ဟိုတယ်ကွာရန်တင်းကနေတဆင့် လူမှုအသိုင်းအဝိုင်းထဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပေါ်ပြီးနောက် အခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ ၃ ရက်ကြာ လော့ခ်ဒေါင်းချမှတ်ခဲ့တာဖြစ်ပြီး ဒီတနင်္လာနေ့ ညသန်းခေါင်မှာ ပြီးဆုံးဖို့ရှိပေမယ့် အခုအခါမှာတော့ ရက်တိုးဖို့ ရှိနေပါတယ်။
ရက်တိုးမှုတွေ ရှိပေမယ့် ဘယ်လို ဘယ်ပုံမျိုးနဲ့ လုပ်ဆောင်မလဲ ဆိုတာကိုတော့ တနင်္လာနေ့မနက်ကြမှပဲ သိရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူသူ ၁၂ ၀၀၀ ရှိခဲ့ပြီး အဲဒီရဲ့ ရလဒ်တွေကလည်း ဒီကနေ့ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
ကူးစက်မှု အသစ်တွေ ထပ်ရှိရင် ဒီထက်မက တင်းကြပ်မှုတွေ ချမှတ်နိုင်ပြီး အခြေအနေအပေါ် မူတည်ပြီး ဘာတွေ ဖြစ်မလဲ ဆိုတာ ခန့်မှန်းလို့ မရတဲ့အကြောင်း၊ တင်းကြပ်မှု တချို့တော့ ဆက်လက် ချမှတ်ထားဖို့ ရှိတယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ ရလဒ်အရ ဟိုတယ်မှာ ကွာရန်တင်းဝင်တဲ့ ပြည်ပကနေ ပြန်ရောက်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ရှိကြောင်း ပြသထားပါတယ်။
ဒါပေမဲ့ ပတ်သ်မြို့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ထပ်မံ ကူးစက်ခံရသူ မရှိလို့ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။
မြို့နေ လူ ၂ ဦး ရောဂါ ကူးစက်ခံရတာကို နောက်ခံလိုက်ရင်းတဲ့ Mercure ဟိုတယ်မှာ ကွာရန်တင်းဝင်တဲ့ လူတွေနဲ့ ဆက်စပ်မှု ရှိတာကို တွေ့ရပြီးတဲ့နောက် အစိုးရက ၃ ရက်ကြာ လော့ခ်ဒေါင်း ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရောဂါရှိသူတွေ သွားလာခဲ့တဲ့ နေရာကို အာဏာပိုင်တွေက ခြေရာခံပြီး ထိတွေ့မှု ရှိခဲ့တယ်လို့ ယူဆရတဲ့ လူတွေကို စစ်ဆေးမှုလုပ်ဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ကြပါတယ်။
စနေနေ့တုန်းက အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးမှာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အဲဒီလူဟာ ရောဂါ ရှိသူ တခြား နှစ်ယောက်နဲ့ အတူတူ စားသောက်ဆိုင်မှာ ထိုင်စားခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ အိမ်သားတွေမှာ ရောဂါ ကူးစက်မှု မရှိဘူးဆိုတာကို သိရပြီး ရောဂါ ထိတွေ့မှု ရှိတဲ့ နေရာတွေကိုလည်း အာဏာပိုင်တွေက တိုးချဲ့ ချမှတ်ထားလိုက်ပြီး အဲဒီအထဲမှာ ကလေးထိန်းကျောင်းတစ်ခုလည်း ပါဝင်ပါတယ်။
Western Australia ပြည်နယ် ဝန်ကြီးချုပ်က သြစတြေးလျနိုင်ငံထဲ ဝင်လာသူတွေကို ဟိုတယ်မှာ ကွာရန်တင်း ဝင်ခိုင်းမယ့်အစား ခရစ္စမတ်ကျွန်းမှာ ကွာရန်တင်းဝင်ခိုင်းဖို့နဲ့ ဒီကိစ္စတွေကို ကိုင်တွယ်ရာမှာ ပြည်နယ်တွေရဲ့ တာဝန်မဟုတ်ပဲ ဖက်ဒရယ်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီလို ပြောဆိုချက်ကို ဖက်ဒရယ်အစိုးရက ငြင်းဆိုထားပြီး ကာကွယ်ရေးဝန်ကြီး Peter Dutton ကတော့ ခရစ္စမတ်ကျွန်းမှာ ကွာရန်တင်းဝင်ဖို့ အဆင်ပြေလောက်တဲ့ အနေအထားမရှိတဲ့အကြောင်း ဒါ့အပြင် ဟိုတယ်ကွာရန်တင်း ကိစ္စကို ပြည်နယ်တွေက အစကတည်းက သဘောတူထားပြီးသား ဖြစ်တယ်ဆိုပြီး တုန့်ပြန်ပြောဆိုထားပါတယ်။

