SKIP TO MAIN CONTENT

ကိုဗစ်-၁၉ antiviral ကုသဆေးရရှိနိုင်သူတွေ ပိုများလာနေပါတယ်၊ ဒါကတော့ သင်သိသင့်တဲ့အရာတွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ကုသပေးနိုင်တဲ့ antiviral ကုသဆေးတွေကို ဩစတြေးလျကလူတွေ အတော်များများ ကုသမှု ခံယူနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ ကုသဆေးက ဘာလဲ၊ ဘယ်သူတွေ လက်ခံရရှိနိုင်သလဲ၊ ကိုဗစ်တိုက်ဖျက်ရေးအတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာကို လေ့လာကြရအောင်။

Two anti-viral drugs to treat COVID-19 have been approved by the TGA.
Two anti-viral drugs to treat COVID-19 have been approved by the TGA. Source: EPA

3 min read

Published

By Emma Brancatisano


Skip to article content

ဩစတြေးလျနိုင်ငံ အစိုးရက ကိုဗစ်-၁၉ အတွက် antiviral ကုသဆေးတွေကို လက်ခံရယူနိုင်တဲ့ လူဦးရေကို တိုးချဲ့လိုက်ပြီ ဖြစ်ပါတယ်။

 

 

တနင်္လာနေ့ကစပြီး အသက် ၇၀ ကျော်သူ ဩစတြေးလျနိုင်ငံသားတိုင်းက ကိုဗစ်-၁၉ ရောဂါအတွက် ဆေးဝယ်ရမယ်ဆိုရင် အစိုးရကနေ ဆေးဖိုး တစိတ်တပိုင်း ကူညီပေးတဲ့ Pharmaceuticals Benefits Scheme (PBS) အစီအစဥ်အရ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

 

အဲဒါ့အပြင် အသက် ၅၀ ကျော်ပြီး ဆိုးဝါးတဲ့ရောဂါ ၂ မျိုးနဲ့အထက် ခံစားနေရသူတွေလည်း ကုသဆေး လက်ခံရယူနိုင်မှာဖြစ်သလို အသက် ၃၀ ကျော်ပြီး ရောဝါဆိုး ၂ မျိုးနဲ့အထက် ရှိသူ အာဘော်ရီဂျင်နာနဲ့ တိုရီစတြိတ်ကျွန်းသား ဌာနေတိုင်းရင်းသားတွေလည်း ကိုဗစ်-၁၉ ကုသဆေးတွေကို စျေးသက်သာစွာ ရယူနိုင်ပါတယ်။ ကိုယ်ခံအားမကောင်းတဲ့ အသက် ၁၈ နှစ်နဲ့ အထက်ရှိသူလူတွေလည်း ရရှိနိုင်ပါတယ်။ 

 

ယခင်တုန်းက ကိုဗစ်-၁၉ ကုသရေးအတွက် အသုံးပြုတဲ့ သောက်ဆေးတွေကို ဩစတြေးလျ နိုင်ငံက လူအနည်းစုသာ အသုံးပြုခွင့်ရတာဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ ဆေးရဲ့ ထိရောက်မှုနဲ့ လုံခြုံဘေးကင်းမှုတွေအပြင် ကပ်ရောဂါအခြေအနေရဲ့ အပြောင်းအလဲတွေကြောင့် ပညာရှင်အဖွဲ့ရဲ့ အကြံပြုချက်အရ အခုလို နောက်ထပ် လူအများအပြား အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးတာလို့ အစိုးရက ပြောပါတယ်။ 

 

အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပညာရှင်တွေက ကြိုဆိုလိုက်ပြီး ကုသဆေးဟာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အသုံးဝင်ပြေမယ့် ကာကွယ်ဆေးက ပဓာဏကျတယ်လို့ ပြောပါတယ်။

