Ritu ဟာ ငါးပြားစေ့တွေကို ခိုးစုဆောင်းပြီး သူ့ကို အနိုင်ကျင့်တဲ့ ယောက်ကျားရဲ့ လက်အောက်ကနေ ထွက်ပြေးခဲ့

သြစတြေးလျနိုင်ငံ ဘဏ္ဏာရေးဝန်ကြီးက အင်္ဂါနေ့မှာပဲ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ဘဏ္ဏာရေးကို ကြေညာခဲ့ပြီး အဲဒီဘတ်ဂျက်မှာ အိမ်တွင်းအကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအတွက် များစွာ ချမှတ်ပေးတဲ့အတွက် အဲဒီအရေးကို ဆောင်ရွက်နေသူတွေက ကျေနပ်နေကြပါတယ်။

Domestic violence victim

Source: Pixabay

Ritu Dhar ဟာ သူ့ကို အမြဲတမ်းအနိုင်ကျင့်တဲ့ သူ့ရဲ့ ခင်ပွန်းလက်ထက်ကနေ ထွက်ပြေးမယ်လို့ ဆုံးဖြတ်တာနဲ့ ၅ ပြားစေ့ (၅ cent) တန်တွေကို စတင်စုဆောင်းခဲ့သူ ဖြစ်ပါတယ်။

အိမ်ထောင်ကျခါစမှာ သြစတြေးလျနိုင်ငံကို ရောက်လာတာဖြစ်ပြီး နိုင်ငံအသစ်ရဲ့အကြောင်းကို ဘာမှမသိခဲ့သူ ဖြစ်ပါတယ်။

ခင်ပွန်းအပေါ် မှီခိုရသလို အမြဲတမ်းနေထိုင်ခွင့် ဗီဇာမရှိပဲ ယာယီဗီဇာနဲ့ နေထိုင်ရတဲ့အပြင် ကားလည်း မမောင်းတတ်၊ ပိုက်ဆံမရှိ၊ အလုပ်အကိုင်မရှိ၊ မိတ်ဆွေသူငယ်ချင်း မရှိ ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ဘဝ တစ်ခုလုံးဟာ ညားခါစခင်ပွန်းကိုသာ မှီခိုအားထားရတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါပေမဲ့ သူမအားကိုးနေတဲ့ သူမရဲ့ ခင်ပွန်းဟာ သူမထင်သလို မဟုတ်ခဲ့ပါဘူး။ သူ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားတာမျိုး မလုပ်ပေမယ့် သူမကို အလွန်အမင်း ထိန်းချုပ်တဲ့ အကြမ်းဖက်နည်းမျိုး ကျင့်သုံးခဲ့သူ ဖြစ်တယ်လို့ Ms Dhar က ပြောပါတယ်။

Ritu Dhar came to Australia on a temporary visa, and originally struggled in the new surroundings.
Ritu Dhar came to Australia on a temporary visa, and originally struggled in the new surroundings. Source: Supplied

၂ နှစ်အကြာမှာ သားလေးမွေးလာတဲ့နောက်ပိုင်း အိမ်ကနေ ထွက်ပြေးမှ ရမယ်ဆိုတာကို သိလာရတယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ထွက်ပြေးမယ်ဆိုတဲ့ စီမံကိန်းတစ်ခုကို ရေးဆွဲလိုက်ပြီး အိမ်မှာ တွေ့သမျှ ငါးပြားစေ့တွေကို စုဆောင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီမှာ ငါးပြားစေ့ရဲ့ တန်ဖိုးကို သိနားလည်လိုက်ပါတယ်။ ၅ ပြားစေ့တွေကို စုပေါင်းလိုက်ရင် တစ်ဒေါ်လာ ရလာပါတယ်။ အဲဒီလိုပဲ ငွေရဲ့ အရေးပါမှုကို သဘောပေါက်သလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်လာတယ်လို့ ပြောပါတယ်။

သူ့သားရဲ့ အနာဂတ် ကောင်းစေချင်လို့ မရူးအောင် နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ငါးပြားစေ့တွေ စုဆောင်းရာကနေ ဒေါ်လာ ၂၀ ရှိတဲ့အခါမှာတော့ သူမဟာ တစ်နှစ်အရွယ် သားနဲ့အတူ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။

၁၆ နှစ်အကြာမှာတော့ Ms Dhar ဟာ ဗစ်တိုးရီးယား ပြည်နယ်မှာ အကူ ဆရာမ တစ်ဦးဖြစ်ပြီး အိမ်ပိုင်၊ ကားပိုင်နဲ့ ဖြစ်နေပါပြီ။

