SKIP TO MAIN CONTENT

ASEAN ထိပ်သီးညီလာခံကို စစ်ခေါင်းဆောင် တက်ခွင့်မရ

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မကြာခင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Myanmar's Commander-in-Chief, Senior General Min Aung Hlaing.
Myanmar's Commander-in-Chief, Senior General Min Aung Hlaing. Source: AAP

2 min read

Published

Updated

Source: AFP, SBS



Skip to article content

သောကြာနေ့မှာ ကျင်းပတဲ့ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ နိုင်ငံရေးနဲ့ ပတ်သက်မှု မရှိတဲ့ ပုဂ္ဂိုလ်သာ တက်ရောက်ရမယ်ဆိုတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးတဲ့သဘော  ဖြစ်ပါတယ်။ 

အာဆီယံအသင်းရဲ့ ဆုံးဖြတ်ချက်ဟာ ထင်မှတ်မထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အာဆီယံကို သွားစွယ်မရှိတဲ့ ကျားအဖြစ် တောက်လျှောက်ဝေဖန်ကြတုန်းမှာပဲ မြန်မာစစ်တပ်ကနေ ကုလသမဂ္ဂကို သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်မပေးတဲ့နောက်ပိုင်း အာဆီယံဖက်က အခုလို ဆုံးဖြတ်ခဲ့တာနဲ့ တိုက်ဆိုင်နေပါတယ်။

အာဆီယံခေါင်းဆောင်တွေကနေ အချက် ၅ ချက်ပါ အစီအစဉ်အကောင်အထည်ဖော်ရာမှာ သိသာတဲ့ တိုးတက်မှုတွေ မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်း လုံခြုံရေးအပေါ်၊ ညီညွတ်ရေး၊ ယုံကြည်လက်ခံမှုနဲ့ အာဆီယံနဲ့ ဗဟိုပြုမှုတို့အပေါ် သက်ရောက်လာတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Flags of member countries fly outside the ASEAN Secretariat building in Jakarta, Indonesia.
Flags of member countries fly outside the ASEAN Secretariat building in Jakarta, Indonesia. Source: AAP

Crisis Group အဖွဲ့က မြန်မာ့ရေးရာ အကြံပေး Richard Horsey က နိုင်ငံရေးနဲ့ ပတ်သက်မှု မရှိတဲ့ ပုဂ္ဂိုလ်လို့ ဆိုရာမှာ ဝန်ကြီးသို့ ဒုဝန်ကြီးအောက် အဆင့်ရှိသူတစ်ဦးသာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလို ဆုံးဖြတ်ချက်ချရတာ ခက်ခဲပေမယ့် အာဆီယံအပေါ် ယုံကြည်လက်ခံမှုတွေပါ ထိပါးလာတဲ့အတွက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာရဲ့ ဝေဖန်မှုကို မခံလိုတာတစ်ကြောင်း၊ အာဆီယံကို လိုရာသုံးလုပ်နေတာမျိုး မလုပ်ဖို့ အာဆီယံက မြန်မာစစ်တပ်ကို ပြသရာ ရောက်တယ်လို့လည်း Solaris Strategies Singapore အဖွဲ့က ပညာရှင် Mustafa Izzuddin က သုံးသပ်ထားပါတယ်။

အာဆီယံရဲ့ ဆုံးဖြတ်ချက်က အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ David Mathieson က ပြောပါတယ်။

မြန်မာစစ်တပ်ဖက်ကနေ ပူးပေါင်းပါဝင်မှုနည်းပါးသလို နိုင်ငံရေးအမြင်မတူတွေအပေါ် နှိမ်နှင်းမှုတွေ ပြုလုပ်နေတဲ့အပေါ် အာဆီယံက စိတ်ပျက်သလို အာဆီယံရဲ့ အထူးကိုယ်စားလှယ် ဘရူနှိုင်းနိုင်ငံ ဒုနိုင်ငံခြားရေး ဝန်ကြီး

Erywan Yusof သွားရောက်လည်ပတ်မယ့် ကိစ္စမှာ အချိန်အကြာကြီး ဆွဲခဲ့တဲ့အပေါ် အာဆီယံက မနှစ်မြို့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အာဆီယံကတော့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ လိုလားပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမှုရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ မြန်မာစစ်တပ်က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံက ထိပ်သီးညီလာခံ တက်ခွင့်မပေးတဲ့အပေါ် အမေရိကန်အစိုးရ အရာရှိတစ်ဦးက ဒီလို ဆုံးဖြတ်ချက်ဟာ သင့်တော် မျှတမှုရှိတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဖက်က တိုးတက်မှု မရှိဘူးဆိုရင် မလေးရှားအနေနဲ့ မြန်မာစစ်အရာရှိချုပ်ကို အစည်းအဝေးတက်ခွင့် ဆက်လက်ပိတ်ပင်ရမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သောကြာနေ့ အစည်းအဝေးမတိုင်ခင်ကတည်းက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီဖြစ်စဉ် မရှိရင် အာဆီယံအစည်းအဝေးအတွင်း မြန်မာနိုင်ငံကို နိုင်ငံရေးအဆင့် ကိုယ်စားပြုခွင့်မပေးသင့်ဘူးလို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ကြိုဆိုလိုက်ပြီး အာဆီယံအနေနဲ့

NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now