သက်ကြီးစင်တာမှာ အလုပ်လုပ်သူတွေ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်

နိုင်ငံတော် ဝန်ကြီးများအဖွဲ့က သက်ကြီးစင်တာမှာ အလုပ်လုပ်တဲ့ အမှုထမ်းတွေကို မဖြစ်မနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခိုင်းတာမျိုး လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။

Prime Minister Scott Morrison earlier in June.

Prime Minister Scott Morrison wishes Muslism Eid Mubarak Source: AAP

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ဝန်ကြီးတွေက သက်ကြီးစင်တာမှာ အလုပ်လုပ်သူနဲ့ ကျန်းမာရေးအရာရှိတွေ မဖြစ်မနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအောင် လုပ်ဆောင်ဖို့ ဒီကနေ့မှာ သဘောတူကြတာ ဖြစ်ပါတယ်။

အခုလောလောဆယ် သြစတြေးလျနိုင်ငံ တလွှားမှာ ကူးစက်မှုနှုန်း မြန်ဆန်တဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်ပွားနေတဲ့အတွက် အဲဒါကို ထိန်းသိမ်းဖို့ ကြိုးစားနေချိန်မှာပဲ ဝန်ကြီးများအဖွဲ့က အဲဒီလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောဂါနဲ့ပတ်သက်လာရင် ခံနိုင်ရေ မရှိဆုံးသော လူထဲမှာ ပါဝင်တဲ့ သက်ကြီးတွေကို ကာကွယ်ဖို့ အမှုထမ်းတွေကို မဖြစ်မနေ ကာကွယ်ဆေး ထိုးခိုင်းတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဝန်ကြီးချုပ် Scott Morrison က ဒီကိစ္စကို အစိုးရက ပေါ့သေးသေးကိစ္စလို့ သဘောမထားပဲ ကျန်းမာရေးအကြံပြုချက်တွေအရ အကြိမ်ကြိမ် စဉ်းစားပြီးမှ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့သေဆုံးရသူ အယောက်ပေါင်း ၉ ၁၀ ထဲမှာ သက်ကြီးစင်တာကလူ ၆၈၅ ဦး ပါဝင်တာ ဖြစ်ပါတယ်။

စက်တင်ဘာလ မကုန်ခင် သက်ကြီးစင်တာက အမှုထမ်းအားလုံးကို ကာကွယ်ဆေး အပြီးထိုးပေးဖို့ ရည်ရွယ်နေတာဖြစ်ပြီး ပြည်နယ်နဲ့ ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဒေါ်လာ ၁၁ သန်းတန် ကူညီပံ့ပိုးမှုချမှတ်ပေး

သက်ကြီးစင်တာက အမှုထမ်းတွေကို မဖြစ်မနေ ဆေးထိုးရမယ်လို့ သတ်မှတ်တဲ့အခါ တချို့လူတွေ အလုပ်ထွက်တာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် အဲဒီလို နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ် ဖြေရှင်းနိုင်ဖို့ သက်ကြီးစင်တာတွေကို ကာကွယ်ဆေး ထိုးတဲ့အခါ ပိုက်ဆံပေးတဲ့ ခွင့်ရက်ပေးတာမျိုးတွေ လုပ်နိုင်အောင် ပြည်ထောင်စုအစိုးရက ဒေါ်လာ ၁၁ သန်း ကူပေးမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကြေညာချက်ကို Aged & Community Services Australia အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

အဖွဲ့ရဲ့ အကြီးအကဲ Patricia Sparrow ကာကွယ်ဆေးထိုးတဲ့နှုန်း နည်းနေတာဟာ သက်ကြီး စင်တာမှာ အလုပ်လုပ်တဲ့လူတွေ မထိုးတာကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

အကောင်းဆုံး နည်းလမ်းကတော့ သက်ကြီးစင်တာက အမှုထမ်းတွေ လွယ်ကူစွာ ကာကွယ်ဆေး ထိုးနိုင်အောင် လုပ်ပေးဖို့ ဖြစ်ပြီး လုပ်ငန်းခွင်အထိ ကာကွယ်ဆေး ထိုးပေးတာမျိုး လုပ်ဆောင်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်တော့ အဲဒီ အမှုထမ်းတွေဟာ ကာကွယ်ဆေးကို ဦးစားပေး ထိုးပေးရမယ့် ဦးစားပေးစာရင်း 1A နဲ့ 1B မှာ နှစ်ဦးကတည်းက ရှိနေပေမယ့် အခုအချိန်အထိ ကာကွယ်ရဖို့ စောင့်ဆိုင်းနေကြရဆဲ ဖြစ်ပြီး အဲဒီလို ဖြစ်ရတာဟာ ကျမတို့ရဲ့ အမှားမဟုတ်ဘူးလို့ ပြောပါတယ်။

သက်ကြီးစင်တာမှာ အလုပ်လုပ်သူ တစ်ဦးရဲ့ ပြောပြချက်အရ တချို့လူတွေဟာ ကာကွယ်ဆေးထိုးဖို့အတွက် သင့်တော်တဲ့ အချိန်မရနိုင်တာတွေ၊ ဆေးထိုးလို့ အလုပ်ပျက်ရရင် ငွေကြေးထောက်ပံ့မှု မရတာတွေ၊ တချို့က ဆေးတွေ ပိုမှသာ ထိုးရတာဖြစ်လို့ ဦးစားပေးမခံရတာတွေ တချို့ကလည်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်နေတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

