နိုင်ဝင်ဘာလ ၁၂ ရက်အတွက် သတင်းအတိုအထွာများ

ဒီကနေ့ ထိပ်တန်းရောက်နေတဲ့သတင်းက ဩစတြေးလျမှာ ခံနေရတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေမှာ ရုရှားက ပါဝင်မှုရှိရင် ရုရှားသံတမန်တွေကို နှင်ထုတ်တာမျိုး ဖြစ်နိုင်တဲ့အကြောင်း အာဆီယံ အစည်းအဝေးမှာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ် တက်ရောက်ခွင့်မရတဲ့အကြောင်းနဲ့ ရုရှားတပ်တွေ လက်နက်ချဖို့ ယူကရိန်းက ပြောလိုက်တဲ့သတင်းအပြင် တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Burmese Podcast News

SBS မြန်မာပိုင်း အစီအစဉ်ပေါ့ကတ်စ် သတင်းများ။ Source: SBS / SBS Burmese

Medibank cyber တိုက်ခိုက်မှုမှာ ရုရှားအနေနဲ့ မတော်မတရား လုပ်ခဲ့တာမျိုး တွေ့ရရင် ရုရှား သံတမန်တွေကို နှင်ထုတ်တာမျိုး လုပ်နိုင်တယ်လို့ ရှေ့နေချုပ် Mark Dreyfus က ပြောပါတယ်။

ဩစတြေးလျ အစိုးရက ရုရှားသံတမန်ရဲ့ ကိုယ်ရေးတွေကို အနီးကပ် လေ့လာနေပြီး ပြည်နှင်ဒဏ်ပေးတာမျိုးကို စဥ်စားနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဩစတြေးလျအနေနဲ့ နှစ်နိုင်ငံ သံတမန်လမ်းကြောင်း ဆက်လက် ဖွင့်ထားတာမျိုးကို လိုလားပေမယ့် ပြည်ပ သံတမန်တွေရဲ့ လုပ်ဆောင်ချက်ဟာ ဩစတြေးလျရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ အမြဲတမ်း ကိုက်ညီရမယ်လို့ ပြောသွားခဲ့ပါတယ်။

Australian Signals Directorate အဖွဲ့က အမှုထမ်း ၁၀၀ လောက် ဖက်ဒရယ် ရဲနဲ့ ပူးပေါင်းပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

မြန်မာ-အာဆီီယံ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အခြေအနေ တိုးတက်အောင် မဆောင်ရွက်ရင် အာဆီယံ ညီလာခံ အားလုံးကို တက်ရောက်ခွင့် ပိတ်ပင်တာမျိုးလုပ်ဖို့ အာဆီယံအသင်းဝင်တွေက စဥ်းစားနေကြပါတယ်။

အခုလောလောဆယ် မြန်မာ နိုင်ငံရေးကိုယ်စားလှယ်ကို အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

အာဆီယံကနေ ချမှတ်တဲ့ ဘုံသဘောတူချက် ၅ ရက်ကို မြန်မာက လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် အချိန်အကန့် အသတ် သတ်မှတ်ပေးတာမျိုး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

လာမယ့်နှစ်ကြရင် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကိ ပိုဆိုးဝါးလာနေပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နေတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိသေးသလို စစ်တပ်ကလည်း လုပ်မယ်ဆိုပြီး ပြောဆိုတာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေက အာဆီယံအပေါ် သက်ရောက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အခုလောလောဆယ် အာဆီယံအသင်းမှာ မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိပေမယ့် အရှေ့တီမောနိုင်ငံကို အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ အာဆီယံထိပ်သီးညီလာခံကနေ ကနဦးဆုံးဖြတ်လိုက်တဲ့အတွက် အသင်းဝင် ၁၁ နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

အရှေ့တီမောဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကတည်းက လျှောက်ထားခဲ့တာဖြစ်ပြီး ဩစတြေးလျက အရှေ့တီမောရဲ့ ကြိုးစားမှုကို ကနဦးထောက်ခံတယ်လို့လည်း ပြောပါတယ်။

ဇိမ်ခံသင်္ဘောပေါ်််မှာ လူ ၈၀၀ ကျော် ကိုဗစ်ကူးစက်

ဆစ်ဒနီမြို့ ဆိပ်ကမ်းမှာ ကမ်းကပ်နေတဲ့ ဇိမ်ခံသင်္ဘောပေါ်ကနေ ဆင်းလာတဲ့ ခရီးသည်တွေ အများပြည်သူသုံး ယာဥ်တွေကို မသုံးကြဖို့ အစိုးရက ညွန်ကြားထားပါတယ်။

Majestic Princess ဇိမ်ခံသင်္ဘောပေါ်က ခရီးသည် အယောက် ၈၀၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံရတာဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံကို ၁၂ ရက်ကြာ လည်ပတ်တဲ့ ခရီးစဥ် တဝက်လောက်မှာပဲ ခရီးသည်အများအပြား ရောဂါကူးစက်ခံကြရတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အချက်အလက်မှန်တွေ မရခဲ့ဘူးလို့ခရီးသည်တစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးက ကောင်းနိုင်သလောက် သိပ်မကောင်းဘူးလို့ ‌ပြောရမှာပါ။ သင်္ဘော အမှုထမ်းတွေ နှာခေါင်းစည်း တပ်ကြတဲ့အချိန်မှ သတိထားမိကြတာပါ။ သူတို့တွေ နှာခေါင်းစည်းတပ်နေကြပြီဆိုတော့ သင်္ဘော‌ပေါ်မှာ တစ်ခုခု ဖြစ်နေလောက်ပြီလို့ ယူဆမိပါတယ်။ ကျမနဲ့ ကျမ ညီမကတော့ အစကတည်းက နှာခေါင်းစည်းတွေ တပ်ဆင်ကြပါတယ်။ ဆက်သွယ်ရေးက ဒီထက် ပိုကောင်းသင့်ပါတယ် ဒါပေမဲ့ အဲဒါကလွဲရင် တခြားပြောစရာ မရှိဘူးလို့ ပြောပြခဲ့ပါတယ်။

