှုနဲ့ လုပ်သားထု မလုံလောက်မှုကြောင့် ရုန်းကန်နေကြရတဲ့အချိန်မှာ လုပ်အားခလစာ တိုးမြင့်ပေးလိုက်ရင် ပိုအခက်အခဲဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။ 

 

ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်ရဲ့ အကြီးအကဲ Philip Lowe ကတော့ ဒီနှစ်ကုန်ပိုင်းကြရင် ငွေကြေးဖောင်းပွမှုက ၇% အထိ ရောက်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ 

 

အတိုးနှုန်းဟာလည်း ၂.၅% အထိ မြင့်တက်နိုင်ပြီး အဲဒီအနေအထားရောက်သွားရင် နေထိုင်စရိတ်က မြင့်သထက် သိသိသာသာ မြင့်တက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now