အကယ်၍ သူ့ခေတ်တုန်းက အိမ်တွင်းအကြမ်းဖက်မှုကနေ ရှောင်ပြေးရတဲ့ လူတွေကို အစိုးရကသာ ထောက်ပံ့မှု လုပ်ခဲ့မယ်ဆိုရင် အများကြီး လွယ်ကူမှာပဲလို့ သူက ပြောပါတယ်။

အင်္ဂါနေု့တုန်းက ကြေညာတဲ့ ဘတ်ဂျက်အရ တခြားနိုင်ငံက ရွှေ့ပြောင်းအမျိုးသမီးနဲ့ ဒုက္ခသည် အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုကြုံရရင် ကူညီဖို့ ၃ နှစ်အတွင်း ဒေါ်လာ သန်း ၃၀ ရာထားပေးပါတယ်။

ဒါ့အပြင် ယာယီဗီဇာနဲ့ နေထိုင်ရသူ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ကြုံရရင် ကူညီဖို့ နောက်တပ် ဒေါ်လာ ၁၀ သန်း ချမှတ်ပေးထားပါတယ်။

အဲဒီအစီအစဉ်အရ ဒုက္ခရောက်တဲ့ အမျိုးသမီးအနေနဲ့ အစားအသောက်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရာတွေအတွက် သုံးစွဲဖို့ ဒေါ်လာ ၃၀၀၀ အထိ လျှောက်ထားနိုင်ပါတယ်။

ယာယီဗီဇာနဲ့ နေထိုင်ရတဲ့ အမျိုးသမီးတွေဟာ လိုအပ်တဲ့ လူမှုရေးဝန်ဆောင်မှုတွေ၊ ထောက်ပံ့ကြေးတွေ မရနိုင်တဲ့အတွက် အစိုးရရဲ့ အဆိုအရ အခုချမှတ်ပေးတဲ့ ငွေကြေးတွေက အဲဒါတွေကို ကာမိစေမယ်လို့ ပြောပါတယ်။

အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ခိုကိုးရာမဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ၊ လွန်ခဲ့တဲ့ ၁၆ နှစ်က ကျမအဖြစ်လို ကြုံရတဲ့ အမျိုးသမီးတွေအတွက် အများကြီး အထောက်အကူ ပြုစေမယ်လို့ Ms Dhar က ပြောပါတယ်။

အစိုးရရဲ့ ဘတ်ဂျက်ကို အိမ်တွင်းအကြမ်းဖက်မှုကြုံရသူတွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။

ယာယီဗီဇာနဲ့ နေထိုင်နေတဲ့ အမျိုးသမီး တချို့ကို သူတို့ရဲ့ အိမ်ထောင်ဖက်က တစ်ခုခုဆိုရင် ပြည်နှင်ဒဏ် ခံရမယ်လို့ ခြိမ်းခြောက်တာ ခံရတတ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ သူတို့မှာ ရှိတဲ့ အခွင့်အရေးကို သိထားဖို့လည်း အရေးကြီးတယ်လို့ ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အိမ်တွင်းအကြမး်ဖက်မှု ပိုများလာတဲ့အတွက် အစိုးရရဲ့ ငွေကြေးလျာထားမှုတွေက အင်မတန် သင့်တော်တယ်လို့ inTouch Multicultural Centre Against Family Violence အဖွဲ့ရဲ့ အကြီးအကဲ Michal Morris က ပြောပါတယ်။

တချို့အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှု ခံရပေမယ့် ဗီဇာအနေအထားကြောင့် အကူအညီ မရနိုင်တာမျိုး ကြုံရသလို ကိုဗစ် ကာလအတွင်း မွေးရပ်မြေကို ပြန်ဖို့လည်း မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံကြရတယ်လို့ ပြောပါတယ်။

အကယ်၍ သင်ကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် သင်နဲ့ သိကျွမ်းသူ တစ်ဦးဦး လိင်ပိုင်းဆိုင်ရာ၊ မိသားစု အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု ကြုံရရင် 1800RESPECT ရဲ့ ဖုန်းဖြစ်တဲ့ ၁၈၀၀ ၇၃၇ ၇၃၂ ကို ဖုန်းဆက်နိုင်သလို 1800RESPECT.org.au ဝဘ်ဆိုက်ကို သွားပြီး အကူအညီတောင်းခံနိုင်တဲ့အပြင် အရေးပေါ် အခြေအနေဆိုရင် သုံည သုံးလုံး ၀၀၀ ကိုလည်း ဖုန်းဆက်နိုင်ပါတယ်။


Share

2 min read

Published

By Rashida Yosufzai




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now