မိမိဖာသာ ရောဂါစစ်ဆေးတဲ့ rapid antigen test လုပ်လို့ positive ပြတဲ့အခါ ဘာဆက်လုပ်ရမလဲ

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များပြားနေဆဲဖြစ်ပြီး ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးဟာလည်း PCR နည်းနဲ့ COVID-19 ရောဂါ ရှိမရှိ စစ်ဆေးတဲ့နည်းကနေ တဖြေးဖြေး ဆုတ်ခွာပြီး နေအိမ်မှာပဲ မိမိဖာသာ စစ်ဆေးနိုင်မယ့် rapid antigen test နည်းလမ်းကို ရွေးချယ်လာနေကြပါတယ်။

A woman with a positive rapid antigen test

Source: SBS

အရင်တုန်းက rapid antigen test (RAT) မှာ positive ပေါ်ရင် PCR စမ်းသပ်မှုလုပ်ဖို့ သတ်မှတ်ထားပေမယ့် အခုဆိုရင် RAT ရဲ့ အဖြေရတဲ့အခါ PCR test လုပ်စရာ မလိုဘူးလို့ ပြောင်းလဲ သတ်မှတ်ထားပါတယ်။

ပြည်နယ်တချို့မှာ ကိုယ့်ရဲ့ RAT မှာ positive ပြသရင် အာဏာပိုင်တွေကို အကြောင်းကြားရမယ်လို့ ညွန်ကြားထားပါတယ်။ အဲဒါမှသာလျှင် လူဘယ်လောက် ကူးစက်ခံရသလဲဆိုတာကို သိနိုင်မယ်လို့ ဆိုပါတယ်။

ရောဂါရှိကြောင်း အသိပေးအကြောင်းကြားမှသာလျှင် လိုအပ်တဲ့ ပံ့ပိုးကူးညီမှုတွေကို ရရှိနိုင်မှာဖြစ်ပြီး ဥပမာ အောက်ဆီဂျင်ကို တိုင်းတာတဲ့ အောက်ဆီမီတာစက်တွေနဲ့ ငွေရေးကြေးရေး အကူအညီတို့ ဖြစ်ပါတယ်။

အခုလောလောဆယ် ဗစ်တိုးရီးယားနဲ့ နယူးဆောက်သ်ဝေးလ်လို တချို့ပြည်နယ်မှာသာ RAT ရဲ့ အဖြေကို တရားဝင်ရလာဒ်လို့ သတ်မှတ်ထားပေမယ့် မကြာခင်မှာ တခြားပြည်နယ်နဲ့ ဒေသတွေလည်း အလားတူ လုပ်ဆောင်လာနိုင်ပါတယ်။

ဇန်နဝါရီလ ၁၂ နေ့အခြေအနေအရ ပြည်နယ်အလိုက် သတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Victoria

Victoria ပြည်နယ်မှာ RAT ရလာဒ်ကို PCR ရလာဒ်နဲ့ အတူတူပဲလို့ မှတ်ယူပါတယ်။

ဇန်နဝါရီလ ၇ ရက်ကစပြီး RAT positive ပြသသူကို ကိုဗစ်-၁၉ ရောဂါရှိနိုင်သူလို့ သတ်မှတ်ပြီး ၇ ရက်ကြာ နေအိမ်မှာပဲ နေရမှာဖြစ်ပြီး မိမိနဲ့ နီးစပ်သူတွေကို ရောဂါရှိနေတာ ဖြစ်နိုင်တဲ့အကြောင်း ပြောပြရမှာဖြစ်ပါတယ်။

PCR ရလာဒ် ရရှိသူတစ်ဦးရဲ့ ခံစားချက်အတိုင်း၊ လုပ်ဆောင်ရမယ့် တာဝန်အတိုင်း အတူတူပဲ ဖြစ်ပါတယ်။

RAT မှာ ရောဂါရှိကြောင်း ပြသရင် အာဏာပိုင်တွေကို အကြောင်းကြားရမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ (၁၈၀၀ ၆၇၅ ၃၉ ၈) ကို ဖုန်းဆက်နိုင်သလို ဗစ်တိုးရီးယားပြည်နယ် အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် reporting page ကိုသွားပြီး အွန်းလိုင်းပေါ်ကနေ ဖောင်ဖြည့်ပြီး အသိပေးတာလည်း လုပ်နိုင်ပါတယ်။