အဲဒီတော့ antivirals ဆိုတာ ဘာလဲ။

ကိုဗစ်-၁၉အတွက် Antiviral ကုသဆေးဆိုတာ ဆေးလုံးလို သောက်လို့ရအောင် လုပ်ဆောင်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အခါ သက်သာပျောက်ကင်းအောင် ကုသပေးတဲ့ ဆေးလုံးတွေ ဖြစ်ပါတယ်။

 

 

မဲလ်ဘုန်းမြို့ Doherty Institute က ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ Steven Tong ရဲ့အဆိုအရ အဲဒီဆေးဟာ SARS-COV-2 ဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ဆေးတွေဖြစ်ပြီး ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ဒါမှမဟုတ် ဗိုင်းရပ်စ် အသက်ရှင်စေမယ့် ဗရိုတိမ်းနဲ့ ကူးစက်မှုဖြစ်စေတာတွေကို မထုတ်လုပ်နိုင်အောင် တားဆီးပေးတယ်လို့ ဆိုပါတယ်။ 

 

အခုလောလောဆယ် ဩစတြေးလျမှာ အသုံးပြုနေတဲ့ ကိုဗစ် ကုသဆေးတွေက ကိုဗစ် ရောဂါ လက္ခဏာ ပြပျောက်အောင် ဒါမှမဟုတ် ရောဂါလက္ခဏာ ကြာရှည်မခံအောင် မလုပ်နိုင်ပေမယ့် အဓိကကတော့ ဆေးရုံတက်ရတဲ့အဆင့်မဖြစ်အောင် ဒါမှမဟုတ် သေဆုံးတဲ့အထိ မဖြစ်အောင် လျှော့ချပေးနိုင်တယ်လို့ SBS News ကို ပြောပါတယ်။ 

 

ဩစတြေးလျနိုင်ငံမှာ ဆေးဝါးဌာနကနေ အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ကုသဆေး ၂ မျိုးရှိပြီး အဲဒါတွေက Paxlovid နဲ့ Lagevrio တို့ ဖြစ်ကြပါတယ်။ စမ်းသပ်မှုတွေအရ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံရောက်ရတာမျိုး မဖြစ်အောင် လုပ်ဆောင်ရာမှာ Paxlovid က ၉၀% လုပ်ဆောင်နိုင်ပြီး  Lagevrio က ၃၀% လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။ 

 

Paxlovid က ဗိုင်းရပ်စ်တွေ လိုအပ်တဲ့ ပရိုတိမ်းဓာတ် မထုတ်လုပ်အောင် ကာကွယ်ပေးနိုင်ပြီး အဲဒီလုပ်ရပ်ကနေ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တာလို့ ဆိုပါတယ်။

Lagevrio ဆေးကြတော့ ကိုယ်ထဲမှာ ဗိုင်းရပ်စ် ကိုယ်ပွားတွေ မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။ ရောဂါတွေကို အားမသန်အောင် လုပ်ဆောင်နိုင်တဲ့အတွက် ရောဂါအခြေအနေ တအားဆိုးမသွားအောင် လုပ်ဆောင်ပေးရာ ရောက်တယ်လို့ ပြောပါတယ်။

 

Royal Australian College of General Practitioners (RACGP) ရဲ့ ဒုဥက္ကဌ Dr Bruce Willett က အဲဒီဆေးဝါးတွေဟာ သက်ကြီးတွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် အထူးအသုံးဝင်တယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကုသဆေးတွေကို ဘယ်သူတွေ ရနိုင်သလဲ။

တနင်္လာနေ့ကစပြီး အစိုးရက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အသက် ၇၀ အထက် ရှိသူတိုင်း ဆေးကို ဝယ်ယူနိုင်မှာဖြစ်သလို အသက် ၅၀ ကျော်ပြီး ရောဂါဆိုး ၂ မျိုးနဲ့အထက် ရှိသူတွေ၊ အသက် ၃၀ ကျော်ပြီး ရောဂါဆိုး ၂ မျိုးနဲ့ အထက်ရှိသူ  Aboriginal နဲ့ Torres Strait Islander တွေအပြင် ကိုယ်ခံအား မရှိတဲ့ အသက် ၁၈ နှစ်နဲ့ အထက်ရှိသူတွေ၊ ကျန်းမာရေးအခြေအနအရ မသန်စွမ်းဖြစ်သူတွေကို အစိုးရက လျှော့စျေးနဲ့ ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ 

