SKIP TO MAIN CONTENT

Moderna mRNA ကာကွယ်ဆေးထုတ်စက်ရုံကို မဲလ်ဘုန်းမြို့မှာ ထားမယ်

ဩစတြေးလျ ဖက်ဒရယ် အစိုးရနဲ့ ဗစ်တိုးရီးယားပြည်နယ်အစိုးရတို့က မဲလ်ဘုန်းမြို့မှာ Moderna ရဲ့ mRNA ကာကွယ်ဆေး ထုတ်လုပ်မယ့်စက်ရုံ ထားရှိဖို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

Moderna COVID-19 vaccine
Moderna to establish a new mRNA vaccine manufacturing hub in Melbourne. Source: Danny Lawson/PA Wire

1 min read

Published

By Gareth Boreham


Skip to article content

mRNA အမျိုးအစား ကာကွယ်ဆေးတွေကို ၂၀၂၄ ခုနှစ်မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး အဲဒီ ကာကွယ်ဆေးအမျိုးအစားဟာ သမားရိုးကျနည်းနဲ့ ထုတ်လုပ်တဲ့ ကာကွယ်ဆေးနဲ့ မတူပါဘူး။ 

သမားရိုးကျ ကာကွယ်ဆေးတွေမှာ တိုက်ဖျက်ချင်တဲ့ ဘက်တီးရီးယားပိုးသေကောင် သို့မဟုတ် အားပျော့တဲ့ ပိုးကို ထည့်ပြီး ဖော်စပ်ထားတာဖြစ်ပေမယ့် Messenger RNA သို့မဟုတ် mRNA ကာကွယ်ဆေးအမျိုးအစားကတော့ တကယ့်ရောဂါပိုးကို ခန္တာကိုယ်ထဲ မထည့်တော့ပဲ ဆဲလ်စ်တွေကို ပရိုတိမ်းထုတ်လုပ်တတ်အောင်သင်ပေးပြီး ကိုယ်ခံအားရဲ့ တုန့်ပြန်မှုရအောင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ဒီလိုနည်းပညာအသစ်နဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့နိုင်ငံ နည်းပါးနေဆဲဖြစ်ပြီး ကမ္ဘာ့တောင်ပိုင်းမှာဆိုရင် ဩစတြေးလျနိုင်ငံမှာသာ ရှိမှာ ဖြစ်ပါတယ်။ အများအားဖြင့် ဥရောပတိုက်က နိုင်ငံတချို့နဲ့ မြောက်အမေရိကတိုက်အတွင်းက နိုင်ငံတချို့မှာသာ အဲဒီနည်းပညာနဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။

Moderna ကုမ္ပဏီနဲ့ ဒီဇင်ဘာလကတည်းက သဘောတူညီမှုရထားတာ ဖြစ်ပေမယ့် ရွေးကောက်ပွဲကာလ နီးလာတဲ့နောက်ပိုင်း ၀န်ကြီးချုပ်က ပိုမို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

အဲဒီဆေးစက်ရုံကနေ တစ်နှစ်မှာ ကာကွယ်ဆေးအခုပေါင်း သန်း ၁၀၀ ထုတ်လုပ်ဖို့ရည်ရွယ်ထားပြီး ထုတ်လုပ်မယ့် ကာကွယ်ဆေးတွေထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တုတ်ကွေးရောဂါ ကာကွယ်ဆေးလည်း ပါ၀င်ပါတယ်။

အဲဒီစက်ရုံကနေ ကျွမ်းကျင်အလုပ်သမား ၁၅၀ အထိ ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။ 

Moderna ဆေးစက်ရုံကနေ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးထုတ်လုပ်မှာဖြစ်သလို တုတ်ကွေးရောဂါ ကာကွယ်ဆေးလည်း ဒုတိယဦးစားပေးအနေနဲ့ ထုတ်လုပ်နိုင်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now