Tasmania

Tasmania အစိုးရကလည်း RAT ရလာဒ်ကို PCR ရလာဒ်လိုပဲ မှတ်ယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရောဂါရှိကြောင်း positive ပြသရင် အဲဒီရလာဒ်ကို အာဏာပိုင်တွေကို အသိပေးရမှာဖြစ်ပါတယ်။ အဲဒါမှသာလျှင် လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ ငွေရေးကြေးရေး ထောက်ပံ့မှုတွေကို ရရှိမှာ ဖြစ်ပါတယ်။

RAT မှာ positive ပြရင် အစိုးရရဲ့ အွန်လိုင်းဖောင်ကနေတဆင့် အသိပေးနိုင်သလို Public Health ဖုန်းနံပတ်ဖြစ်တဲ့ (၁၈၀၀ ၆၇၁ ၇၃၈) ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

RAT စစ်ဆေးမှု မလုပ်နိုင်တဲ့ လူတွေအတွက် ဥပမာ မသုံးတတ်တဲ့လူတွေ၊ PCR test လုပ်မှ ရမယ့်လူတွေအတွက် PCR စစ်ဆေးမှု ဆက်လက်ထားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

NSW

NSW မှာလည်း RAT ရလာဒ်ကို PCR ရလာဒ်လိုပဲ မှတ်ယူပြီး positive ဖြစ်ရင် မဖြစ်မနေ အသိပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရောဂါရှိကြောင်း ပြသနေတာကို အကြောင်းကြားဖို့ ပျက်ကွက်ရင် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၁၀၀၀ ချမှတ်ခ့ရနိုင်ပြီး ဇန်နဝါရီလ ၁၉ ရက်မှာ အဲဒီသတ်မှတ်ချက် စတင် အကြုံးဝင်မယ်လို့ ပြောပါတယ်။

NSW မှာ နေထိုင်သူတွေအနေနဲ့ မိမိဖာသာ ရောဂါစစ်ဆေးလို့ positive ပြသရင် RAT ရလာဒ်ကို အစိုးရ ရဲ့ ဝဘ်ဆိုက်ကိုသွားပြီး အွန်လိုင်းဖောင်ဖြည့်စွက်နိုင်သလို Public Health ဖုန်းဖြစ်တဲ့ (၁၃၀၀ ၀၆၆ ၀၅၅) ကိုလည်း ဖုန်းဆက်နိုင်ပါတယ်။

 

Queensland

ဇန်နဝါရီလ ၉ ရက်ကစပြီး Queensland ပြည်နယ်မှာ RAT ရလာဒ်ကို အသိပေးဖို့ ညွန်ကြားထားပါတယ်။

မိမိဖာသာ စစ်ဆေးလို့ positive အဖြေထွက်တာနဲ့ အိမ်ထဲမှာပဲ ၇ ရက်ကြာ နေထိုင်ရမယ်လို့ ပြောပါတယ်။

အချက်အလက် ပိုမိုသိဖို့အတွက် ကွင်းစလန်းအစိုးရရဲ့ First Steps If You Have COVID-19 page မှာ သွားရောက်လေ့လာနိုင်ပါတယ်။

ရောဂါရှိတယ်လို့ RAT စစ်ဆေးမှုက ပြသတာကို အကြောင်းကြားဖို့အတွက် အစိုးရရဲ့ Rapid Antigen Test Registration page မှာ သွားရောက်ပြီး အကြောင်းကြားနိုင်သလို ၁၃၄ ၂၆၈ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

 

ACT

ACT မှာလည်း RAT ရလာဒ်မှာ ရောဂါရှိတယ်လို့ ပြသရင် PCR test ထပ်လုပ်စရာ မလိုဘူးလို့ သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မိမိဖာသာ ရောဂါရှိမရှိ စစ်ဆေးလို့ ရောဂါရှိကြောင်း ပြသနေတာကို အာဏာပိုင်တွေကို အကြောင်းကြားမယ်ဆိုရင် covid19.act.gov.au/RAT-positive ကို သွားပြီး အသိပေးနိုင်ပါတယ်။

 

South Australia

South Australia Health ဝဘ်ဆိုက်ရဲ့ အဆိုအရ RAT စစ်ဆေးမှုမှာ positive ပြသတာနဲ့ RAT PCR စစ်ဆေးမှု ချက်ခြင်း ခံယူဖို့ ညွန်ကြားထားပါတယ်။ RAT စမ်းသပ်မှု လုပ်တဲ့အခါမှာလည်း Rapid Antigen Test Reporting Form ဆိုတဲ့ အွန်လိုင်းဖောင်ကို အသုံးပြုဖို့ ပါရှိပါတယ်။