 

ဆေးရဲ့ စျေးနှုန်းက ပုံမှန်ဆိုရင် ဒေါ်လာ ၁၀၀၀ ရှိပေမယ့် concession card ရှိရင် ၆.၈ ဒေါ်လာ သာ ပေးရမှာဖြစ်ပြီး မရှိတဲ့လူတွေအတွက်ကတော့ ဒေါ်လာ ၄၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ 

 

အခုလောလောဆယ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုက တိုးလာနေပြီး မျိုးကွဲသစ်တွေလည်း ကူးစက်မှုဖြစ်နေတဲ့အတွက် ဆေးရုံတင်ထားရသူဦးရေလည်း ပိုများနေတယ်လို့ ကျန်းမာရေးဝန်ကြီး Mark Butler က ပြောပါတယ်။

ဒီဆေးတွေကို ဘယ်အချိန်မှာ ဘယ်လို ဝယ်ယူရမလဲ

အဲဒီဆေးတွေကို အထက်မှာတုန်းက ဖော်ပြထားတဲ့ လူအုပ်စုတွေကသာ ရယူနိုင်တာဖြစ်ပြီး ဆေးကို ထုတ်ပေးခွင့်ရှိတဲ့ လူတွေ (ဥပမာ ဂျီပီဆရာဝန်)ရဲ့ လက်မှတ်ပါမှသာ ဝယ်ခွင့်ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေသာ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရပြီဆိုတာကို သိရတာနဲ့ ချက်ခြင်း အသုံးပြုတာက အထိရောက်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ 

စမ်းသပ်မှုတွေအရ ရောဂါလက္ခဏာပြတာ ၅ ရက်အောက်သာ ရှိသေးတဲ့လူတွေ အမြန်ဆုံး ကုသမှု ခံယူရင် ထိရောက်မှု ရှိတယ်လို့ ပြသနေတဲ့အတွက် လက္ခဏာပြတာနဲ့ ချက်ခြင်း ရောဂါ ရှိမရှိ စစ်ဆေးပြီး ရလာဒ်သိရတာနဲ့ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ 

 

 

Dr Willett ကတော့ ဘယ်သူမဆို ရောဂါရှိပြီဆိုတာနဲ့ မိမိရဲ့ ဆရာဝန် ဒါမှမဟုတ် COVID-19 helpline ကို ဖုန်းဆက်ပြီး ဆေးရနိုင်မရနိုင် မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။

ဆေးကို ဆရာဝန်ရဲ့ ညွန်ကြားမှုအတိုင်း လိုက်နာဖို့လိုတယ်လို့ Dr Willett နဲ့ Professor Tong တို့က ပြောဆိုထားပြီး အကြောင်းရင်းကတော့ တချို့ကိုဗစ်-၁၉ ဆေး  (အထူးသဖြင့် Paxlovid) ဟာ တခြားဆေးနဲ့ တွဲသောက်တဲ့အခါ တုန့်ပြန်မှုတွေ ရှိနိုင်တဲ့အတွက် ဖြစ်ပါတယ်။ 

 

ကိုဗစ်-၁၉ ကုသဆေးတွေကို လူတွေ သိနားလည်အောင် ပညာပေး ကမ်ပိန်းတွေလည်း မကြာခင် ပြုလုပ်သွားဖို့ ရှိပါတယ်။ 

 

ကိုဗစ်-၁၉ ကုသဆေးတွေက အရေးပါပေမယ့် အရေးကြီးဆုံးက ကာကွယ်ဆေးဖြစ်တယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။

အခုဆိုရင် အသက် ၃၀ ကျော်သူတိုင်း နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေး extra booster ကို ထိုးချင်ရင် ထိုးနိုင်ပြီ ဖြစ်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now