စနေနေ့တုန်းက မြန်မာစစ်တပ်က နှစ်သစ်ကူး အခါသမရ အနေနဲ့ လူပေါင်း ၂၃၁၈၄ ဦးကို လွှတ်ပေးလိုက်ပေမယ့် လွတ်လာသူတွေထဲမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ အနည်းငယ်သာ ပါဝင်ပါတယ်။
အခုလောလောဆယ် စစ်တပ် အာဏာသိမ်းပိုက်မှုနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံရသူ ၃၁၄၁ ဦး ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြောဆိုလိုက်ပြီး လူပေါင်း ၈၃၂ ဦးလည်း ဖမ်းဝရမ်း ထုတ်ခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ အဆိုအရ လွှတ်မြောက်လာသူ အများစုဟာ ဖေဖော်ဝါရီလ မတိုင်ခင်ကတည်းက ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဝရမ်း ထုတ်ခံရသူ ၈၀၀ ကျော်ထဲက ၂၀၀ လောက်ဟာ အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ကြတဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနှစ် သင်္ကြန်ကာလမှာ သင်္ကြန်ကျင်းပမှုတွေကို ရှောင်ရှားပြီး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်တဲ့ စစ်တပ်အာဏာသိမ်းပိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၇၂၈ ဦးလည်း သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။