 

Northern Territory

Northern Territory မှာလည်း RAT စစ်ဆေးမှု လုပ်တဲ့အခါ အသိပေးဖို့ ညွန်ကြားထားပါတယ်။

Positive ပြတာနဲ့ နေအိမ်မှာပဲ နေရမှာဖြစ်ပြီး RAT declaration form ကို ဖြည့်စွက်ရမှာဖြစ်သလို မိမိမှာ ရောဂါရှိကြောင်း မိမိနဲ့ ထိတွေ့ဖူးသူတွေကို အကြောင်းကြားပြီး ရောဂါရှိတဲ့အကြောင်းကိုလည်း COVID CareNT program မှာ မှတ်ပုံတင်ပြီး PCR စစ်ဆေးမှု ခံယူဖို့ ရက်ချိန်းယူရမယ်လို့ ညွန်ကြားထားပါတယ်။

Western Australia

Western Australia ပြည်နယ်မှာတော့ ဇန်နဝါရီလ ၅ ရက်တုန်းကပဲ မိမိဖာသာ ရောဂါရှိမရှိ စစ်ဆေးတဲ့ RAT ကို ပိတ်ပင်မှု မလုပ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ဘယ်လို အနေအထားမှာ အသုံးပြုနိုင်တယ်၊ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတဲ့ လမ်းညွန်ချက်တွေကို ဖော်ပြထားခြင်းမရှိသေးပါဘူး။ WA ပြည်နယ်နဲ့ သက်ဆိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို ပြည်နယ်အစိုးရရဲ့ coronavirus page မှာ လေ့လာနိုင်ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ရှိပြီဆိုရင် ဘာလုပ်ရမလဲ

ရောဂါ အခံရှိသူတွေ ဥပမာ ကာကွယ်ဆေး မထိုးထားတဲ့လူနဲ့ အဝလွန်ခြင်း၊ ကိုယ်ဝန်သည်၊ အသက် ၆၅ နှစ်ကျော်သူ စတဲ့ နာတာရှည် ရောဂါ ခံစားနေရသူတွေ မိမိဖာသာ ရောဂါ စစ်ကြည့်လို့ ရောဂါရှိတာပဲ ဖြစ်ဖြစ် PCR နည်းနဲ့စစ်ဆေးလို့ ရောဂါ ရှိကြောင်း သိရတာပဲ ဖြစ်ဖြစ် မိမိရဲ့ ဂျီပီ ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။

အခြေအနေ ပိုမဆိုးသွားအောင် လုပ်ပေးနိုင်တဲ့ ဆေးဝါးတွေရှိပြီး စောစောစီးစီး သောက်ထားရင် ပိုထိရောက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားနေရရင်တော့ အရေးပေါ် ဖုန်းနံပတ် ၀၀၀ ကို ဖုန်းဆက်ပြီး သင့်မှာ ကိုဗစ်-၁၉ ရောဂါရှိကြောင်း ပြောပြပါတယ်။

လူအများစုကတော့ ရောဂါပြင်းထန်မှုကို မခံစားရပဲ အသေးစား နာစေး၊ ချောင်းဆိုး ရောဂါလက္ခဏာသာ ခံစားရတာဖြစ်လို့ နေအိမ်မှာပဲ သက်သာအောင် နေထိုင်လို့ရနိုင်ပါတယ်။ ရောဂါ အခြေအနေ တအားမဆိုးပဲ အရေးပေါ် ဌာနကို သွားရင် စောင့်ဆိုင်းရချိန်ကြာနိုင်သလို ကျန်းမာရေးဌာနအတွက်လည်း ဝန်တွေ ပိုများမှာ ဖြစ်ပါတယ်

အရေးပေါ် ဖုန်းနံပတ် ၀၀၀ ကို မခေါ်ခင်မှာ သင့်ရဲ့ ဂျီပီဆရာဝန် ဒါမှမဟုတ် Nurse on Call hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၃၀၀ ၆၀ ၆၀ ၂၄ ကိုလည်း ဖုန်းဆက်နိုင်ပါတယ်။အဲဒီ Nurse on Call ဝန်ဆောင်မှုဟာ အခမဲ့ဖြစ်ပြီး သြစတြေးလျံအားလုံးအတွက် ထားပေးထားတာ ဖြစ်ပါတယ်။

With additional reporting by AAP.

 


Share

3 min read

Published

Updated

By Evan Young, Akash Arora, David Aidone

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now