အသက် ၅၀ အရွယ်အမျိုးသမီးတဦး ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက်သေဆုံးသွားကြောင်း နယူးဆော့သ်ဝေး ကျန်းမာရေးဌာနကဒီကနေ့ တနင်္လာနေ့ မွန်းလွဲပိုင်းမှာပဲ အတည်ပြုခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာနေထိုင်သူဖြစ်ပြီး ကိုဗစ် -၁၉ ရှိသူနဲ့ အနီးကပ်နေသူတဦးဖြစ်ပါတယ်။
အခုဆိုရင် သူမအပါအဝင် နယူးဆော့သ်ဝေးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ ၆၁ ဦးရှိသွားပြီးဖြစ်ဖြစ်ပါတယ်။ အခုနောက်ဆုံးအကြိမ်ထပ်မံဖြစ်ပွားတဲ့ ရောဂါကူးစက်မှုအတွင်းမှာဆိုရင်တော့ သူမဟာ ၅ယောက်မြောက်သေဆုံးသူဖြစ်ပါတယ်။
ဒီကနေ့မှာဖော်ပြတဲ့ ရောဂါကူးစက်ခံရသူစာရင်းတွေထဲက ၆၁ဦးဟာ ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုရှိကြသူတွေဖြစ်ပြီး ၄၃ဦးကတော့ အိမ်ထောင်စုအတွင်း နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ၁၈ဦးကတော့ ရောဂါရှိသူနဲ့ နီးကပ်စွာနေခဲ့ရသူတွေဖြစ်ပြီး ကျန် ၃၇ဦးကတော့ ရောဂါကူးစက်ခံရတဲ့ ဇစ်မြစ်နေရာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
အခုရောဂါကူးစက်ခံရသူအသစ်တွေထဲက သုံးပုံနှစ်ပုံဟာ ဆစ်ဒနီအနောက်ထောင်ဘက်ခြမ်းမှာနေထိုင်သူတွေဖြစ်ကြတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါရှိသူတွေအနက် လက်ရှိဆေးရုံတင်ထားရသူ ၈၂ ဦးရှိပြီး ၂၄ ဦးကတော့ အနီးကပ်စောင့်ကြည့်ရတဲ့ intensive care မှာထားရှိပြီး ကျန် ၇ဦးကတော့ အသက်ရှူစက်တပ်ဆင်ထားရပါတယ်။
တဆက်တည်းမှာပဲ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆ဦး တိုးလာပါတယ်။

လက်ရှိပြည်နယ်တခုလုံး ၅ရက်တာပိတ်ချမှုဟာ မနက်ဖြန် ဇူလိုင်လ ၂၀ရက် အင်္ဂါနေ့မှာ ပြီးဆုံးမှာဖြစ်ပေမယ့် ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews ကတော့ ပိတ်ချမှုသက်တမ်းထပ်မံတိုးဖို့အလားအလာရှိတယ်လို့ပြောပါတယ်။