သူတုန်းက ဆိုရင် ဒုတိယတစ်ချောင်း ထိုးပြီးတဲ့အခါ ၆ ရက်လောက် နေထိုင်မကောင်းဖြစ်ခဲ့ပြီး တချို့ လုပ်ဖော်ကိုင်ဖက်တွေက ဖျားလို့ မဖြစ်ဘူးဆိုပြီး မထိုးပဲ နေကြတာ ရှိတယ်လို့ ပြောပါတယ်။

ဝန်ကြီးများအဖွဲ့က ပြည်ပကနေ ပြန်ရောက်လာသူတွေ ကွာရန်တင်း ဝင်အပြီး ၂ ရက်၊ ၃ ရက် အကြာမှာ ရောဂါ ရှိမရှိ နောက်တစ်ခါ စစ်ဆေးမှု ခံယူရမယ်လို့လည်း သတ်မှတ်ဖို့ သဘောတူကြပါတယ်။

ဒါ့အပြင် ကွင်းစလန်း ပြည်နယ်မှာ ဖြစ်သွားတဲ့ ရောဂါ ကူးစက်မှုကို ကြည့်ပြီး ဒီနောက်ပိုင်းကြရင် ရောဂါကူးစက်နိုင်ခြေနည်းတဲ့ လူတွေကို ရောဂါ ကူးစက်နိုင်ခြေများတဲ့ လူတွေနား ထားတာမျိုး မလုပ်ပဲ တခြား တစ်ထပ် ဒါမှမဟုတ် တခြားအဆောင်မှာ ခွဲထားပြီး ကွာရန်တင်းဝင်ခိုင်းတာမျိုး လုပ်ရမယ်လို့ ပါရှိပါတယ်။

ကွာရန်တင်း စင်တာမှာ အလုပ်လုပ်သူတွေနဲ့ လူတွေကို ကွာရန်တင်း စင်တာဆီ ပို့ဆောင်ပေးတဲ့ လူတွေကိုပါ မဖြစ်မနေ ကာကွယ်ဆေး ထိုးခိုင်းဖို့လည်း သတ်မှတ်လိုက်ပါတယ်။

လူတွေ ကာကွယ်ဆေး များများ ထိုးအောင် လုပ်ဆောင်တဲ့အနေနဲ့ အသက် ၆၀ အောက် လူတွေကို AstraZeneca vaccine ကာကွယ်ဆေး ထိုးပေးတဲ့ ဂျီပီ ဆရာဝန်တွေကို အရေးယူတာမျိုး မလုပ်ဖို့လည်း သတ်မှတ်လိုက်ပါတယ်။

လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ လုပ်ကိုင်သူတွေဟာ နိုင်ငံထဲ ဝင်လိုက် ထွက်လိုက် လုပ်နေကြပြီး အဲဒီကနေ ရောဂါကို ကူးစက်ပြန့်နှံ့တာမျိုး ဖြစ်နိုင်တဲ့အတွက် အဲဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို နောက်ရက်တွေမှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခုလောလောဆယ် အကန့်အသတ်နဲ့သာ ရရှိနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင် ဆစ်ဒနီမြို့ကို လော့ခ်ဒေါင်း ချထားရပြီး ဒီကနေ့မှာ ကူးစက်သူ ၁၈ ဦး ထပ်တိုးလာပါတယ်။

တနင်္ဂနွေနေ့ တစ်ရက်တည်းမှာ ကူးစက်သူ ၃၀ ရှိခဲ့တာဖြစ်ပြီး လူပေါင်း ၅၉ ၀၀၀ က ရောဂါ ရှိမရှိ စမ်းသပ်မှု ခံယူခဲ့ကြတာ ဖြစ်ပါတယ်။

ကွင်းစလန်း ပြည်နယ် အရှေ့တောင်ပိုင်းမှာ ကူးစက်သူ ၂ ဦးရှိလာလို့ လော့ခ်ဒေါင်း ချခံရဖို့ အလားအလာ ရှိလာပြီး မိုင်းတွင်းလုပ်သား ၁၆၀ ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူနေကြပါတယ်။

ပြည်နယ်နေရာ အများအပြားမှာ နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဆင်ရမယ်လို့ သတ်မှတ်ထားပြီး နေအိမ်ကို ဧည့်သည် အယောက် ၃၀ သာ လည်ပတ်ခွင့်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ၄ စတုန်းရန်းမီတာမှာ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

South Australia မှာ ရောဂါ ကူးစက်မှု နောက်ထပ် တိုးမလာပေမယ့် လူစုဝေးမှု များတဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်လို နေရာမှာ တင်းကြပ်မှု တချို့ ချမှတ်ပြီး အဲဒီအထဲမှာ နှာခေါင်းစည်း တပ်ဆင်ရမယ့် အချက်လည်း ပါဝင်ပါတယ်။

Western Australia မှာလည်း ဆစ်ဒနီမြို့ကနေ လာတည်တဲ့ လူတစ်ဦးနဲ့ ခဏလေး ထိတွေ့မိရာက အမျိုးသမီးတစ်ဦး ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

Northern Territory ရဲ့ ကူးစက်မှုက သြစတြေးလျ အလယ်ပိုင်းက မိုင်းတွင်းတစ်ခုနဲ့ ဆက်စပ်နေတာဖြစ်ပြီး အခုဆိုရင် ကူးစက်သူ ၇ ဦး ရှိသွားလို့ အနည်းဆုံး သောကြာနေ့အထိ လော့ခ်ဒေါင်း ချမှတ်ထားပါတယ်။

အခုဆိုရင် သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၇.၄ သန်း ရှိပြီလို့ သိရပါတယ်။

 


3 min read

Published

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now