ရုရှားစစ်သားတွေ လက်နက်ချဖို့ ယူကရိန်းဆို

ယူကရိန်းသမ္မက Kherson ဒေသမှာ ကျန်နေရစ်တဲ့ ရုရှားစစ်သားတွေ လက်နက်ချဖို့ ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ အဲဒီဒေသမှာ ရောက်နေတဲ့ စစ်သားအယောက် ၃၀၀၀၀ ကို ပြန်ဆုတ်ခိုင်းနေတာဖြစ်ပြီး ယူကရိန်းနိုင်ငံသားတွေက အဲဒီဒေသမှာ အောင်ပွဲခံနေကြပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ကတော့ ဟာဆန် မြို့မှာ ကျန်ခဲ့တဲ့ ရုရှား စစ်သားတွေ လက်နက်ချဖို့ ပြောဆိုလိုက်ပါတယ်?

ကျနော့်အနေနဲ့ ဟာဆန်မြို့နဲ့ တောင်ပိုင်းခြမ်းက မြို့တွေမှာ ချန်ထားခံရတဲ့ ရုရှားစစ်သားတွေ၊ ကြေးစားစစ်သားတွေနဲ့ ရုရှားနဲ့ ပူးပေါင်းတဲ့လူတွေအတွက် အထူးကြေညာချက်တစ်ရပ် ပြုလုပ်ချင်ပါတယ်။ ခင်ဗျားတို့ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ယူကရိန်းဆီကို လက်နက်ချအညံ့ခံဖို့ပဲ ရှိပါတယ်။ ခင်ဗျားတို့ကို ဥပဒေအတိုင်း နိုင်ငံတကာ စည်းမျဥ်းတွေနဲ့အညီ ဆက်ဆံသွားမှာ ဖြစ်တယ်ဆိုတာကိုလည်း ကတိပေးနိုင်တယ်လို့ ပြောပါတယ်။

ရေကြီးတဲ့ ဒေသကို ရဟတ်ယာဥ်််နဲ့ ရိက္ခာပို့

နယူးဆောက်သ်ဝေးလ်ပြည်နည်က အရေးပေါ်ဌာနက ပြည်နယ်အနောက်ပိုင်းမှာ ရေကြီးမှုဒဏ် ခံနေရတဲ့ လူတွေအတွက် လေယာဥ်တွေအသုံးပြုပြီး အစားအသောက်တွေကို ချပေးခဲ့ပါတယ်။

အဲဒီဒေသမှာ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်သွားတာ သတင်းပတ်နဲ့ချီ ကြလာတာဖြစ်လို့ ရဟတ်ယာဥ်တွေကို အသုံးပြုပြီး အနီးဆုံးနေရာမှာ အစားအသောက်တွေကို ချပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် ကားသွားလို့ရသေးရင် ကားနဲ့ ဒါမှမဟုတ် လှေတွေနဲ့ လိုအပ်တဲ့နေရာဆီ ပို့ဆောင်နေကြပါတယ်။

ရေက ဆက်လက်ကြီးမယ့်အနေအထားရှိတဲ့အတွက် ရေဘေဒဏ်သင့်သူတွေ အစားအသောက်၊ ဆေးဝါးနဲ့ စာတွေ လက်ခံရရှိကြဖို့ လုပ်ဆောင်ပေးနေပါတယ်။

မဲလ်ဘုန်းရေက ဩစီမှာ အသန့့််ဆုံး

Melbourne မြို့က သောက်ရေတွေဟာ ဩစတြေးလျနိုင်ငံမှာ အသန့်စင်ဆုံးနဲ့ အသန့်ရှင်းဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

Melbourne မြို့က Cresswell ရေသန့်စင်ရေးစက်ရုံက အရသာအကောင်းဆုံးရေ Best Tasting Tap Water ဆု ရရှိသွားပါတယ်။ အဲဒီလို ပြိုင်ပွဲကို New South Wales ပြည်နယ် Casino မြို့မှာ ကျင်းပတာ ဖြစ်ပြီး ဒိုင်လူကြီးတွေက သူတို့ရှေ့မှာ ဘာမှ ရေးမထားတဲ့ ရေတွေကို သောက်ပြီး အကဲဖြတ် အမှတ်ပေးတာ ဖြစ်ပါတယ်။ ရေတွေရဲ့ အရောင်အနေအထား ရေကြည်လင်မှု၊ အနံ့နဲ့ အရသာတွေကို အကဲဖြတ်တာ ဖြစ်ပါတယ်။

Matildas ဆွီဒင်ကို အနိုင်ရ

အားကစား သတင်းမှာတော့ ဩစတြေးလျနိုင်ငံရဲ့ အမျိုးသမီး ဘောလုံးအသင်းဖြစ်တဲ့ Matildas ဟာ မဲလ်ဘုန်းမြို့မှာ ကန်တဲ့ပွဲအတွင်း ဆွီဒင်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

၁၉၉၇ ခုနှစ်နောက်ပိုင်း ဩစတြေးလျ အမျိုးသမီးဘောလုံးအသင်းအနေနဲ့ ဆွီဒင်ကို ပထမဆုံးအကြိမ် အနိုင်ရရှိခြင်း ဖြစ်ပါတယ်။


3 min read

Published

Updated

Presented by Mu Laing Thein

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now